အတွေးအမြင်

မွန်တွေ ခင်းတဲ့ စစ်တလင်းကပဲ မွန်တွေအတွက် ခံသာလေမလား

ရှမ်းမြောက်ဒေသ နယ်မြေစိုးမိုးရေးတိုက်ပွဲများနဲ့ မွန်ပြည်နယ်အတွင်း စစ်ရေးအခြေအနေတို့က မွန်ပြည်သစ်ပါတီကို မူဝါဒပြောင်းလဲဖို့ တွန်းအားပေးနေပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ စလိုက်တဲ့ ရှမ်းမြောက်၊ ရခိုင်ဒေသ စစ်ပွဲတွေကြောင့် မွန်ပြည်နယ်မှာလည်း အဓိကလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ ခေါင်းဆောင်တွေက သူတို့ပြည်သူတွေရဲ့ ဖိအား ပိုခံရတာ တွေ့ရတယ်။

မွန်ပြည်သစ်ပါတီက စစ်တပ်အာဏာသိမ်းပြီးကတည်းက ဘက်မလိုက်တဲ့ မူဝါဒ ကျင့်သုံးနေခဲ့တာပါ။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အာဏာသိမ်းတပ်တို့ရဲ့ စစ်ပွဲဟာ ဗမာတွေနဲ့သာ ဆိုင်တယ်လို့ မွန်ပြည်သစ်ခေါင်းဆောင်တွေက သဘောထားခဲ့ကြတယ်။ အခုတော့ သူတို့လေသံတွေ ပြောင်းလဲလာတာ သတိထားမိတယ်။

ပြီးခဲ့တဲ့အပတ် လွတ်လပ်သောမွန်သတင်းအေဂျင်စီမှာ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ ဆရာနိုင်ဟံသာ ပြောသွားတာက ကျွန်တော်တို့ ဒီအတိုင်းနေလို့မရတော့ဘူးတဲ့။ အခြားလက်နက်ကိုင်အဖွဲ့တွေက မွန်ပြည်သစ်ပါတီရဲ့နေရာတွေကို သိမ်းလိုက်ရင် ပြန်လည် ဆွေးနွေးတောင်းဆိုဖို့ ခက်လိမ့်မယ်၊ ကျွန်တော်တို့ရဲ့ မူဝါဒတွေ လိုအပ်ရင်တော့ ပြောင်းလဲရမယ်တဲ့။

လိုအပ်လာရင် မွန်ပြည်သစ်က မကြာခင်ကာလအတွင်း မွန်နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းတွေကို တိုက်ရမယ်လို့ သူပြောချင်တာပါ။

ဘာကြောင့် မူဝါဒ ပြောင်းလဲရမှာလဲ

မွန်တွေရဲ့ အနီးစပ်ဆုံး စံပြနမူနာက တအာင်း/ပလောင်တပ်မတော် (TNLA) ဖြစ်လာတယ်။ တအာင်းနဲ့ မွန်က သမိုင်းထဲက ညီအစ်ကိုတွေ ဖြစ်တော့ မွန်တချို့က ရှမ်းမြောက် တအာင်းတပ်တွေ မြို့သိမ်းနေတာကို ကြည့်ပြီး အားမလို အားမရ ဖြစ်လာတယ်။ တအာင်းတွေက ကိုယ်ပိုင်မြို့တွေ သိမ်းလို့ရပြီ၊ ဒါပေမဲ့ ကျွန်တော်တို့ မွန်တွေ ဘာကြောင့်မလုပ်နိုင်တာလဲလို့ အွန်လိုင်းမှာ ဝေဖန်လာကြတယ်။ မွန်ပြည်သစ် မလုပ်လို့ မဖြစ်တာပေါ့လို့ မွန်တွေက ထောက်ပြချင်တာ။

အဲဒီတော့ လက်ရှိ ရှမ်းမြောက်မြို့သိမ်းတိုက်ပွဲတွေကြောင့် မွန်ခေါင်းဆောင်တွေကြားထဲမှာလည်း မူဝါဒချမှတ်တဲ့အပိုင်းမှာ ခေါင်းကိုက်လာတယ်။

ဝေဖန်မှုနဲ့ မွန်လူမှုအဖွဲ့အစည်း

မွန်တိုင်းရင်းသားတွေထဲမှာ သူတို့ခေါင်းဆောင်တွေကို ဝေဖန်သူ နည်းသလို ဝေဖန်တဲ့လူကိုလည်း သူတို့ မကြိုက်ဘူး။ ပညာတတ်မွန်တွေထဲမှာ မွန်ပြည်သစ်နဲ့ အဆင်ပြေရင်ပြီးရောဆိုပြီး မဝေဖန်ဘဲ ငြိမ်နေသူတွေ ရှိတယ်။ အောက်ခြေလူတန်းစားတွေကျတော့ အမျိုးကိုချစ်တယ် ဆိုပြီး မဝေဖန်ကြဘူး။

ဝေဖန်မှုအားနည်းတော့ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုလည်း နောက်ကျတာ တွေ့ရတယ်။

မွန်မှာ နိုင်ငံရေးလမ်းမှန်ရောက်အောင် အားထုတ်ကြဖို့ လုပ်နေတဲ့ လူတချို့ ရှိတယ်။ ပြည်သူရဲ့ အမုန်းတွေခံပြီး လုပ်နေကြရတယ်လို့ ပြောရမယ်။ ဥပမာ မွန်လက်နက်ကိုင်တပ်အသစ်တွေ ဖြစ်ပေါ်လာအောင် လုပ်နေတဲ့ ပုဂ္ဂိုလ်တွေပါ။

သူတို့ရည်ရွယ်ချက်ကတော့ အားကောင်းတဲ့ မွန်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာပြီး မွန်မြေပေါ်မှာ ရှိနေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်စစ်တပ်ကို တိုက်ထုတ်ဖို့ပါ။

သူတို့ ရင်ဆိုင်နေရာတဲ့ အဓိက အခက်အခဲကတော့ တပ်သားအသစ် ရရှိရေးလို့ သိရတယ်။ မွန်တွေက နိုင်ငံရပ်ခြား ရွေ့ပြောင်းအလုပ်သမားအနေနဲ့ အလုပ်လုပ်နေကြတာများသလို လူငယ်တွေကလည်း စစ်မှုထမ်းဖို့ စိတ်မဝင်စားကြတော့ဘူး။ အဲဒီအတွက် မွန်လက်နက်ကိုင်တပ်အသစ်တွေက လူသစ်ရှာဖွေစုဆောင်းဖို့ ခက်လာတယ်။ သက်တမ်းရင့် လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ကိုယ်တိုင်လည်း တပ်သားသစ်ရှာဖွေဖို့ ခက်လာနေတယ်။

မွန်တွေက စစ်တိုက်လိုစိတ် မရှိကြဘူးလား

၂၀၂၁ ဖေဖော်ဝါရီလမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီတပ်ကို ကချင်၊ ကရင်၊ ကရင်နီ၊ ရခိုင်ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက တိုက်ခိုက်နေကြပါပြီ။ ဒီတော့ မွန်တွေက စစ်မတိုက်ချင်ကြဘူးလားလို့ မေးစရာ ဖြစ်လာတယ်။

အမြင်နဲ့ပြောရရင်တော့ မွန်ပြည်သစ်ကပဲ ဒီစစ်ပွဲကို စလိုက်ပါ၊ တအာင်းခေါင်းဆောင်တွေလို မွန်ပြည်သစ်ခေါင်းဆောင်တွေက ရှေ့ထွက်လိုက်ပါ၊ မွန်တွေအများစုက အလိုလိုနေရင်း ဒီစစ်ပွဲထဲ ပါလာပါလိမ့်မယ်။

ပြီးတော့ ကျွန်တော်တို့ မွန်ရဲ့အားသာချက်ကတော့ ဖွံဖြိုးတိုးတက်နေတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်နေပြီလို့ ပြောရမယ်။ ဆိုလိုတာက ပိုင်ဆိုင်မှုရှိနေတဲ့ မျိုးချစ်မွန်တွေက နောက်ကွယ်ကနေ ဒီစစ်ပွဲကို ထောက်ပံ့လာမယ်။ နိုင်ဟံသာကလည်း မွန်သတင်းဌာနရဲ့အင်တာဗျူးမှာ စစ်ပွဲဖြစ်လာရင် သူ့လက်နက်ကိုင်တွေအတွက် အားလုံးပါဝင်ထောက်ပံ့ကြဖို့  မွန်ပြည်သူတွေကို ပြောသွားတာ သတိထားမိတယ်။

မွန်စစ်ရှောင်အခြေအနေ

မွန်ပြည်နယ်မှာ မွန်တိုင်းရင်းသားစစ်ရှောင် ၁၀၀၀ ကျော် ရှိတယ်။ စစ်ရှောင်တွေက ကျိုက်မရောနဲ့ ကော့ကရိတ်မြို့နယ်တွေဆီက မွန်နဲ့ ကရင်နယ်စပ်မှာ နေထိုင်ကြပြီးတော့ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေကြားထဲမှာ လက်နက်ကြီးတွေက မွန်ရွာတွေထဲ ကျတာရှိတော့ ရွာကနေ ထွက်ပြေးကြတယ်။ စစ်ရှောင်အများစုက မွန်ဘုန်းကြီးကျောင်းတွေမှာ လာစုနေကြတယ်။လိုအပ်တဲ့ ရိက္ခာကိုတော့ မွန်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေက အလှူခံပြီးတော့ စစ်ရှောင်တွေကို ကျွေးမွေးပြုစုနေတာ တွေ့ရတယ်။

မွန်အများအပြားက စစ်ရှောင်တွေရဲ့အခြေအနေကို ကြည့်ပြီး ဗမာ PDF နဲ့ ကရင်လက်နက်ကိုင်တွေကို သဘောမကျဘူး။ ဒါပေမဲ့ ဒီစစ်ပွဲကို မွန်တွေက ရှောင်လို့ရပါ့မလား။

မွန်ပြည်သစ်ခေါင်းဆောင်တစ်ယောက်ကတော့ ရှောင်လို့မရဘူးလို့ ကျွန်တော့်ကို ပြောပြတယ်။ ရွာတွေနားမှာ တိုက်ပွဲဖော်ရင် မီးလောင်တာတွေ ဖြစ်တတ်တော့ တိုက်တဲ့သူကပဲ ရှို့သလို ဖြစ်နေတယ်။ ကိုယ့်မွန်ရွာကို ကိုယ်ကပဲ ဖျက်မလား သို့မဟုတ် တခြားတော်လှန်ရေးအဖွဲ့တွေကို ဖျက်ခိုင်းမှာလား၊ အဲဒီခေါင်းဆောင်နဲ့ ကျွန်တော်တို့တတွေ ဆွေးနွေးကြတယ်။ ကိုယ့်ရွာကို ကိုယ်ပဲဖျက်တာတော့ ကောင်းပါတယ်လို့  ကျွန်တော့်အမြင်ကို ပြောလိုက်တယ်။

ပူးပေါင်းတပ်တွေက မွန်ရွာထဲ တကယ်ဝင်လာရင်တော့ သူတို့က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်မယ်။ ရွာကနေ သူတို့မထွက်သလို တိုက်ပွဲကို သူနိုင်ကိုယ်နိုင် တိုက်ကြမယ်ဆိုတော့ ကိုယ့်မွန်ရွာတွေ ပိုပြီး ပျက်စီးမယ်လို့ ကျွန်တော်ပြောတယ်။ အဲဒီတော့ မွန်ပြည်သစ်ခင်းတဲ့ စစ်တလင်းသာလျှင် မွန်ရွာတွေ ခံသာမယ်လို့ ဒီလိုပဲ ပြောလိုက်တယ်။

(မွန်တိုင်းရင်းသား သတင်းစာဆရာ လဝီဝမ်သည် လက်ကိုင်ပဋိပက္ခ၊ တိုင်းရင်းသားများ၏ လူမှုစီးပွားနိုင်ငံရေးအခက်အခဲများကို ဆယ်စုနှစ်တစ်ခုကျော် ရေးသားတင်ဆက်နေသူဖြစ်သည်။ ယခင်က ဧရာဝတီသတင်းဌာနတွင် လုပ်ကိုင်ခဲ့သည့် လဝီဝမ်သည် ယခုအခါ ကမ္ဘာ့ကုလသမဂ္ဂ၏ အရှေ့တောင်အာရှ လူ့အခွင့်အရေးဆိုင်ရာဌာနတွင် အချိန်ပိုင်း နိုင်ငံတကာသုတေသီ၊ AFP သတင်းဌာနတွင် အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်နေသည်။)

Show More

Related Articles

Back to top button