သတင်း

တိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်မြို့ပေါ်ကို စစ်ကောင်စီတပ် ဗုံးကြဲ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တွင် ယနေ့ (နိုဝင်ဘာ ၂၉) နံနက်ပိုင်းက တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားပြီး စစ်တပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ထီးချိုင့်-PDF က ပြောသည်။

၅ နာရီခွဲခန့်တွင် ထီးချိုင့်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေး ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်သည်၊ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရပ်ကွက် ၂, ၃, ၄ တို့နှင့် ထီးချိုင့် ရဲစခန်းကုန်းအနီးတို့တွင် တိုက်ပွဲဖြစ်ပွားသည်ဟု ထီးချိုင့်-PDF က ပြောသည်။

“ဖြစ်တာကတော့ နေ့တိုင်းလိုလိုဖြစ်တယ်၊ ဒါပေမဲ့ ကြီးကြီးကျယ်ကျယ် ဖြစ်တာက ဒီနေ့မှ ပြန်ဖြစ်တာပေါ့၊ မနက်အစောပိုင်းက ၅ နာရီကျော်လောက်ကပေါ့၊ နေရာစုံပါပဲ ဖြစ်နေတာ” ဟု ထီးချိုင့်-PDF အဖွဲ့ဝင်က ပြောသည်။

မွန်းတည့် ၁၂ နာရီခန့်တွင် လေယာဉ်နှစ်စီးက မြို့ပေါ်ကို ဗုံးကြဲသွားသည်ဟု သိရသည်။

“မြို့ထဲတစ်ဝိုက်ကိုပဲ ကြဲချသွားတယ်၊ နေရာကတော့ အတိအကျမသိရသေးဘူး၊ တိုက်ပွဲဖြစ်တဲ့ နေရာတစ်ဝိုက်ပေါ့၊ (ရပ်ကွက်) အမှတ် ၂, အမှတ် ၃, အမှတ် ၄ ဘက်ပါပဲ” ဟု ထီးချိုင့်-PDF အဖွဲ့ဝင်က ပြောသည်။

Myanmar Now က ဆက်သွယ်ခဲ့သည့် မွန်းလွဲပိုင်းအချိန်အထိ တိုက်ပွဲပြင်းထန်နေသည့်အတွက် အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း အဆိုပါ PDF အဖွဲ့ဝင်က ပြောသည်။

နိုဝင်ဘာ ၈ ရက်နေ့က စတင်ပြီး ထီးချိုင့်မြို့ပေါ်တွင် ကချင်လွတ်မြောက်ရေးတပ် KIA, ရက္ခိုင့်တပ် AA, ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နှင့် ထီးချိုင့်-PDF ပူးပေါင်းတပ်များက စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၃ ရက်နောက်ပိုင်းတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးအဖွဲ့များက စစ်ရေးအရှိန် လျှော့ချခဲ့ပြီးနောက် ယနေ့နံနက်တွင် မြို့ပေါ်၌ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၄ ရက်က မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ထီးချိုင့်မြို့ စံပြရပ်ကွက်ရှိ နေအိမ်များ။ (ဓာတ်ပုံ – Tigyaing Revolution)

တိုက်ပွဲအရှိန်လျော့ကျသည့် ရက်များတွင် စစ်ကောင်စီတပ်က ထီးချိုင့်မြို့ရှိ ရပ်ကွက်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟုလည်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၄ ရက်နှင့် ၂၈ ရက်တို့တွင် ထီးချိုင့်မြို့ပေါ်ရှိ စံပြရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒလန်သတင်းပေးမှုနှင့်အတူ မြို့ပေါ်နေရာစုံရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

“ကွက်တိကွက်ကျား ရှို့တဲ့သဘောရှိတယ်၊ သတင်းအရဆိုရင် (စစ်တပ်) နဲ့အတူ မြို့ခံ ဒလန်ကျန်ခဲ့တယ်လို့ ပြောတယ်။ သူက လိုက်လက်ညှိုးထိုးပြတဲ့ အိမ်တွေ လိုက်ရှို့တဲ့သဘောရှိတယ်” ဟု သူက ဆိုသည်။

ယနေ့နံနက်တွင်လည်း မြို့ပေါ်ရပ်ကွက်တချို့တွင် မီးလောင်နေပြီး မီးခိုးလုံးများကို လှမ်းမြင်ရကြောင်း၊ တိုက်ပွဲပြင်းထန်နေသည့်အတွက် မီးလောင်သည့်အခြေအနေကို အသေးစိတ်မပြောနိုင်သေးကြောင်း အထက်ပါ ပအဖ အဖွဲ့ဝင် အမျိုးသမီးက ပြောသည်။

ထီးချိုင့်မြို့တွင် အာဏာသိမ်းတပ်က မီးရှို့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

နိုဝင်ဘာ ၂၄ ရက်စွဲတပ် စစ်ကောင်စီ ထုတ်ပြန်ချက်တစ်ခုတွင် နေအိမ်မီးရှို့မှုနှင့် ပတ်သက်ပြီး ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းချက်ထုတ်ထားသည်ကို တွေ့ရသည်။

“ကျွန်တော်တို့အနေနဲ့ ပြည်သူ့ အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်နဲ့အညီ မီးရှို့စရာအကြောင်း၊ ပစ်ခတ်စရာအကြောင်း မရှိပါဘူး။ စစ်ရေးပစ်မှတ်တွေကိုပဲ ကျွန်တော်တို့ တိုက်ခိုက်နေတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင်း မီးလောင်မှုနှင့် ပတ်သက်ပြီး သူက ပြောဆိုခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၇ ရက်မှစတင်သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ Operation 1027 စတင်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲများ စတင်နိုင်ခဲ့သလို စစ်ကိုင်းတိုင်းအထက်ပိုင်းတွင်လည်း ကောလင်းမြို့မှ စတင်ကာ မြို့သိမ်းတိုက်ပွဲများ ပေါ်ပေါက်လာသည်။

နိုဝင်ဘာ ၆ ရက်နေ့က ကောလင်းမြို့၊ နိုဝင်ဘာ ၇ တွင် စစ်ကိုင်းတိုင်းအနောက်ဘက်မှ ခမ်းပတ်မြို့၊ နိုဝင်ဘာ ၂၂ တွင် ရွှေပြည်အေးမြို့တို့ကို သိမ်းပိုက်ခဲ့သည်။

ထီးချိုင့်မြို့နယ်တွင်လည်း ရက္ခိုင့်တပ်တော် (AA) ဦးဆောင်သည့် တပ်များက Operation 1027 ကို စတင်နေခြင်းဖြစ်ကြောင်း အောက်တိုဘာ ၃၀ တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်ဘေးရှိ ထီးချိုင့်သည် ကသာခရိုင်အတွင်းမှ မြို့နယ်တစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်နှင့်လည်း ကပ်လျက် တည်ရှိသည်။

တိုက်ပွဲများဖြစ်ပွားရာ ထီးချိုင့်မြို့ တည်နေရာပြမြေပုံ။

Show More

Related Articles

Back to top button