သတင်း

ထီးချိုင့်မြို့ လေကြောင်းမှ အတိုက်ခံရ၊ ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး သေဆုံး

ဧရာဝတီမြစ်ကြောင်းထိန်းချုပ်နိုင်ရေး ဗျူဟာအရအရေးပါသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့ကို သိမ်းနိုင်ရန် တစ်လကျော်ကြာသည်အထိ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေသည့် တော်လှန်ရေးအဖွဲ့များကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာ ဒီဇင်ဘာ ၉ မှ ၁၁ ရက်အတွင်း တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၉ ရက်နေ့ ညနေပိုင်းက မြို့နှင့် ဆယ်မိုင်ခန့်အကွာ၊ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ ကမ်းနီ၊ ချိတ်သင်၊ အင်ဒေါင်းကျေး စသည့် ကျေးရွာများကို စစ်လေယာဉ် ၂ စီးက တိုက်ခိုက်ခဲ့သည်။

အင်ဒေါင်းကျေးရွာရှိ ဆေးခန်းအတွင်း ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲသဖြင့် ဆေးကုသနေသည့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန် ရှိသူတစ်ဦးက ပြောသည်။

“ဗုံးနှစ်လုံးချပြီး လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်သွားတာ။ ဗုံးသီးကတော့ ဆေးခန်းဝင်းထဲ ကျသွားတာ၊ ဆေးပေးခန်းတွေ ကြဲသွားတာ၊ အဲဒီမှာ ဒဏ်ရာရရဲဘော်တွေ ဆေးကုနေတာရှိတာကိုး” ဟု သူက ဆိုသည်။

ထီးချိုင့်မြို့ပေါ်နှင့် မြို့တစ်ဘက်ကမ်း မြတောင်ရွာဝန်းကျင်တွင် တိုက်ပွဲများရှိသော်လည်း အထက်ပါ ဗုံးကြဲခံရသည့်ကျေးရွာများတွင် တိုက်ပွဲများမရှိဟု သိရသည်။

ဒီဇင်ဘာ ၁၀ မွန်းတည့် ၁၂ နာရီခွဲအချိန်က တိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်မြို့၊ အနီးဝန်းကျင်နှင့် တစ်ဖက်ကမ်းရှိ မြတောင်ရွာဘက်ကို လေယာဉ်နှစ်စီးက ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲခဲ့ရာ ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည်။

ဒီဇင်ဘာ ၁၁ နေ့ခင်းပိုင်းတွင်လည်း အဆိုပါနေရာများကို ထပ်မံ ဗုံးကြဲခဲ့ကြောင်း သိရသည်။

“ဒီနေ့ကတော့ သုံးကြိမ်ကြဲတယ်။ ထီးချိုင့်မြို့နဲ့ မြတောင်လမ်းဆုံ ကြဲတယ်။ ဗုံးကြဲတာကတော့ နေ့တိုင်းလိုလိုပဲ၊ တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ” ဟု ပအဖတာဝန်ရှိသူက ဒီဇင်ဘာ ၁၁ တွင် ပြောသည်။

နိုဝင်ဘာ ၃၀ တွင် စစ်သားများ ခြေကုပ်ယူထားသည့် အမှတ် (၃) ရပ်ကွက်ရှိ မြသိန်းတန်စေတီတောင်ကုန်း အပါအဝင် ကပ်လျက်ရှိ မြို့မရဲစခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း ပအဖက ပြောခဲ့သော်လည်း အဆိုပါ နှစ်နေရာကို လက်ရှိ အချိန်ထိ မသိမ်းနိုင်သေးဘဲ မြို့အရှေ့ဘက်ရှိ စစ်သားနှင့် ရဲအင်အား ပူးပေါင်းထားသော ကျောက်စေတီတောင်ကုန်းစခန်း အပါအဝင် ၃ နေရာလုံးတွင် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ဧရာဝတီမြစ်ကြောင်းပေါ်ရှိ ထီးချိုင့်မြို့ကို KIA,AA,PDF ပူးပေါင်းအဖွဲ့များက နိုဝင်ဘာ ၈ ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ရှိရာ နေရာတချို့မှအပ ရက်ပိုင်းအတွင်း တစ်မြို့လုံးနီးပါးကို ထိန်းချုပ်နိုင်ခဲ့သည်။

အပြင်းအထန်လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုဝင်ဘာ ၁၃ ရက်တွင် တိုက်ပွဲအရှိန် လျှော့ချကာ တော်လှန်ရေးပူးပေါင်းတပ်များ မြို့မှ ပြန်ဆုတ်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်မှစတင်ကာ ဒုတိယအကြိမ် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

မြို့ပေါ် ရပ်ကွက်များရှိ ဒေသခံအားလုံးနီးပါးမှာ တိုက်ပွဲမဖြစ်ခင် နိုဝင်ဘာ ၆ ရက်နေ့မှ စတင်ကာ မြို့ပေါ်မှ စွန့်ခွာသွားခဲ့ကြပြီ ဖြစ်ပြီး စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများကြောင့် မြို့ထက်ဝက်မက မီးလောင်ပြာကျထားသည်။

နိုဝင်ဘာ ၁၄ တစ်ရက်တည်းတွင်ပင် ထီးချိုင့်မြို့အနောက်ဘက်ရှိ အလယ်တောနှင့် အင်းတိန်ရွာတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တချို့အပါအဝင် အမျိုးသားအမျိုးသမီး ၁၂ ဦး သေဆုံးခဲ့သည်။

အလားတူ နိုဝင်ဘာ ၁၇ အထိ စာရင်းများအရ တော်လှန်ရေးတပ်များဘက်မှ ၈ ဦးခန့် သေဆုံးထားကြောင်း ထီးချိုင့်-PDF အဖွဲ့က ပြောထားသည်။

စစ်ဆင်ရေးပြင်းထန်နေသော ထီးချိုင့်မြို့တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံတချို့ ထိခိုက်သေဆုံးမှုများ ရှိနေပြီး အရေအတွက်အတိအကျကို မသိရသေးပေ။

စစ်ကောင်စီ၏ နိုဝင်ဘာ ၁၃ နှင့် ၂၉ ရက်နေ့ ထုတ်ပြန်ချက်များတွင် ထီးချိုင့်မြို့ကို တော်လှန်ရေးအဖွဲ့များ လာရောက် တိုက်ခိုက်ကြောင်း ဖော်ပြထားသည်။ မည်သို့တိုက်ခိုက်ပြီး၊ မည်သို့ထိခိုက်သည်ကို ဖော်ပြမထားပေ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အောက်တိုဘာ ၂၇ ရက်တွင် “၁၀၂၇” စစ်ဆင်ရေးစတင်ပြီး ထိုးစစ်ဆင်သဖြင့် စစ်ကောင်စီဘက်က စစ်စခန်းအမြောက်အမြားနှင့် တရုတ်-မြန်မာနယ်စပ်တစ်လျှောက် အရေးပါသောမြို့များ လက်လွတ်ဆုံးရှုံးချိန်တွင် စစ်ကိုင်းနှင့် မကွေးတိုင်းမှ တော်လှန်ရေးအဖွဲ့များကလည်း တိုက်ခိုက်မှုများအရှိန်မြှင့်တင်နေခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံ PDF အဖွဲ့များက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ရာ လက်ရှိအချိန်ထိ ခရိုင်မြို့ကြီးတစ်မြို့ဖြစ်သော ကောလင်းမြို့၊ အိန္ဒိယ-မြန်မာနယ်စပ်ရှိ ခမ်းပတ်မြို့၊ ချင်းတွင်းမြစ်အထက်ပိုင်းရှိ ရွှေပြည်အေးမြို့သစ်တို့ကို သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button