သတင်း

ထီးချိုင့်မြို့မှ စစ်တပ်စခန်းများကို တော်လှန်ရေးတပ်ပေါင်းစု ထိုးစစ်ဆင်

ကချင်တပ် KIA၊ ရခိုင်တပ် AA၊ NUG ၏လက်နက်ကိုင်တပ် PDF နှင့် ကျောင်းသားတပ် ABSDF တို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းမှ ထီးချိုင့်မြို့မှ စစ်စခန်းများကို ယမန်နေ့ ညပိုင်းကစတင်ကာ တိုက်ခိုက်နေသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့မှ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ပေါင်းစုက ယမန်နေ့ (မတ်၁၃) ညပိုင်းမှစတင်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ထီးချိုင့်တိုက်ပွဲတွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA, အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF, ရက္ခိုင့်တပ်တော် AA နှင့် ၁၉၈၈ လူထုလှုပ်ရှားမှုအပြီး ထူထောင်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ပါဝင်ကြောင်းလည်း သိရသည်။

မြို့ကို တော်လှန်ရေးတပ်များက သိမ်းရန် ကြိုးစားနေကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကလည်း အတည်ပြုသည်။

“(တိုက်ပွဲ) ပြန်စပြီလို့ ပြောလို့ရတယ်၊ မြို့ပြန်သိမ်းဖို့ တတိယအကြိမ်ထိုးစစ်စတာ” ဟု သူက ဆိုသည်။

တော်လှန်ရေးတပ်ပေါင်းစုသည် ထီးချိုင့်မြို့ကို သိမ်းယူရန် ယမန်နှစ် နိုဝင်ဘာလအတွင်းက နှစ်ကြိမ်တိုင်တိုင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

စစ်ကိုင်းတိုင်းဒေသကြီးပြမြေပုံတွင် ထီးချိုင့်မြို့ကို တွေ့မြင်ရစဉ်။ (မြေပုံ – MIMU)

​ယမန်နေ့ ညပိုင်းတွင် ရဲစခန်းရှိသည့် မြို့အရှေ့ဘက်ခြမ်း၊ စစ်ကောင်စီနေရာယူထားသည့် မြို့တောင်ဘက်ရှိ ကြက်သွန်ခင်း လမ်းဆုံနှင့် လျောင်းတော်မူဘုရားအနီးတွင် တိုက်ပွဲများ ပြင်းထန်ကြောင်း သိရသည်။

ယနေ့မနက် ၁၀ နာရီခန့်တွင် တိုက်ပွဲခဏနားထားသော်လည်း မြို့သိမ်းရန် ရည်ရွယ်ထားသဖြင့် တိုက်ပွဲရပ်တန့်နိုင်ဖွယ်ရာမရှိကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ရဲစခန်းဘက်ခြမ်းမှာတော့ တော်တော်လေးပြင်းထန်တယ်၊ တစ်ပြိုင်နက်တိုးတာပေါ့။ ရှေ့တိုးနိုင်တဲ့ အခြေအနေလည်းရှိတယ်…. တိုက်ပွဲကတော့ ရပ်ဖို့မရှိဘူး၊ ရသလောက်တိုးမှာပဲ” ဟု သူက ဆိုသည်။

ထီးချိုင့်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့နှင့် ထိစပ်နေပြီး ကချင်ပြည်န​​ယ်ဝင်ပေါက် ရေလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်းများ အလယ်တည့်တည့်တွင် ရှိသဖြင့် ထိုမြို့ထိန်းချုပ်နိုင်ရေးသည် စစ်ကောင်စီအတွက်သာမက တော်လှန်ရေးအဖွဲ့များအတွက်လည်း အရေးပါသည်။

မြန်မာပြည်အလယ်ပိုင်းမှ ကချင်ပြည်နယ်သို့ ဝင်ရောက်ရန် ဗျူဟာလမ်းမနှစ်ခုနှင့် ရေလမ်းကြောင်းတစ်ခုရှိပြီး ထိုလမ်းကြောင်းအားလုံး ထီးချိုင့်မြို့နယ်ကို ဖြတ်သန်းသွားလာရသည်။

အဆိုပါ လမ်းသုံးကြောင်းမှာ မန္တလေး-ဗန်းမော် ဧရာဝတီမြစ်ကြောင်းလမ်း၊ မြစ်အရှေ့ဘက်ရှိ မန္တလေး-ဗန်းမော်-မြစ်ကြီးနား ဗျူဟာလမ်းနှင့် မြစ်အနောက်ဘက်ရှိ ရွှေဘို- မြစ်ကြီးနားဗျူဟာလမ်းများဖြစ်ပြီး မျဉ်းပြိုင်နှစ်ခုကဲ့သို့ တည်ရှိသော ထိုလမ်းနှစ်ခုကို ထီးချိုင့်တံတားက ဆက်သွယ်ထားပေးရာ ထိုနေရာသည် အင်္ဂလိပ်အက္ခရာ H ပုံစံသဖွယ် ရှိနေသည်။

ဗျူဟာအရ အရေးပါသည့် ထီးချိုင့်မြို့ကို ရှမ်းပြည်မြောက်ပိုင်းမှ ၁၀၂၇ စစ်ဆင်ရေးနှင့်အပြိုင် တော်လှန်ရေးတပ်ပေါင်းစုများက ယမန်နှစ် နိုဝင်ဘာ ၈ ရက်နေ့က တစ်ကြိမ်၊ နိုဝင်ဘာ ၂၈ ရက်နေ့ တစ်ကြိမ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ သော်လည်း လေကြောင်းတိုက်ခိုက်မှုများကြောင့် မအောင်မြင်ခဲ့ပေ။

၂၀၂၂ နှစ်ကုန်ပိုင်းတွင် စစ်တပ်က မီးရှို့ခံခဲ့ရသော ထီးချိုင့်မြို့နယ်၊ လေသာရွာ။ (ဓာတ်ပုံ-TR)

ယခု မတ်လ ၇ ရက်နေ့နမှ စတင်ကာ ကချင့်လွတ်မြောက်ရေးတပ်မတော် KIA ၏ ကချင်ပြည်နယ်တွင်း ထိုးစစ်များစတင်ချိန်တွင် ထီးချိုင့်မြို့ကို တတိယအကြိမ် သိမ်းယူရန် ကြိုးစားလာခြင်း ဖြစ်သည်။

ထီးချုင့်မြို့နှင့်အရှေ့ဘက် မိုင်လေးဆယ်နီးပါးအကွာရှိ မဘိမ်းမြို့နယ် ငါးအိုးရွာ အခြေစိုက် အမှတ် ၁၂၁ ခြေလျင်တပ်ရင်းစခန်းကို ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်များက လွန်ခဲ့သည့်နှစ်ရက် (မတ် ၁၂ ) ရက်နေ့က အပြီးသတ်သိမ်းယူထားသည်။

ထို့ပြင် ထီးချိုင့်မြို့အရှေ့တောင်ဘက်ရှိ  မဘိမ်းမြို့ကိုလည်း KIA နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကတည်းက သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button