သတင်း

ထီးချိုင့်မြို့ရှိ စစ်ကောင်စီ လက်ကျန် စခန်း ၂ ခု အပြင်းအထန်တိုက်ခိုက်ခံနေရ

စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့ပေါ်ရှိ ရပ်ကွက်များအားလုံးကို တော်လှန်ရေးတပ်များက စိုးမိုးထားပြီး စစ်ကောင်စီတပ်၏ လက်ကျန်စခန်း ၂ ခုကို ယနေ့ (နိုဝင်ဘာ ၃၀) တွင် ဆက်လက်တိုက်ခိုက်နေသည်ဟု သိရသည်။

စခန်းနှစ်ခုမှာ စစ်တပ် တပ်စွဲထားသည့် ဧရာဝတီမြစ်ကမ်းအနီးရှိ ဘုရားကုန်စခန်းနှင့် အနီးရှိ ရဲစခန်းကုန်းတို့ဖြစ်သည်။

“လောလောဆယ်ကတော့ ဆက်တိုက်နေရတုန်းပါပဲ၊ မပြီးသေးပါဘူးဗျ၊ တိုက်နေရဆဲပါပဲ။ ဘုရားကုန်း ခေါ် ဖက်တောင်ကုန်းရယ် ရဲစခန်းကုန်းရယ်ကတော့ ကျန်ပါသေးတယ်ဗျ” ဟု ထီးချိုင့်-PDF အဖွဲ့ဝင်က ပြောသည်။

နိုဝင်ဘာ ၈ ရက်နေ့ကတည်းက ထီးချိုင့်မြို့တိုက်ပွဲကို စတင်ခဲ့ပြီး ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KIA), ရက္ခိုင့်တပ်တော် (AA), ကျောင်းသားတပ်မတော် (ABSDF) တို့နှင့်အတူ ထီးချိုင့်-PDF အဖွဲ့က ပူးပေါင်းတိုက်ခိုက်နေသည်။

စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲမှုကြောင့် အရပ်သားသေဆုံးမှု မြင့်တက်လာသည့်အတွက် နိုဝင်ဘာ ၁၃ ရက်တွင် တိုက်ပွဲအရှိန် လျှော့ချခဲ့သော်လည်း နိုဝင်ဘာ ၂၉ ရက်မှ စတင်ကာ တိုက်ပွဲများ ပြန်လည် ပြင်းထန်လာခဲ့သည်။

တိုက်ပွဲများဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ တည်နေရာပြမြေပုံ။

ယမန်နေ့ (နိုဝင်ဘာ ၂၉ရက်) နံနက်ပိုင်းက စတင်သည့်တိုက်ပွဲမှာ ညပိုင်းအထိ ဆက်တိုက်ဖြစ်ပွားခဲ့သည်၊ ယနေ့နံနက်လည်း တိုက်ပွဲများပြင်းထန်နေကာ စစ်လေယာဉ် ၂ စီးလည်း ရောက်လာသည်ဟု ထီးချိုင့် – PDF အဖွဲ့ဝင်တစ်ဦးက‌ ပြောသည်။

“ဒီနေ့လည်း ၄ ခါပေါ့၊ ၂ စီးနဲ့ ကြဲသွားပါတယ်ဗျ။ ကျန်တာကတော့ တိုက်ပွဲဖြစ်နေဆဲပါပဲ။ မနေ့က တစ်ညလုံး၊ တစ်နေ့လုံး ဆက်ဖြစ်နေတာပဲ” ဟု သူက ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့ပေါ်ရှိ အမှတ် (၃) ရပ်ကွက်နှင့် ထီးချိုင့်တံတားအနီးတို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး တော်လှန်ရေးရဲဘော်များ ထိခိုက်သေဆုံးမှုမရှိဟု သိရသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်ကြီးပစ်ကူပေးနေသည်ဟု ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့်ရက်များအတွင်း စစ်ကောင်စီတပ် မီးရှို့မှုကြောင့်နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့သည်၊ ယနေ့လည်း မြို့တွင်းမှ မီးခိုးများ တွေ့နေရသည်ဟုလည်း သူက ဆက်ပြောသည်။

ဧရာဝတီမြစ်ဘေးရှိ ထီးချိုင့်သည် ကသာခရိုင်အတွင်းမှ မြို့နယ်တစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်နှင့်လည်း ကပ်လျက် တည်ရှိသည်။

ထီးချိုင့်မြို့တွင်း မီးလောင်နေသည်ကို နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

အောက်တိုဘာ ၂၇ ရက်မှစတင်သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲများ ပေါ်ပေါက်လာပြီး စစ်ကောင်စီ၏ စခန်းပေါင်း ၂၀၀ ဝန်းကျင် သိမ်းယူထားသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင်လည်း ကောလင်းမြို့မှ စတင်ကာ မြို့သိမ်းတိုက်ပွဲများ ပေါ်ပေါက်လာသည်။

တော်လှန်ရေးပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာ ၆ ရက်နေ့တွင် ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး နိုဝင်ဘာ ၇ ရက်တွင် စစ်ကိုင်းတိုင်းအနောက်ဘက်မှ ခမ်းပတ်မြို့၊ နိုဝင်ဘာ ၂၂ ရက်တွင် ရွှေပြည်အေးမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

တပ်စခန်းအများအပြား လက်လွှတ်လိုက်ရပြီး၊ မြို့တချို့ကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားသည့် စစ်ခေါင်းဆောင်က တော်လှန်ရေးအဖွဲ့များ သာလွန်အင်အားသုံးသည်၊ တိုက်ခိုက်ရာတွင် Drone ပညာရှင် ၆၅၀၀ ပါဝင်သည်ဟု နိုဝင်ဘာ ၂၉ ရက် စစ်ကောင်စီအစည်းအဝေးတွင် ညည်းတွားသည်။

တိုက်ပွဲများတွင် ပါဝင်နေသည့် ရက္ခိုင့်တပ်တော် (AA) ကို သစ္စာဖောက်ဟု စွပ်စွဲပြီး လက်နက်ကိုင်ပြီး အာဏာလိုချင်သူများ ပေါ်ပေါက်နေသည်ဟု စစ်ခေါင်းဆောင်က ယိုးစွပ်သည်။ ယင်းလက်အောက်ခံ တပ်သားများ စခန်းစွန့်သွားခြင်း၊ လက်နက်ချခြင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုများခြင်းကိုမူ ထည့်ပြောသွားခြင်းမရှိသလို ထိုဖြစ်ရပ်များကို သတင်းအမှောင်ချထားသည်။

စစ်ကောင်စီတပ် တိုက်ခိုက်ခံရသည့် မြို့ရွာများတွင် နေအိမ်များကို မီးရှို့လက်စားချေသည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်များနှင့် ပတ်သက်လျှင် စစ်ကောင်စီက ရံဖန်ရံခါ ငြင်းဆိုတတ်သည်။

Show More

Related Articles

Back to top button