နိုဝင်ဘာ ၈ ရက်မှ စတင်ကာ တော်လှန်ရေးအဖွဲ့များ ပိတ်ဆို့တိုက်ခိုက်နေသည့် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကို စစ်တပ်က လေကြောင်းမှ အပြင်းအထန် ဗုံးကြဲနေသလို မြို့ကိုလည်း မီးရှို့နေသဖြင့် မြို့ထက်ဝက်ခန့် ပြာကျသွားပြီဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။
တကောင်း-ထီးချိုင့်-အင်းတော်လမ်းပိုင်းကို တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာ ၈ တွင် ပိတ်ဆို့လိုက်ပြီးနောက် KIA, AA, ABSDF, PDF တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့ ထီးချိုင့်မြို့ပေါ်တွင် စတင် တိုက်ပွဲဖြစ်ခဲ့သည်။
ထီးချိုင့်မြို့ပေါ်ရှိ ရဲစခန်းနှင့် ဧရာဝတီမြစ်တစ်ဖက်ကမ်း မြတောင်လမ်းဆုံအနီးမှ စစ်တပ်တို့ကို တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ပြီးနောက် လေတပ်က မြို့ပေါ်နှင့် မြို့အနီးဝန်းကျင်ရှိ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
လေကြောင်းမှ ဗုံးကြဲမှုများကြောင့် မြို့ပေါ်နှင့် ကျေးရွာများမှ ဒေသခံသေဆုံးမှုများမြင့်တက်လာသည့်အတွက် နိုဝင်ဘာ ၁၄ ရက်တွင် တော်လှန်ရေးတပ်များက စစ်ရေးအရှိန် လျှော့ချလိုက်ပြီးနောက် ထိုနေ့မှ စတင်၍ စစ်တပ်က မြို့ပေါ်တွင် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လာခဲ့သည်ဟု အသက် ၃၀ ကျော်အရွယ် ထီးချိုင့်-PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“မြို့တစ်ဝက်လောက်ကတော့ (စစ်တပ်) သူတို့ ရှိနေတဲ့ နေရာတွေကတော့ သူတို့ရှို့တာနဲ့ ကုန်သွားပြီဗျ။ မြို့တစ်ဝက်ပေါ့ဗျာ… ၃ ရပ်ကွက်လောက်ကတော့ တော်တော်လေး လောင်သွားပြီ၊ မြို့မဈေးလည်း သူတို့ မီးရှို့လို့ ကုန်သွားပြီ” ဟု အဆိုပါ ထီးချိုင့်-PDF အဖွဲ့ဝင်က ဆိုသည်။
ထီးချိုင့်မြို့တွင် အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅ ဟုဆိုကာ မြို့ပေါ်ရပ်ကွက်ကြီး ၅ ခုရှိပြီး လူစည်ကားမှု အများဆုံးရပ်ကွက်များဖြစ်သည့် အမှတ် (၃) နှင့် (၄) ရပ်ကွက်နှစ်ခုရှိ နေအိမ်အားလုံးနီးပါး မီးလောင် ပျက်စီးသွားပြီး အမှတ် (၂) ရပ်ကွက်မှ နေအိမ်ထက်ဝက်ခန့်လည်း မီးလောင်ပြာကျသွားပြီဟု သိရသည်။
စစ်တပ် တပ်စွဲထားသည့် ရဲစခန်းကုန်းရှိရာနေရာသည် အမှတ် (၂) ရပ်ကွက်အတွင်း၌ ရှိပြီး စစ်တပ်က ပစ်ကွင်းရှင်းသည့်အနေဖြင့် ရဲစခန်းရှေ့ရှိ နေအိမ်အားလုံးနီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု အထက်ပါ PDF အဖွဲ့ဝင်က ဆိုသည်။
“သူတို့ ရဲစခန်းအခြေကို မြင်ကွင်းရှင်းချင်ပုံရတယ်ဗျ၊ လမ်းကြောင်းရှင်းတဲ့ သဘောပေါ့၊ အားလုံး ပြောင်သွားပြီ”
လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ရုပ်သံဖိုင်များနှင့် ဓာတ်ပုံမှတ်တမ်းများအရ ထီးချိုင့်မြို့ပေါ်ရှိ နေအိမ်များ ပျက်စီးနေသလို နေအိမ်များမီးလောင်မှုကြောင့် ထွက်ပေါ်လာသည့် မီးခိုးလုံးများကို မြစ်အရှေ့ဘက်ခြမ်းမှပင် လှမ်းမြင်နေရသည်။
ရပ်ကွက် (၁) နှင့် (၅) တို့မှာ မြို့အစွန်ဘက်တွင် ရှိပြီး လူနေကျဲပါးသည့်အတွက် မီးရှို့မခံရသေးကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အမှတ် (၁) ကတော့ လူခြေနည်းတယ်၊ ကိုယ့်ဝင်းကိုယ့်ခြံနဲ့ နေကြတာဆိုတော့ အမှတ် (၃) တို့ (၄) တို့ (၂) တို့ကျတော့ တစ်အိမ်နဲ့ တစ်အိမ်က အရမ်းကပ်တယ်လေ မြို့ထဲဆိုတော့၊ အခုက လူအစည်ကားဆုံးနေရာတွေကို ရှို့သွားတာ” ဟု အထက်ပါ ပအဖအဖွဲ့ဝင်က ဆိုသည်။
ယမန်နေ့ ညအထိ မြို့ပေါ်တွင် မီးလောင်ခဲ့သည်ကို တွေ့ရသည်၊ ယနေ့နံနက်တွင် ထီးချိုင့်မြို့နယ်အတွင်း မိုးရွာသွန်းခဲ့သည့်အတွက် အချို့နေရာများတွင် မီးငြိမ်းသွားပြီဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
မြို့ပေါ်ရှိ ဒေသခံအားလုံးနီးပါးမှာ တိုက်ပွဲမဖြစ်ခင် နိုဝင်ဘာ ၆ ရက်မှ စတင်ကာ မြို့ပေါ်မှ စွန့်ခွာသွားခဲ့ကြပြီဖြစ်ပြီး စစ်ကောင်စီ၏ ထွေအုပ်ဝန်ထမ်းများနှင့် Non CDM ဝန်ထမ်းများအားလုံးမှာ ရဲစခန်းအတွင်းသို့ ပြောင်းရွှေ့ခဲ့ကြသည်။
မီးရှို့ခံခဲ့ရသည့် ရပ်ကွက်များအတွင်းရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးမရှို့ခင် ဖောက်ထွင်းပြီး တန်းဖိုးရှိ ပစ္စည်းများကို ခိုးယူခဲ့သည်ဟု အထက်ပါ ထီးချိုင့်-PDF အဖွဲ့က ပြောသည်။
စစ်ကောင်စီတပ်က နေအိမ်များ မီးရှို့သည်၊ ပစ္စည်းများ ခိုးယူသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပေ။
ယမန်နေ့ (နိုဝင်ဘာ ၁၆) ရက် ညက မြို့ပေါ်တွင် ပစ်ခတ်တိုက်ခိုက်မှု မိနစ်အနည်းကြာ ဖြစ်ပွားခဲ့သည်ဟု သိရပြီး ယနေ့နံနက်တွင် တိုက်ပွဲများ ငြိမ်သက်နေသည်ဟု သိရသည်။
တစ်ပတ်တာ တိုက်ပွဲများတွင်း စစ်တပ်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း၊ တော်လှန်ရေးတပ်များဘက်မှ ၈ ဦးခန့် သေဆုံးထားကြောင်း ထီးချိုင့်-PDF အဖွဲ့က ပြောသည်။
ရက်သတ္တပတ် တစ်ခုကျော်ကြာ ဖြစ်ပွားခဲ့သည့် မြို့တွင်းတိုက်ပွဲတွင် စစ်တပ်က လေကြောင်းမှ လက်နက်ခဲယမ်းများ ပေးပို့ခဲ့သလို ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များဖြင့် မြို့ပေါ်နှင့် မြို့အနီးရှိ ကျေးရွာများကို အကြိမ် ၄၀ ခန့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ထီးချိုင့်-PDF အဖွဲ့ထံမှ သိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီးခဲ့သလို မြို့ပေါ်နှင့် ကျေးရွာများရှိ အရပ်သား ၂၀ ကျော် သေဆုံးခဲ့သည်ဟု ထီးချိုင့်-PDF အဖွဲ့က ထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၁၄ ရက် တစ်ရက်တည်းတွင်ပင် ထီးချိုင့်မြို့အနောက်ဘက်ရှိ အလယ်တောနှင့် အင်းတိန်ရွာတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တချို့အပါအဝင် အမျိုးသားအမျိုးသမီး ၁၂ ဦး သေဆုံးခဲ့သည်။
ပြီးခဲ့သည့် ၂ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုများ မရှိသေးကြောင်း ထီးချိုင့်-PDF အဖွဲ့က ဆိုသည်။
ချင်းပြည်နယ် ထန်တလန်မြို့တွင် ၂၀၂၁ စက်တင်ဘာလက တိုက်ပွဲများဖြစ်ပွားပြီးနောက် မြို့ခံများ စွန့်ခွာသွားသည့် ထန်တလန်မြို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သဖြင့် မြို့လုံးကျွတ်နီးပါး ပြာကျခဲ့သည်။
ယခုလည်း စစ်ရေးအရ အထိနာနေသည့် စစ်ကောင်စီတပ်က ထီးချိုင့်မြို့ကို ထန်တလန်မြို့ကဲ့သို့ မီးရှို့ပြာချနေသည်ဟု ထီးချိုင့်-PDF အဖွဲ့ဝင်က ယူဆသည်။
“(စစ်တပ်) သူတို့ကတော့ ထန်တလန်လို ရှို့တာပါပဲ၊ တစ်မြို့လုံးကို ပြာကျသွားပါစေဆိုတဲ့ ပုံစံမျိုးနဲ့ကို လုပ်နေတာပါ”
အောက်တိုဘာ ၂၇ ရက်မှ စတင်သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ Operation 1027 စတင်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲများ စတင်နိုင်ခဲ့သလို စစ်ကိုင်းတိုင်းအထက်ပိုင်းတွင်လည်း ကောလင်းမြို့မှ စတင်ကာ မြို့သိမ်းတိုက်ပွဲများ ပေါ်ပေါက်လာသည်။
ရှမ်းမြောက်တွင် Operation 1027 ကို စတင်သည့် အောက်တိုဘာ ၂၇ ရက်မှစတင်ကာ ထီးချိုင့်မြို့နယ်တွင်လည်း ရက္ခိုင့်တပ်တော် (AA) ဦးဆောင်သည့် တပ်များက Operation 1027 ကို စတင်နေခြင်း ဖြစ်ကြောင်း အောက်တိုဘာ ၃၀ ရက်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။