ဆောင်းပါး

မြေပြင်ဝေဟင်ဖျက်ဆီးမှုအောက်မှ ဗျူဟာမြောက်ထီးချိုင့်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့သည် စစ်ကောင်စီအတွက်သာမက တော်လှန်ရေးအဖွဲ့များအတွက်ပါ အရေးပါသဖြင့် ထိန်းချုပ်နိုင်ရန် ကြိုးစားကြစဉ် မြို့၏ ၄ ပုံ ၃ ပုံမှာ ပျက်စီးသွားပြီဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင်းတွင် တိုက်ပွဲများဖြစ်တော့မည်ဆိုသည့် သတင်းကြားချိန်တွင် ဦးမင်းနောင်တို့ လင်မယားနှစ်ယောက် မန္တလေးဘက်သို့ စစ်ဘေးရှောင်သည်။ သားနှစ်ယောက်ကတော့ ထီးချိုင့်မြို့မြောက်ဘက် သုံးမိုင်အကွာ ဇီးကုန်းဆိုသည့်ရွာဘက်ဆီ စစ်ဘေးရှောင်ကြသည်။

မြို့တွင်းတိုက်ပွဲဖြစ်ချိန်တွင်တော့ ဦးမင်းနောင် (အမည်လွှဲ) ပိုင်ဆိုင်သည့် စျေးဆိုင်ခန်း ၄ ခန်း ပြာကျခဲ့ရသည်။ နှစ်ထပ်တိုက်နေအိမ်နှင့် ခြံထဲဆောက်ထားသည့် နောက်ထပ်ဆိုင်ခန်း ၂ ခန်းလည်း လေယာဉ်ပေါ်က ကြဲချသည့်ဗုံးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရသည်။

ဇီးကုန်းဆိုသည့်ရွာဘက်ဆီ စစ်ပြေးရသည့်သား ၂ ယောက်အနက် အသက် ၃၄ နှစ်အရွယ် သားငယ်က ၂၀၂၃ ဒီဇင်ဘာ ၂၅ ခရစ္စမတ်နေ့တွင် အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ နောက်လဝက်အကြာတွင် ၃၈ နှစ်အရွယ် သားအကြီးက သွေးတိုးရောဂါဖြင့် ထပ်မံဆုံးပါးသွားပြန်သည်။ အဝေးရောက်နေသည့် မိဘများက သား ၂ ယောက်၏ နောက်ဆုံးခရီးတွင် မျက်နှာပင် မြင်ခွင့်မရခဲ့ကြ။

“ကြာလှ ဆယ်ရက်ပဲဆိုပြီး အဝတ်တောင် များများမထည့်ခဲ့ဘူး…. အိမ်ပြန်ဖို့တော့ မျှော်တော့မျှော်တာပေါ့လေ၊ ဒါပေမဲ့ မျှော်တိုင်းလည်း ဖြစ်လာတာမှ မဟုတ်တာ” ဟု ဦးမင်းနောင်က ဆိုသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ဧရာဝတီမြစ်အနောက်ဘက် ကပ်လျက်တွင်ရှိသည့် ထီးချိုင့်မြို့မှ အရပ်သား ၁၆၀၀၀ ကျော်သည် ဦးမင်းနောင်တို့မိသားစုကဲ့သို့ပင် စစ်ဒဏ်ကို ခံနေကြရသည်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို အမျိုးသားညီညွှတ်ရေးအစိုးရ၏ အမှတ် (၁) စစ်ဒေသက ဦးဆောင်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ရက္ခိုင့်တပ်တော် AA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖများ ပူးပေါင်းပြီး စစ်ဆင်နေခြင်းဖြစ်သည်။

ထီးချိုင့်မြို့အတွင်း မီးလောင်နေသည်ကို နိုဝင်ဘာ ၁၂ က တွေ့ရစဉ်။ (ဓာတ်ပုံ-Tigyaing Revolution)

မဟာဗျူဟာမြောက်မြို့

ထီးချိုင့်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့နှင့် ထိစပ်နေပြီး ကချင်ပြည်န​​ယ် ဝင်ပေါက် ရေလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်းများ အလယ်တည့်တည့်တွင်ရှိသဖြင့် ထိုမြို့ထိမ်းချုပ်နိုင်ရေးသည် စစ်ကောင်စီအတွက်သာမက တော်လှန်ရေးအဖွဲ့များအတွက်လည်း အရေးပါသည်။

ထီးချိုင့်မြို့ အရှေ့ဘက် မဘိမ်းမြို့နယ်မှစတင်ကာ တရုတ်နယ်စပ်ထိအထိ ၁၀၂၇ စစ်ဆင်ရေးဖြင့် မြောက်ပိုင်းမဟာမိတ်ညီနောင်များအဖွဲ့နှင့် KIA က သိမ်းယူထားပြီး ထီးချိုင့်မြို့ အနောက်ဘက် ကောလင်းမြို့ကိုလည်း PDF က သိမ်းယူထားသည်။

တိုက်ပွဲများဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ တည်နေရာပြမြေပုံ။

ထီးချိုင့်မြို့ရရှိပါက ရှမ်းမြောက်ပိုင်းမှ ထောက်ပို့ရေးလမ်းကြောင်းများ စစ်ကိုင်းတိုင်းအတွင်း အတားအဆီးမရှိ ဝင်ရောက်လာနိုင်မည် ဖြစ်သလို လက်နက်ကိုင်ခုခံမှုအားကောင်းရာ အိန္ဒိယနယ်စပ် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ကို ချိတ်ဆက်နိုင်ရေး ပိုမို နီးစပ်လာမည်ဖြစ်သည်။

စစ်ကောင်စီက ထီးချိုင့်မြို့ကို လက်လွှတ်လိုက်လျှင် ကချင်ဒေသရှိ စစ်စခန်းများအတွက် ထောက်ပို့ရေးလမ်းကြောင်းများကို ဖြတ်တောက်ခံရနိုင်သည့် အခြေအနေကြုံတွေ့ လာမည်ဖြစ်သည်။

မြန်မာပြည်အလယ်ပိုင်းမှ ကချင်ပြည်နယ်သို့ ဝင်ရောက်ရန် ဗျူဟာလမ်းမနှစ်ခုနှင့် ရေလမ်းကြောင်းတစ်ခုရှိပြီး ထိုလမ်းကြောင်းအားလုံး ထီးချိုင့်ကို ဖြတ်သန်းသွားလာရသည်။

အဆိုပါလမ်းသုံးကြောင်းမှာ မန္တလေး-ဗန်းမော် ဧရာဝတီမြစ်ကြောင်းလမ်း၊ မြစ်အရှေ့ဘက်ရှိ မန္တလေး-ဗန်းမော်-မြစ်ကြီးနား ဗျူဟာလမ်းနှင့် မြစ်အနောက်ဘက်ရှိရွှေဘို- မြစ်ကြီးနားဗျူဟာလမ်း များဖြစ်ပြီး မျည်းပြိုင်နှစ်ခုကဲ့သို့ တည်ရှိသော ထိုလမ်းနှစ်ခုကို ထီးချိုင့်တံတားက ဆက်သွယ်ထားပေးရာ ထိုနေရာသည် အင်္ဂလိပ်အက္ခရာ H ပုံစံသဖွယ် ရှိနေသည်။  

ရွှေဘို-မြစ်ကြီးနားလမ်းပေါ်မှ ကောလင်းမြို့နှင့် မော်လူးမြို့တို့ကို PDF က သိမ်းယူထားသဖြင့် ထိုလမ်းကို စစ်ကောင်စီအသုံးပြုနိုင်ခြင်းမရှိတော့ပေ။ ထို့ကြောင့် မန္တလေး-ဗန်းမော်-မြစ်ကြီးနားလမ်းကို ကာကွယ်ရန် ထီးချိုင့်မြို့သည် စစ်ကောင်စီအတွက် အရေးကြီးသည့်မြို့ဖြစ်လာသည်။

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့ကို ဆက်သွယ်ထားသည့် ထိုဗျူဟာလမ်းကို မန္တလေး PDF က သပိတ်ကျင်း မြို့နယ်ထဲတွင် တိုက်ခိုက်ဖြတ်တောက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ကို တွေ့ရသည်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲသည် နှစ်ဦးနှစ်ဖက်အတွက် ထောက်ပို့ရေးလမ်းကြောင်း ဖြတ်တောက်နိုင်ရေး အရေးကြီးသည့် တိုက်ပွဲဖြစ်သည်နှင့်အညီ တိုက်ပွဲသည် ထင်ထားသည်ထက် ပြင်းထန်ကြောင်း သိရသည်။

တော်လှန်ရေးအင်အားစု၏ ကြိုတင်ပြင်ဆင်မှု

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ရုတ်ချည်းဖော်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ AA, KIA နှင့် ကချင်အခြေစိုက် KPDF တို့က ၂၀၂၂ နှစ် နှစ်လယ်ပိုင်းမှ စတင်ကာ ထီးချိုင့်နှင့် ကောလင်းအစပ်တွင် တိုက်ပွဲဖော်ဆောင်နေခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးနှင့်အပြိုင် အောက်တိုဘာလကုန်ပိုင်းတွင် ထီးချိုင့်မြို့နယ်အတွင်း တိုက်ပွဲများ စတင်ပြင်းထန်ခဲ့သည်။

AA တပ်စွဲထားသည့်ဟု ယူဆရသည့် ထီးချိုင့်နှင့် ကောလင်း နယ်စပ်ရှိ မော်ကွန်းတောင်ကို စစ်ကောင်စီက သုံးရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ AA တပ်ဖွဲ့ဝင် ဆယ်ယောက်ထက်မနည်း သေဆုံးခဲ့သည်။

ထို့နောက် တော်လှန်ရေးအင်အားစုများက ထီးချိုင့်မြို့ဘေးရှိ ခရိုင်မြို့ ကောလင်းကို သိမ်းယူခဲ့အပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၈ ရက်နေ့တွင် ထီးချိုင့်မြို့ကို စတင်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃ နိုဝင်ဘာ ၂၄ ရက်က မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ထီးချိုင့်မြို့ စံပြရပ်ကွက်ရှိ နေအိမ်များ။ (ဓာတ်ပုံ – Tigyaing Revolution)

“အိမ်ရှေ့တွေရော၊ အိမ်နောက်တွေရော ပစ်သံတွေကြားရတာ၊ တစ်မြို့လုံးအနှံ့ကို ကြားရတာ … ခုတင်အောက်ကို ပြေးဝင်ပြီးဝပ်နေရတာ၊ လေယာဉ်သံတွေရော ဆူညံလို့၊ မိုးချုပ်တဲ့ထိ ဝပ်နေရတာ” ဟု ထီးချိုင့်မြို့ခံ မဇင်မာ (အမည်လွှဲ) က ထိုနေ့က အဖြစ်အပျက်ကို ပြန်ပြောသည်။

နောက်တစ်ရက်မိုးလင်းချိန်တွင် သေနတ်သံများတိတ်ဆိတ်သွားချိန်တွင် မြို့ခံအားလုံးနီးပါး မြို့မှ ထွက်ပြေးခဲ့ကြသည်။

ထိုနေ့က မြို့ထဲတွင် ကာကွယ်ရေးပူးပေါင်းတပ်များက နေရာယူထားပြီး ထီးချိုင့်တံတားနှင့် တစ်ဖက်ကမ်းရှိ မြတောင်ရွာထဲတွင် စစ်သားများက တပ်စွဲထားသည်ကို တွေ့ခဲ့ရသည်ဟု မဇင်မာက ဆိုသည်။

လေးရက်တိုက်ပွဲ

တော်လှန်ရေးတပ်ပေါင်းစု ထီးချိုင့်မြို့ကို စတင်တိုက်ခိုက်သည့် နိုဝင်ဘာ ၈ ရက်နေ့တွင် စစ်သားများ တပ်စွဲထားသည့် ထွေအုပ်ရုံး၊ စာသင်ကျောင်းများကို စီးနင်းသိမ်းယူသဖြင့် စစ်ကောင်စီတပ်သားများက မြို့အရှေ့ဘက်ခြမ်း မြသိန်းတန်တောင်ရှိ တပ်စခန်းနှင့် အနီးရှိရဲစခန်းကို သွားရောက် ပူးပေါင်းပြီး ခုခံကြသည်။

ထိုနေ့က ညနေ ၄နာရီတွင် တိုက်လေယာဉ်သုံးစီး၊ ၅ နာရီခွဲ့ခန့်တွင် လေယာဉ်နှစ်စီး ရောက်လာပြီး ကာကွယ်ရေးအဖွဲ့ဝင်များ တပ်စွဲထား နိုင်သည့်နေရာများကို ဗုံးကြဲပြီး တုံ့ပြန်ခဲ့သည်။

သိမ်းရန်ကျန်နေသည့် ရဲစခန်းနှင့် တပ်စခန်းသည် တောတောင်ထူထပ်သည့် မြသိန်းတန် တောင်ကြောပေါ်တွင် ရှိပြီး တောင်၏အရှေ့ဘက်တွင် ဧရာဝတီမြစ်ရှိသဖြင့် သဘာဝအရံအတားသဖွယ် ဖြစ်နေသည်။

အဆိုပါစခန်းကုန်းနှစ်ခုရရှိရေးအတွက် မဟာမိတ်တပ်ပေါင်းစုက ၄ ရက်ကြာ ရေကုန်ရေခန်းတိုက်ခိုက်ခဲ့ကြောင်း တိုက်ပွဲတွင်း ပါဝင်သည့် တော်လှန်ရေးသမားတို့က ဆိုသည်။

“လေယာဉ်က တောက်လျှောက်ပစ်ချတယ်၊ ၁၂၀ နဲ့ တောက်လျှောက်ပစ်တယ်။ အပေါ်ကနေ လက်ပစ်ဗုံးနဲ့ ပစ်တယ်ဗျာ​။ ကပ်ကပ်လေးတွေ။ ကိုယ်တွေလည်း ခြံစည်းရိုးနဲ့ ကပ်ကပ်လေးတွေ ဖြစ်နေပြီ၊ လုံးဝ မဝင်သာလို့သာ လူကြီးပိုင်းက စဉ်းစားပြီး ဆုတ်ခိုင်းတာ” ဟု ပြောရေးဆိုခွင့်ရှိသူ မဟုတ်သဖြင့် အမည်မဖော်လိုသည့် တော်လှန်ရေးသမားတစ်ဦးက ဆိုသည်။

ထိုရက်များအတွင်း ရန်သူ့စခန်းကို သုံးကြိမ်တိုင်တိုင် ကျားထိုးတက်ခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှုများကြောင့် မအောင်မြင်သဖြင့် မဟာမိတ်တပ်များသည် နိုဝင်ဘာ ၁၂ ရက်နေ့တွင် မြို့ပြင်ရပ်ကွက်များသို့ ပြန်ဆုတ်ခဲ့သည်။

ထိုအတောအတွင်း စစ်ကောင်စီကလည်း လေကြောင်းမှ လူအင်အားနှင့် လက်နက်အင်အားများ ဖြည့်တင်းခဲ့ပြီး ထီးချိုင့်မြို့ကို ထိန်းချုပ်ထားနိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

တိုက်ပွဲလျော့ကျသွားသော်လည်း လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်သွားခြင်းမရှိပေ။ ကာကွယ်ရေးအဖွဲ့ဝင်များ ဆုတ်သွားသည်ဟု ယူဆရသည့် ထီးချိုင့်မြို့နှင့်ပတ်ဝန်းကျင် ကျေးရွာများကို နေ့စဉ်ဗုံးကြဲခဲ့သည်။

ထိုလေးရက်တိုက်ပွဲအတွင်း မြို့တွင်းပိတ်မိသူများထဲမှ သေဆုံးသူ ၂၀ ကျော်ကြောင်း တော်လှန်ရေးအင်အားစု၏ မှတ်တမ်းများအရ သိရသည်။ နိုဝင်ဘာ ၁၃ နှင့် ၁၄ ရက်တွင် မြို့နှင့် ဆယ်မိုင်အကွာရှိ အင်းတိန်နှင့် ကိုးတဲရွာကို ဗုံးကြဲခဲ့ရာ ပြည်သူ ၁၂ ဦး၊ PDF၂ ဦး သေဆုံးခဲ့သည်။

ထီးချိုင့်မြို့ကို မီးတင်ရှို့ခြင်း

ကာကွယ်ရေးအဖွဲ့ဝင်များ ဆုတ်ခွာသွားသည်နှင့်တစ်ပြိုင်နက် စစ်သားများက ရဲစခန်းအနီးရှိ အမှတ် ၂ နှင့် ၃ ရပ်ကွက်များကို မီးရှို့ရှင်းလင်းပြီးနောက် ထီးချိုင့်မြို့မဈေးကိုလည်း မီးတင်ရှို့ခဲ့သည်။ ထို့နောက် မြို့ကို အပေါ်စီးမှ မြင်နိုင်သည့် မြစေတီတောင်၏ အနောက်ဘက် မီတာ ၆၀၀ အကွာရှိ ကျောက်စေတီတောင်နှင့် ဖက်တောင်ပေါ်တွင်ပါ အထိုင်ချတပ်စွဲလိုက်ကြောင်း သိရသည်။

ထိုကာလတွင် တိုက်ပွဲပြင်းစွာ မဖြစ်သော်လည်း သာမန်ထိတွေ့တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါးရှိကြောင်း  အထက်ပါ PDF တပ်စိတ်မှူးက ဆိုသည်။

“နည်းနည်းလေး လှုပ်တာတွေ့တာနဲ့ လေယာဉ်ပစ်ကူတောင်းပစ်တော့တာပဲ၊​ ရွာတွေကို မီးရှို့တယ်ဆိုတာက သူတို့က ပစ်ကွင်းရှင်းတာ”

စစ်ကောင်စီတပ်က ကာကွယ်ရေးအဖွဲ့ဝင်များ တပ်စွဲခဲ့သည့် ရပ်ကွက်တိုင်းကို မီးရှို့ကြောင်း၊ ထီးချိုင့်မြို့ ရပ်ကွက်ကြီး ၅ ခုရှိသည့်အနက် လူစည်ကားမှု အများဆုံးရပ်ကွက် ၃ ခုမှာ ရက်ပိုင်းအတွင်း မီးလောင် ပြာကျသွားကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီကမူ အရပ်သားများ သေဆုံး ဒဏ်ရာရမှု၊ နေအိမ်များ မီးလောင်းမှုတို့မှာ တော်လှန်ရေးသမားတို့၏လက်ချက်ဖြစ်သည်ဟု နေ့စဉ် သတင်းထုတ်ပြန်နေသည်။

၂၀၂၃ နိုဝင်ဘာ ၂၄ ရက်က မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ထီးချိုင့်မြို့ စံပြရပ်ကွက်ရှိ နေအိမ်များ။ (ဓာတ်ပုံ – Tigyaing Revolution)

ဒုတိယမြောက်ထိုးစစ်

မြို့ကို စစ်ကောင်စီတပ်များ စိတ်တိုင်းကျ ဗုံးကြဲ မီးရှို့ဖျက်ဆီးနေချိန်တွင် ကာကွယ်ရေးအဖွဲ့များက လူအင်အားထပ်ဖြည့်ပြီးနောက် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ဒုတိယအကြိမ် အလုံးအရင်းနှင့် ထိုးစစ်ပြန်စခဲ့သည်။

စစ်ကောင်စီက ကျောက်စေတီတောင်နှင့် ဖက်တောင်ကိုပါ အင်အားဖြည့်ထားပြီး ခုခံသည်။

စစ်ကောင်စီ အခိုင်အမာ နေရာယူထားသည့်၊ ဗျူဟာကျသည့် နေရာများကို တိုက်ခိုက်ရသဖြင့် နှစ်ဖက်အကျအဆုံး များခဲ့သော်လည်း ရက်ပိုင်းအတွင်းမှာပင် ကျောက်စေတီတောင်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း PDF တပ်စိတ်မှူးက ဆိုသည်။

လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိရန် ကတုတ်ကျင်း အများအပြားတူးပြီး ရှေ့တိုးခဲ့ရသည်ဟု သူက ပြောပြသည်။

“တက်ပြီဆိုရင် ခါးလောက် တစ်ယောက်တစ်ကျင်းနှုန်း တူးရတယ်၊ တက်ရင်းတက်ရင်းနဲ့ တစ်နေရာတစ်ကျင်းတူး၊ ဖားခုန်စနစ်နဲ့ တက်ရတာပဲ” ဟု တပ်စိတ်မှူးက ဆိုသည်။

စစ်ကောင်စီတပ်စွဲထားသည့် နေရာလေးခုအနက် ကျောက်စေတီတောင်ကိုသာ သိမ်းယူနိုင်ခဲ့သည်၊ ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျန်နေရာများကို မသိမ်းနိုင်ခဲ့ပေ။

သိမ်းယူထားသည့် ကျောက်စေတီတောင်ကိုလည်း စစ်တပ်ဘက်က လေတပ်အကူအညီဖြင့် စစ်ကြောင်းပြန်ထိုးသဖြင့် တစ်ပတ်ခန့်အကြာတွင် နောက်ဆုတ်ပေးလိုက်ရသည်။

ထို့ကြောင့် ထီးချိုင့်မြို့ပေါ်ရှိ ဗျူဟာကျသည့် နေရာများတွင် စစ်တပ်က နေရာယူတပ်စွဲထားကာ ၈၀ ရာခိုင်နှုန်းကို ထိမ်းချုပ်ထားသည်၊ ၎င်းတို့က ကျန် ၂၀ ရာခိုင်နှုန်းတွင် နေရာယူထားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ကာကွယ်ရေးအဖွဲ့ဝင်များ ခိုအောင်းနေသည်ဟု ယူဆရသည့် လူနေရပ်ကွက်များကိုလည်း နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေသဖြင့် ယခုအချိန်တွင် မြို့၏ ၄ ပုံ ၃ ပုံမှာ ပျက်စီးသွားပြီဖြစ်ကြောင်း သိရသည်။

စစ်လေယာဉ်များ လာရောက်ပြီး လူနေရပ်ကွက်ကျေးရွာများကို ဗုံးကြဲသဖြင့် ဒေသခံတို့ စိတ်ထိခိုက်ရသည်ဟု ထီးချိုင့်မြို့ခံ မဇင်မာက ဆိုသည်။

“ကိုယ့်မြို့ကြီးကို ဒီလိုကြီးလုပ်နေတော့ ဝမ်းနည်းတာပေါ့လေ၊ …လေယာဉ်သံကြားရင်ကို စိတ်မကောင်းဖြစ်ရတာ၊ လေယာဉ်တွေ ကြဲပြီးရင်ကို လွတ်များလွတ်ပါ့မလားဆိုပြီး စိတ်မကောင်းဖြစ်ရတာ” ဟု စစ်ဘေးရှောင်နေရသည့် မဇင်မာက ပြောလိုက်သည်။

ထီးချိုင့်မြို့မှ အရှေ့ဘက်ရှိ မဘိမ်းမြို့နယ်မှစပြီး တရုတ်နယ်စပ်ထိ တော်လှန်ရေးအဖွဲ့များ သိမ်းယူထားသည်။
ထီးချိုင့်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီက နိုဝင်ဘာ ၁၂ ရက်နေ့တွင် ကြေညာခဲ့သည်။
မြို့သိမ်းတိုက်ပွဲမတိုင်မီကတည်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး  ထီးချိုင့်နှင့် ကောလင်း နယ်စပ်ရှိ မော်ကွန်းတောင် AAတပ်ဖွဲ့ဝင် ဆယ်ယောက်ကျော်ကျဆုံးခဲ့သည်။

Show More

Related Articles

Back to top button