သတင်း

ထီးချိုင့်တွင် စစ်ကောင်စီဘက်က လက်ကျန်တောင်ကုန်းမှ အလူးအလဲခုခံနေ

စစ်ကိုင်းတိုင်းအထက်ပိုင်း ဧရာဝတီမြစ်ကြောင်းပေါ်ရှိ ထီးချိုင့်မြို့ကို တော်လှန်ရေးအင်အားစုများက ဒုတိယအကြိမ် ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယနေ့ (ဒီဇင်ဘာ ၅) တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်ကျန်တောင်ကုန်းမှနေ၍ အလူးအလဲခုခံနေသည်ဟု သိရသည်။

နိုဝင်ဘာလဆန်းပိုင်းတွင် ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA)၊ ကျောင်းသားတပ်မတော် (ABSDF)၊ ထီးချိုင့် PDF တို့ စုပေါင်းကာ ထီးချိုင့်မြို့ကို ပထမအကြိမ် ဝင်ရောက်တိုက်စဉ် စစ်ကောင်စီက အကြီးအကျယ်ဗုံးကြဲသဖြင့် တပ်ပြန်ဆုတ်ခဲ့ရသည်။

ကောလင်းနှင့် ကပ်လျက်ရှိ ထီးချိုင့်မြို့ကို တော်လှန်ရေးတပ်ပေါင်းစုက ဒုတိယအကြိမ် ထိုးစစ်စတင်ပြီး နောက်တစ်ရက်ဖြစ်သည့် နိုဝင်ဘာ ၃၀ တွင် စစ်သားများ ခြေကုပ်ယူထားသည့် မြို့မရဲစခန်းနှင့် အမှတ် (၃) ရပ်ကွက်ရှိ မြသိန်းတန်စေတီတောင်ကုန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိအချိန်တွင် စစ်တပ်က မြို့အရှေ့ဘက်ရှိ ကျောက်စေတီတောင်၌ စုပေါင်းခုခံနေသည်ဟု ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရဲစခန်းနဲ့ မြသိန်းတန်တောင်ကုန်းကတော့ ဒုတိယအကြိမ်မှာ ရတာ။ ထီးချိုင့်က နောက်ဆုံး ကျောက်စေတီတောင်ကုန်းမှာပဲ ကျန်တော့တာ” ဟု ၎င်းက ယနေ့ ပြောသည်။

ယမန်နေ့က မြသိန်းတန်စေတီတောင်ကုန်းကို အပြင်းအထန်တိုက်ခိုက်သိမ်းယူစဉ် စစ်ကောင်စီဘက်က လေကြောင်းမှ ငါးကြိမ်တိုင် ဗုံးကြဲသဖြင့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးသည်ဟု သိရသည်။

ဗုံးကြဲတိုက်ခိုက်ခံရစဉ် မြို့အနီးရှိ ကြက်သွန်ခင်းရွာနှင့် မြို့စွန်ရှိ အမှတ် (၅) ရပ်ကွက်အတွင်းသို့ ကျရောက် ပေါက်ကွဲသဖြင့် နေအိမ်နှင့် အဆောက်အအုံတချို့ မီးလောင်ပျက်စီးသည်ဟုလည်း သိရသည်။

ထီးချိုင့်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက စီးမိနေပြီး စစ်ကောင်စီက နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဆိုသည်။​

“လေယာဉ်လာရင် ပြန်ဆုတ်လိုက်၊ ပြီးရင် သွားတိုက်လိုက်နဲ့ လုပ်ရတာ။ မြို့က ဟင်းလင်းပြင်ကြီးဖြစ်သွားတာကိုး။ ခိုနေလို့ မဖြစ်ဘူးလေ။ ပြန်ဆုတ်လိုက်…တိုက်လိုက် လုပ်ရတာ” ဟု အထက်ပါ ပအဖတာဝန်ရှိသူက ပြောသည်။

ပထမအကြိမ် တိုက်ခိုက်စဉ်က ထီးချိုင့်တစ်မြို့လုံးနီးပါးကို တော်လှန်ရေးအဖွဲ့က ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်တပ်က မြို့ကို အဆက်မပြတ်ဗုံးကြဲသဖြင့် အရပ်သားသေဆုံးမှု မြင့်တက်လာသောကြောင့် တိုက်ပွဲအရှိန် လျှော့ချကာ တပ်ပြန်ဆုတ်ခဲ့ရသည်။

စစ်ကောင်စီဘက်က အခိုင်အမာခံစစ်ပြင်ပြီးနောက် လူနေရပ်ကွက်များကို မီးရှို့ရာ မြို့ဧရိယာထက်ဝက်ကျော် မီးလောင်ပြာကျခဲ့ရသည်။

ထီးချိုင့်တွင် မြို့ပေါ်ရပ်ကွက်ကြီး ၅ ခုရှိပြီး နိုဝင်ဘာ ၁၇ ရက်အထိ လူနေအထူထပ်ဆုံးဖြစ်သည့် အမှတ် (၃) နှင့် (၄) ရပ်ကွက်များရှိ နေအိမ်အားလုံးနီးပါး မီးလောင်ပြီးဖြစ်ကာ အမှတ် (၂) ရပ်ကွက်မှ နေအိမ်ထက်ဝက်ခန့်လည်း မီးလောင်ပြာကျသွားပြီဟု သိရသည်။

မြို့အစွန်ဘက်ရှိ အမှတ် (၁) နှင့် (၅) ရပ်ကွက်တို့မှာ လူနေကျဲပါးသည်။ လက်ရှိတွင် အမှတ် (၅) ရပ်ကွက်လည်း ဗုံးကြဲခံနေရသည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အောက်တိုဘာ ၂၇ ရက်တွင် “၁၀၂၇” စစ်ဆင်ရေးစတင်ပြီးနောက် စစ်ကောင်စီဘက်က စစ်စခန်းအမြောက်အမြားနှင့် တရုတ်-မြန်မာနယ်စပ်တစ်လျှောက် အရေးပါသော မြို့များ လက်လွတ်ဆုံးရှုံးခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒေသခံ PDF အဖွဲ့များ ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ရာ လက်ရှိအချိန်ထိ ခရိုင်မြို့ကြီးတစ်မြို့ဖြစ်သော ကောလင်းမြို့၊ အိန္ဒိယ-မြန်မာနယ်စပ်ရှိ ခမ်းပတ်မြို့၊ ချင်းတွင်းမြစ်အထက်ပိုင်းရှိ ရွှေပြည်အေးမြို့သစ်တို့ကို သိမ်းပိုက်ထားသည်။

ကချင်ပြည်နယ်နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်းအထက်ပိုင်း ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ထီးချိုင့်မြို့ကို ဆက်လက်သိမ်းယူနိုင်ရေး တော်လှန်ရေးအင်အားစုများက အပြင်းအထန်တိုက်ခိုက်နေသည့်နည်းတူ စစ်ကောင်စီဘက်ကလည်း အလူးအလဲခုခံနေသည်။

ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီက တကောင်းမြို့ဘက်မှနေ၍ စစ်ကူရာဂဏန်းစေလွှတ်ရာ ဒေသကာကွယ်ရေးအဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခဲ့သော်လည်း ထီးချိုင့်နှင့် မျက်နှာချင်းဆိုင်ရှိ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း မြတောင်ရွာသို့ ရောက်ရှိသွားကာ တိုက်ပွဲဆက်ဖြစ်နေသည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်က ဘက်ပေါင်းစုံ အထိနာနေချိန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် သာလွန်အင်အားနှင့် နည်းပညာသာလွန်မှုကို အခွင့်ကောင်းယူ တိုက်ခိုက်နေသည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားသည်။

ယမန်နေ့က နေပြည်တော်အစည်းအဝေးတွင် စစ်ခေါင်းဆောင်က “လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်လက်၍ မိုက်တွင်းနက်နေမည်ဆိုပါက မိုက်တွင်းနက်သည့်ဒဏ်ကို ဒေသရှိ ပြည်သူများကသာ ခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြေစာပင်ဖြစ်နေသည့် ပြည်သူကို ကိုယ်ချင်းစာကြရန်” ပြောဆိုပြန်သည်။

Show More

Related Articles

Back to top button