မြန်မာ – ထိုင်း နယ်စပ် ဘုရားသုံးဆူ မြို့နယ်အတွင်းရှိ ၎င်းတို့၏ တပ်စခန်းကို တပ်မတော်ဘက်က သိမ်းဆည်းထားသည်ဟု မွန်ပြည်သစ်ဘက်က ဆိုသော်လည်း တပ်ဘက်က ငြင်းဆန်ခဲ့သည်။
မွန်ပြည်သစ်တပ် နှင့် မြန်မာ့တပ်မတော်ကြား ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းရွာအနီး ယမန်နေ့ (နိုဝင်ဘာ ၂၇ က)က တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီးနောက် မွန်ပြည်သစ်၏စခန်းကို တပ်ဘက်က သိမ်းဆည်းလိုက်ကြောင်း သတင်းများ ထွက်ခဲ့ခြင်းဖြစ်သည်။
ဂျပန်ရေတွင်းရွာရှိ မွန်ပြည်သစ်တပ်စခန်းတစ်ခုကို တပ်မတော်က ထိန်းသိမ်းထားသည်ဟု မွန်ပြည်သစ်ပါတီ/ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ၏ ဘုရားသုံးဆူ ဆက်ဆံရေးရုံး ဒု-တာဝန်ခံ ဗိုလ်ကြီး နိုင်ပကောင်းထောက ဆိုသည်။
သို့သော် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ပြောခွင့်ရ အရာရှိကတော့ ယင်းသတင်းကို ပယ်ချခဲ့သည်။
“ကျွန်တော်တို့တွေက နယ်ခြားကော်မတီအဖွဲ့တွေက နယ်ခြားပြဿနာဖြေရှင်းဖို့သွားတယ်ဗျ။ အဲဒီအချိန်မှာ သူတို့ကို ကြိုတင်အကြောင်းကြားတယ်ဗျ မွန်ပြည်သစ်ပါတီက (ဗိုလ်ကြီး) နိုင်ပကောင်းထောပါတယ်။ သူတို့အဖွဲ့ ပါတာတောင် ဘာကြောင့်ပစ်လဲမသိဘူး” ဟု အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မောင်မောင်လတ်က Myanmar Now ကိုပြောသည်။
ယမန်နေ့တိုက်ပွဲသည် ထိုင်း-မြန်မာ နယ်မြေအငြင်းပွားသည့်ပြဿနာတွင် သစ်ပင်ခုတ်သည့်ကိစ္စ၊ အမှိုက်ပုံကိစ္စများ ဖြေရှင်းရန် တပ်မတော်က မြေပြင်ကွင်းဆင်းစဉ် နံနက် ၉ နာရီခွဲ အချိန်တွင် မွန်ပြည်သစ်ဘက်က စတင်ပစ်ခတ်သည့်အတွက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး အရပ်သား စကားပြန်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဗိုလ်မှူးကြီး မောင်မောင်လတ်က ပြောသည်။
ထိုင်း-မြန်မာ နယ်မြေ အငြင်းပွားသည့်ပြဿနာအတွက် ရှင်းလင်းရန်သွားသည့်နေရာတွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်၏ စခန်းမရှိသလို၊ ၎င်းတို့ရှိသည့် ဗလဲ့ဒွန်ဖိုက်ရွာသို့လည်း တပ်မတော်က မသွားရောက်ခဲ့ဟုဆိုသည်။
တိုက်ပွဲကြောင့် ဂျပန်ရေတွင်းရွာ၊ ကြံတောရွာနှင့် အနီးတဝိုက်မှ ဒေသခံ လူဦးရေ ၄၀၀ ခန့်မှာ ထိုင်းနိုင်ငံဘက်၊ စံခလပူရီမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ ထိုင်းနိုင်ငံ၊ စံခလပူရီမြို့၊ မီးသွေးဖိုကျောင်းတိုက် ဆရာတော် အရှင်ဇာဂရ ကမိန့်သည်။
ပြီးခဲ့သည့် အောက်တိုဘာလလယ်ပိုင်းကလည်းဘုရားသုံးဆူမြို့နယ် ထိုင်းနှင့်နယ်စပ် ဗလဲ့ဒွန်ဖိုက်ရွာနှင့် ထီးဝါးဒို့ကျေးရွာအစွန်တို့၌ မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ အကျအဆုံးရှိခဲ့သည်။