စစ်ကိုင်းတိုင်းအတွင်းရှိ ထီးချိုင့်နှင့် တန့်ဆည်မြို့နယ်တို့တွင် လေတပ်က နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေး ၂ ဦးအပါအဝင် အရပ်သား ၈ ဦး သေဆုံးကာ ၂၀ ထက်မနည်း ဒဏ်ရာရသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဒီဇင်ဘာ ၃ တွင် စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်မှ ၃ ဦး၊ နောက်တစ်နေ့တွင် စစ်ကိုင်းအလယ်ပိုင်း တန့်ဆည်မြို့နယ်မှ ၅ ဦး သေဆုံးခဲ့သည်။
ယမန်နေ့ (ဇန်နဝါရီ ၄) ကတန့်ဆည်နှင့် ကျွန်းလှမြို့နယ်အကြား တိုက်နယ်အဆင့် စိန်းနန်းကျေးရွာကို ဗုံးကြဲခဲ့ရာ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦး၊ ဆရာမတစ်ဦးအပါအဝင် အရပ်သားငါးဦး ပွဲချင်းပြီးသေဆုံးသွားသည်ဟု ဒေသခံများက ပြောကြသည်။
စာသင်ကျောင်းကို ပစ်မှတ်ထားကာ တိုက်ခိုက်သည်ဟု ယူဆရပြီး ကျောင်းအနီး ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ရာ ဆရာမများနေထိုင်သည့် အဆောက်အအုံတစ်ခုအပါအဝင် နေအိမ်ငါးလုံး ပျက်စီးခဲ့ပြီး လူသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု တန့်ဆည်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တာဝန်ခံက ပြောသည်။
“အသားလွတ် ….လာပစ်သွားတဲ့ပုံစံပဲ။ ဘာတိုက်ပွဲမှရှိတာ မဟုတ်ဘူး။ ကာကွယ်ရေးအဖွဲ့ဝင်တွေလည်း ရှိတဲ့နေရာ မဟုတ်ဘူး”
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ မမိုးအေး (၄၇ နှစ်)၊ ဒေါ်မိဖွေး (၅၃ နှစ်)၊ မဇင်နွယ်ထွန်း (၂၇ နှစ်)၊ စေတနာ့ဝန်ထမ်းဆရာမဖြစ်သူ မနိုင်နိုင်ထွန်း (၂၃ နှစ်) နှင့် မောင်ထက်မြတ်အောင် (၅ နှစ်)တို့ဖြစ်သည်။ ထို့အတူ ၁၂ ဦး ဒဏ်ရာရခဲ့ပြီး သုံးဦးမှာ စိုးရိမ်ရကြောင်း သိရသည်။
ဗုံးကြဲတိုက်ခိုက်မှုအနီးရှိ စာသင်ကျောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စီမံခန့်ခွဲမှုဖြင့် စာသင်ကြားနေသည့်အထက်တန်းစာသင်ကျောင်းဖြစ်ပြီး လွတ်လပ်ရေးနေ့ဖြစ်သဖြင့် ကျောင်းပိတ်ထားသောကြောင့် ထိခိုက်သေဆုံးမှုနည်းခြင်း ဖြစ်သည်။
ထိုလေယာဉ်သည် မွန်းလွဲ ၃ နာရီခန့်တွင် မန္တလေးတံတားဦးလေဆိပ်မှ လာသည်ဟု သိရသည်။
လေတပ်စခန်းများကို စောင့်ကြည့်သူတို့က လေယာဉ်အတက်အဆင်း၊ ထွက်ခွာသွားသည့်အရပ်တို့နှင့် ပတ်သက်သည့် အချက်အလက်များကို အွန်လိုင်းတွင် အမြန်ဆုံးတင်နိုင်ရန် ကြိုးစားနေကြသည်။ ထိုသို့ စောင့်ကြည့် သတင်းပို့ခြင်းများသည် တော်လှန်ရေးအဖွဲ့များအတွက် လေကြောင်းရန်ကာကွယ်ရေး အဓိကနည်းလမ်းတစ်ခု ဖြစ်လာနေသည်။
ဒီဇင်ဘာ ၃ ရက်ကလည်း မြို့သိမ်းတိုက်ပွဲ နှစ်လကြာ ပြင်းထန်နေသည့် ထီးချိုင့်မြို့နယ်တွင် ဧရာဝတီမြစ်ကမ်းဘေး မြို့အနောက်တောင်ဘက် ၁၂ မိုင်အကွာရှိ ဝဲကြီးကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် အရပ်သား ၃ ဦး သေဆုံးပြီး ၇ ဦး ပြင်းထန်ဒဏ်ရာများရခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“တိုက်ပွဲနဲ့လည်း တော်တော်ဝေးတဲ့နေရာပဲ၊ အပြစ်မဲ့တဲ့အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ” ဟု သူက ဆိုသည်။
“စစ်ရေးပစ်မှတ် မဟုတ်တဲ့နေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်တဲ့အတွက် ပြည်သူတွေ တအားသေဆုံးရတာ”
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာရှိ နေအိမ် ၅ လုံး ပျက်စီးသွားကြောင်း သိရသည်။
သေဆုံးသူများမှာ ဦးသော်ဆွေ (၅၉ နှစ်)၊ ဦးအောင်သိန်း (၆၀ နှစ်)၊ မောင်ဇာနည်အောင်(၁၇ နှစ်) တို့ဖြစ်ပြီး ဒဏ်ရာပြင်းထန်သည့်သူများအနက် နှစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။
ထီးချိုင့်မြို့သိမ်းတိုက်ပွဲ နှစ်လတာနီးပါးအတွင်း အရပ်သား ၃၀ ကျော် သေဆုံးခဲ့သည့်အနက် ၂၆ ဦးသည် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ ထီးချိုင့်ပအဖ တာဝန်ရှိသူက ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက တစ်မြို့ပြီးတစ်မြို့သိမ်းနေချိန်တွင် မြေပြန့်ဒေသမှ တော်လှန်ရေးအင်အားစုများကလည်း စစ်ကိုင်းတိုင်းအတွင်းမှ မြို့ လေးမြို့ကို သိမ်းယူထားသည်။
တန့်ဆည်မြို့နှင့် ထီးချိုင့်မြို့ကို တော်လှန်ရေးအင်အားစုများက အပြီးသတ် သိမ်းယူရန် ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်းသုံးပြီး ခုခံသောကြောင့် ယခုချိန်ထိ အောင်မြင်မှုမရသေးပေ။
ရန်သူက အရပ်ဘက်ပစ်မှတ်နေရာတွင် နေထိုင် တိုက်ခိုက်လျှင် ထိုနေရာကို စစ်ရေးပစ်မှတ်အဖြစ် သဘောထားမည်ဟု စစ်ကောင်စီက နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပြောဆိုထားသည်။
အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုရပ်ရန် အာဆီယံက ၂၀၂၃ စက်တင်ဘာတွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြီး မြန်မာစစ်ကောင်စီကို သတိပေးတောင်းဆိုထားသည်။
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုထုတ်ပြန်ချက်ကို ချက်ချင်း ကန့်ကွက်ခဲ့ပြီး ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရန် ပြန်လည်သတိပေးထားသည်။