ဆောင်းပါး

မွန်ပြည်သစ်အတွက် မေးခွန်းဖြစ်လာသည့် စစ်ကောင်စီနှင့် ခွဲရေးတွဲရေး

မွန်ပြည်နယ်မှ လက်နက်ကိုင်အဖွဲ့ကြီးဖြစ်သည့် မွန်ပြည်သစ်ပါတီက အာဏာသိမ်းစစ်တပ်ကို ထိတွေ့ဆက်ဆံနေသော်လည်း မွန်လူငယ်အများအပြားကမူ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နိုင်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲထဲ ပါဝင်လာကြသည်။

ထိုလူငယ်များက ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ စစ်ရေးအဖွဲ့ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထိန်းချုပ်နယ်မြေများတွင် စစ်ပညာသင်ယူထားကြသူများ ဖြစ်သည်။

ထို့နောက် မွန်ပြည်နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များ ဖွဲ့စည်းကာ ကာလတိုအတွင်း အင်အားကောင်းလာသည်၊ အာဏာသိမ်းစစ်တပ်ကို အစွမ်းကုန် ထိုးစစ်ဆင်နေပြီး ထိန်းချုပ်နယ်မြေ ရရှိနိုင်ရန် ကြိုးပမ်းနေကြသည်။ ထိုသို့ ကြိုးပမ်းရာတွင် ၎င်းတို့ကို နည်းပညာ၊ လက်နက်များ အကူအညီပေးနေသည့် KNLA နှင့် ပူးပေါင်း လုပ်ဆောင်နေခြင်း ဖြစ်သည်။

ပူးပေါင်းတပ်ဖွဲ့က မော်လမြိုင်-ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်မှ ရေးနှင့် သံဖြူဇရပ် အပိုင်းကို ထိန်းချုပ်ထားလိုက်သည်။ ထိုလမ်းပိုင်းက မြန်မာပြည်တောင်ပိုင်း ကမ်းရိုးတမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်များအတွက် လက်နက်၊ ရိက္ခာ ထောက်ပံ့ရေးအတွက် အဓိကကျသည့် လမ်းကြောင်းဖြစ်သည့်အတွက် အဆိုပါ ထိန်းချုပ်မှုသည် စစ်ကောင်စီအတွက် ခေါင်းခဲစရာ ပြဿနာအသစ်များထဲမှ တစ်ခုဖြစ်လာသည်။

ဒေသတွင်းတွင် အခြားပြဿနာတစ်ခု ရှိနေပြန်သည်။

KNLA+PDF တို့ အားကောင်းလာသည့် ယင်းဒေသတွင် အထင်ကရ မွန်တော်လှန်ရေးတပ်ဖြစ်သည့် မွန်ပြည်သစ်ပါတီလည်း လှုပ်ရှားနေသည်။ အစဉ်အဆက် ၎င်းတို့စိုးမိုးနယ်မြေဖြစ်ခဲ့သည့် ယင်းဒေသတွင် လက်နက်ကိုင်တပ်ဖွဲ့အသစ်များ ဝင်ရောက်လာမှုက မွန်ပြည်သစ်အတွက် ခေါင်းခဲစရာ ဖြစ်လာသည်။

နောက်ဆက်တွဲအဖြစ် စစ်အာဏာရှင် တော်လှန်ရေးခရီးလမ်းတွင် ဝါရင့်နှင့် မျိုးဆက်သစ် တော်လှန်ရေးသမားတို့အကြား မလိုလားအပ်သည့် ထိပ်တိုက်တွေ့ဆုံမှု၊ လူမျိုးရေးပဋိပက္ခ ပေါ်ပေါက်လာမည်ကို စိုးရိမ်နေကြသူများလည်း ရှိလာသည်။

တော်လှန်စစ်ထဲက အပစ်ရပ် မွန်ပြည်သစ်

မွန်ပြည်သစ်ဆိုသည်က လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်ကတည်းက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင်လမ်းစဉ်ကို စွဲကိုင်ထားသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး မွန်တို့အကြား သြဇာညောင်းသည်။

အမြဲတမ်းနှင့် အရန် စစ်သည်အင်အား ၄၀၀၀ ခန့်ရှိသည်ဟု သုတေသနအဖွဲ့များက ခန့်မှန်းထားသည့် မွန်ပြည်သစ်သည် ၁၉၉၅ တွင် စစ်အစိုးရနှင့် အပစ်ရပ်ရန် သဘောတူခဲ့သည်။ ၂၀၁၀ အရောက်တွင် စစ်အစိုးရက မွန်ပြည်သစ်ကို ၎င်းတို့၏ စစ်တပ်ဖွဲ့စည်းပုံအောက် ထည့်သွင်းပြီး နယ်ခြားစောင့်တပ်အဖြစ် ထားရန် ကြိုးစားခဲ့သည်။ ထိုလုပ်ရပ်ကို မွန်ပြည်သစ်က လက်မခံခဲ့သည့်အတွက် နှစ်ဖက်အကြား ၁၅ နှစ်ကြာ ကောင်းခဲ့သောဆက်ဆံရေးက ပြန်လည်အေးခဲသွားသည်။ သို့သော် ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားခြင်းမျိုးတော့ မရှိခဲ့ကြ။

မွန်တိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် မွန်ပြည်နယ်တွင် အခြေပြုလှုပ်ရှားနေသော မွန်ပြည်သစ်တိုင်းရင်းသားလက်နက်ကိုင် MNLA အဖွဲ့မှ စစ်သားများကို ၂၀၁၀ သြဂုတ်လ ၇ ရက်နေ့က တောတွင်းတစ်နေရာတွင် တွေ့ရပုံ။ (Getty Images)

၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်တွင်မူ ပြည်နယ်အဆင့် အပစ်ရပ်ဆွေးနွေးမှုများ ရှိလာခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင်မူ မွန်ပြည်သစ်က လက်မှတ်မထိုးခဲ့ပေ။

ဦးသိန်းစိန်အစိုးရ ဆင်းသွားပြီး ၂ နှစ်ပြည့်တော့မည့်အချိန်တွင် မွန်ပြည်သစ်က NCA စာချုပ်တွင် လက်မှတ်ထိုးလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အာဏာရထားချိန်တွင်မှ စာချုပ်တွင် ပါဝင်လာခြင်း ဖြစ်သည်။ စစ်တပ်က အစိုးရကို လက်နက်အားကိုးဖြင့် ဖြုတ်ချပြီးချိန်တွင်လည်း စစ်ကောင်စီ၏ နေပြည်တော်ဆွေးနွေးပွဲများကို မွန်ပြည်သစ်က တက်ရောက်ခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကိုယ်စားလှယ်များနှင့် မွန်ပြည်သစ်တို့အကြား ၅ ကြိမ်ထက်မနည်း တွေ့ဆုံထားသည်။ နောက်ဆုံးတွေ့ဆုံမှုက ၂၀၂၃ ဇူလိုင် ပထမသီတင်းပတ်တွင် ဖြစ်ပြီး သဘောတူညီချက်အချို့ လက်မှတ်ထိုးနိုင်ခဲ့ကြသည်ဟု စစ်ကောင်စီသတင်းစာများက ရေးသားသည်။ မည်သည့်အချက်များ သဘောတူခဲ့ကြသည်ဆိုသည်ကိုမူ အသေးစိတ် ဖော်ပြမထားပေ။

မွန်ပြည်သူတို့၏ အစဉ်အဆက် ထောက်ခံမှုရခဲ့သည့် မွန်ပြည်သစ်သည် စစ်ကောင်စီနှင့် ဆက်ဆံရေးကြောင့် ဝေဖန်မှုများကိုလည်း ရင်ဆိုင်နေရသည်။ မွန်ပြည်သစ်ကမူ စစ်ကောင်စီနှင့် စစ်ရေးအရ ထိပ်တိုက်မတွေ့ခြင်းမှာ မွန်လူထုအကျိုးစီးပွားအတွက်ဟု ချေပသည်။

မြေပြန့်ဒေသဖြစ်နေသည့်အတွက် တိုက်ပွဲများပေါ်ပေါက်လာပါက စစ်ကောင်စီတပ်များ အလွယ်တကူဝင်လာနိုင်ပြီး မွန်ပြည်သူများကို ဒုက္ခပေးနိုင်သဖြင့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်မည့်အရေးကို ရှောင်နေခြင်းဖြစ်ကြောင်း အကြောင်းပြသည်ဟု မွန်ပြည်သစ်၏ သဘောထားကို ရာမညအင်စတီကျု နိုင်ငံရေးသုတေသနအဖွဲ့ (RICE) က ထပ်ဆင့်ရေးသားသည်။

ဆွေးနွေးမှုများရှိနေသော်လည်း ရှောင်လွှဲမရသည့်စစ်ဖြစ်လာမည့် အခြေအနေအတွက် အသင့်ပြင်ထားရန် မွန်ပြည်သစ်ခေါင်းဆောင် နိုင်ဟံသာက မွန်လူထုကို သတိပေးထားသည်ဟုလည်း ဆိုသည်။

တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို ဆက်လက်ကျင့်သုံးနေသော်လည်း နိုင်ငံရေးအရ ဆွေးနွေးမှုမျိုးမဟုတ်ဘဲ သေနတ်သံမထွက်ရန် အဓိကထား ဆွေးနွေးနေခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာက လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ဇွန်လအတွင်းက ပြောကြားထားသည်။

“ဒီစစ်တပ်ဟာ သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုပဲ အတည်ယူထားတယ်၊ ကျွန်တော်တို့ သွားရောက်တွေ့ဆုံတဲ့ အကြိမ်တိုင်းမှာလည်း ၂၀၀၈ ဖွဲစည်းပုံအတိုင်းပဲ သူတို့အမြဲရပ်တည်တယ်။ ဆိုတော့ ပြောဆိုဆွေးနွေးလို့မရဘူး၊ ထူးမှာလည်း မဟုတ်ဘူး။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးကို ကျွန်တော်တို့ လျှော့ချလိုက်တယ်၊ ဒါပေမဲ့ နှစ်ဖက်ပစ်ခတ်မှုတွေ မဖြစ်အောင်တော့ ထိန်းထားတယ်” ဟူသော နိုင်ဟံသာ၏ ပြောစကားကို မွန်သတင်းဌာန၏ သတင်းတွင် ဖော်ပြထားသည်။

၂၀၂၂ အောက်တိုဘာလအတွင်းက စစ်ကောင်စီနှင့် ဆွေးနွေးပွဲအတွက် နေပြည်တော်ရောက်လာသည့် မွန်ပြည်သစ်ကိုယ်စားလှယ်များ (ဓာတ်ပုံ – Myanmar Digital News)

စစ်ကောင်စီနှင့် မွန်ပြည်သစ်တို့အကြား ဆက်ဆံရေးကို စောင့်ကြည့်နေသူများထဲတွင် မွန်ပြည်နယ်တော်လှန်ရေးတပ် – တောင်ပိုင်း (Mon State Revolutionary Force – MSRF) လည်း အပါအဝင်ဖြစ်သည်။ ထိုတပ်ဖွဲ့သည် အာဏာသိမ်းစစ်တပ်ကို ခုခံရန် စုဖွဲ့ထားသည့် မွန်လက်နက်ကိုင်တပ်ဖွဲ့သစ်များထဲမှ တစ်ဖွဲ့ဖြစ်သည်။

အာဏာသိမ်းပြီးနောက်တွင် အပစ်ရပ်မွန်ပြည်သစ် တိုက်စစ်ဆင်မည့်အချိန်ကို အခြားသော မွန်လူငယ်များနှင့်အတူ ၎င်းတို့လည်း စောင့်မျှော်ခဲ့ကြောင်း၊ ထူးခြားမှုမတွေ့ရသည့်အတွက် တော်လှန်ရေးတပ်အသစ်ကို တည်ထောင်ခဲ့ရခြင်းဖြစ်ကြောင်း MSRF အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့စဖွဲ့စည်းတုန်းက တော်လှန်ရေးတပ်သားအများစုက မွန်ပြည်သစ်ပါတီရဲ့ ရဲဘော်တွေအများစု ဖြစ်တဲ့အခါကျတော့ သူတို့ စစ်အခြေခံသင်တန်းလေးတွေ အများစု သင်ထားပြီးသားရှိတယ်။ KNU က သင်တန်းမဟုတ်ပေမဲ့ KNU နယ်မြေမှာ ဖွင့်ထားတဲ့ အဖွဲ့တွေဆီမှာ ကျွန်တော်တို့ သင်တန်းသွားတက်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

မွန်ပြည်သစ်ပါတီကို ထောက်ခံကြသော ဒေသခံ မွန်လူထုမှာ အသစ်ပေါ်လာသည့် တော်လှန်ရေးတပ်ဖွဲ့များကို ရဲရဲတင်းတင်း မထောက်ခံဝံ့သေးကြောင်း နိုင်နဂါးက ဆက်ပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်တို့တွင် အဓိက လှုပ်ရှားနေသည့် MSRF က အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်သည့် မည်သည့်အဖွဲ့နှင့်မဆို ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးအချက်အချာကျသည့် တံတားနှင့် လမ်းပိုင်းအချို့ကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်။

မွန်ဒေသရောက် KNLA-PDF ပူးပေါင်းတပ်

စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် KNLA+PDF တပ်များသည် စစ်ရေးအတွေ့အကြုံ ရှိလာသည်နှင့်အမျှ သူတို့၏ ထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်လာအောင်လည်း ကြိုးစားလာကြသည်။

ပူးပေါင်းတပ်များသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတို့ကို အဓိက ချိတ်ဆက်ထားသည့် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် နေ့စဉ်နီးပါး ပိတ်ဆို့စစ်ဆေးနေပြီး သူတို့၏ နယ်မြေစိုးမိုးမှုက မော်လမြိုင်၊ ရေး၊ သံဖြူဇရပ်မှသည် တနင်္သာရီတိုင်း၏ ဝင်ပေါက်ဖြစ်သည့် မလွှဲတောင်အထိ ရှိလာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ၎င်းတို့၏ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့၏ သဘောတူညီချက်ဖြင့် ယင်းနယ်မြေများကို တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၃) အဖြစ် သတ်မှတ်သည်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ ပါဝင်သည့် ထိုစစ်ဒေသတွင် NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF စစ်ကြောင်းများဖြစ်သည့် ကျားဖြူ၊ ဒေါန၊ တောင်ညို၊ နဂါးနီ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တို့က အဓိက တိုက်ပွဲဝင်နေကြသည်။ စစ်ဆင်ရေးများတွင် KNLA တပ်မဟာအချို့က ဦးဆောင်သည်။

KNLA+PDF တပ်ပေါင်းစုများ တပ်လှုပ်တပ်ရွှေ့လုပ်နေသည့် အဆိုပါဒေသတွင် မွန်ပြည်သစ်ပါတီ၏ သြဇာသက်ရောက်သည့် နယ်မြေများလည်း ပါဝင်သည်။ ၎င်းတို့စိုးမိုးသည့်နယ်မြေတွင် ကရင်တပ်များ၊ တော်လှန်ရေးတပ်ဖွဲ့သစ်များ ရောက်လာခြင်းက စစ်တပ်နှင့် အပစ်ရပ်သဘောတူညီမှုကို ထိန်းထားသည့် မွန်ပြည်သစ်အတွက် ခေါင်းခဲစေခဲ့သည်။

မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းတွင် လှုပ်ရှားနေသည့် KNLA+PDF ပူးပေါင်းတပ်ဖွဲ့ကို ၂၀၂၃ ဇွန်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF)

မွန်ပြည်သစ်က ၎င်းတို့နယ်မြေထဲတွင် တပ်စခန်းချခြင်း၊ လှုပ်ရှားခြင်း မပြုပါက တော်လှန်ရေးတပ်ဖွဲ့သစ်များကို တားဆီး၊ နှောင့်ယှက်၊ ကန့်ကွက်ခြင်းမရှိဟု MSRF အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ဆိုသည်။

သို့သော် ပြီးခဲ့သည့် မေလမှစတင်ပြီး အခြေအနေက တစ်မျိုးပြောင်းသွားခဲ့သည်။

၂၀၂၃ မေ ၂ တွင် အဆုံးသတ်ခဲ့သည့် ၁၇ ကြိမ်မြောက် ကွန်ဂရက်ညီလာခံအပြီးတွင် KNU က ၈ ခုမြောက် တပ်မဟာကို ဖွဲ့စည်းရန် စီစဉ်နေသည်ဆိုသည့် သတင်းထွက်လာသောကြောင့် မွန်ပြည်သစ်နှင့် မွန်နိုင်ငံရေးအင်အားစုများကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။

တရားဝင်စာ ထုတ်ပြန်ခြင်း မရှိသော်လည်း KNU တည်ထောင်မည့် တပ်မဟာ (၈) ၏ နယ်မြေသစ်သည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားကို အခြေပြုမည်ဟု ၎င်းတို့ရရှိသည့် သတင်းများကို အခြေခံပြီး ရာမညအင်စတီကျု နိုင်ငံရေးသုတေသနအဖွဲ့ (RICE) က ၂၀၂၃ ဇူလိုင် ၁ တွင် ထုတ်ဝေသည့် “ခေတ်သစ်ကရင်နီပြည်အစိုးရနှင့် မွန်နိုင်ငံရေးရေချိန်” စာတမ်းတွင် ဖွင့်ဟထားသည်။

KNU ၏ အဆိုပါဆုံးဖြတ်ချက်သည် KNU ဒုစစ်ဦးစီးချုပ် ဘောကျော်ဟဲ ဦးဆောင်သည့် တပ်မှူးများညီလာခံမှ ထွက်လာခြင်းဖြစ်ပြီး KNU/KNLA ၏ တပ်မဟာ (၆) လက်အောက်မှ တပ်ရင်း ၃ ရင်းနှင့် အင်အား ၅၀၀ နီးပါးရှိသည့် ကျားဖြူ၊ ဒေါန၊ နဂါးနီနှင့် တောင်ညို စသည့် PDF စစ်ကြောင်းများဖြင့် တပ်မဟာ (၈) ကို ဖွဲ့စည်းမည်ဟု အမည်ဖော်ပြမထားသည့် သတင်းရင်းမြစ်ထံမှ RICE ၏ သုတေသီက သိရှိခဲ့သည်ဟု ဆိုသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ (ဓာတ်ပုံ – ကရင်အမျိုးသားမီဒီယာ)

ကရင်တပ်ဖွဲ့ KNU တပ်မဟာသစ်သတင်းသည် မွန်ပြည်သစ်ပါတီ၏ ထိန်းချုပ်နယ်မြေနှင့် မွန်ပြည်နယ်ဧရိယာအများစုကို KNLA က နယ်မြေစိုးမိုးရန် ကြိုးပမ်းခြင်းဟု မွန်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် RICE က ရှုမြင်ပြီး မွန်နှင့် ကရင်ကြား ပဋိပက္ခဖြစ်ပွားလာနိုင်ခြေကိုလည်း ထည့်တွက်ရန်လည်း သတိပေးထားသည်။

မွန်ပြည်နယ်အခြေစိုက် PDF ခေါင်းဆောင်တစ်ဦးကလည်း မွန်လူထုအကြားတွင် KNU တပ်မဟာ (၈) တည်ထောင်မည့် သတင်းက ရိုက်ခတ်နေသည်ဟု ဆိုသည်။ မွန်ကျေးရွာများက အဆိုပါသတင်းကို ၎င်းတို့နယ်မြေများအတွက် ခြိမ်းခြောက်မှုတစ်ခုဟု မြင်နေကြောင်း၊ စစ်ကောင်စီကို တော်လှန်ရာတွင် တစ်ခဲနက် ပါဝင်လာနိုင်ရန်မှာ ခက်ခဲနေကြောင်း ၎င်းကဆိုသည်။

“ခု တပ်မဟာ (၈) ဆိုပြီး လုပ်မယ်ဆိုပြီး လျာထားတဲ့ နယ်မြေတစ်လျှောက်လုံးမှာက ဒီ PDF စစ်ကြောင်း ၄ ကြောင်းကို ပို့ပြီးသား ဖြစ်နေပြီပေါ့။ အဲဒီလိုအခြေအနေမျိုးမှာ တပ်မဟာ (၈) ဆိုတဲ့ ဖွဲ့စည်းမှုကို လုပ်မယ်ဆိုရင်တော့ မြေပြင်မှာရှိတဲ့ PDF တွေအနေနဲ့က ဒေသခံပြည်သူတွေရဲ့ အထောက်အကူကို မရဘဲနဲ့ ဒေသခံပြည်သူလူထုရဲ့ ဆန့်ကျင်တဲ့အပိုင်းကို ရောက်သွားမယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် မတည်မငြိမ်ဖြစ်နေသည့် မွန်ပြည်နယ် မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်အတွင်း ကားလမ်းမများနှင့် ကျေးရွာအချို့တွင် မွန်ပြည်သစ်ပါတီ၏ လက်နက်ကိုင်တပ် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-MNLA က ယခုနှစ် ဇူလိုင်လဆန်းပိုင်းမှစတင်ကာ တပ်လှုပ်ရှားလာကြောင်း လွတ်လပ်သော မွန်သတင်းအေဂျင်စီ သတင်းဌာနက ရေးသားသည်။ မွန်ပြည်သစ်တပ်များ ရောက်လာသည်ကို ဒေသခံ မွန်လူထုကလည်း ကြိုဆိုသည်ဟု မွန်သတင်းဌာနက ဆိုသည်။

၂၀၂၃ ဇွန်လဆန်းမှစတင်ပြီး မွန်ပြည်နယ် မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်အတွင်း ကားလမ်းမများနှင့် ကျေးရွာအချို့တွင် မွန်လက်နက်ကိုင်တပ်-MNLA က ကင်းလှည့်ခြင်း၊ တပ်လှုပ်ရှားခြင်းများ ပြုလုပ်လာသည် (ဓာတ်ပုံ – MNLA Facebook)

မွန်တပ်၊ ကရင်တပ် ဆိုသည့် အမြင်ထက် စစ်အာဏာရှင် ကျဆုံးရေးဆိုသည့် အမြင်ကို ရှေ့တန်းတင်ကြသည့် ဒေသခံလူငယ်တချို့လည်း ရှိသည်။ ရေးမြို့နယ်မြောက်ပိုင်းတွင် နေထိုင်သည့် တက်ကြွလှုပ်ရှားသူ မွန်လူငယ်က မွန်ပြည်သစ်၏ စစ်ကောင်စီအပေါ် ထားရှိသည့် သဘောထားကိုလည်း ပြန်လည်ဆန်းစစ်သင့်သည်ဟု ယူဆသူဖြစ်သည်။

“ကရင်တွေလာပြီး လွှမ်းမိုးသွားမယ်ဆိုတာက အပြင်ပန်းပဲ ပြောနေကြတာပဲလေ။ မွန်တွေက ကိုယ်မှ မလုပ်နိုင်တာကိုလေ။ ခုစစ်ပွဲကို အကောင်အထည်ဖော်နေတဲ့ PDF တွေအားလုံးက KNU နဲ့ PDF တွေ ပေါင်းထားတာပဲ။ ပြီးတော့ မွန်ရွာနဲ့ ကရင်ရွာဆိုတာက ခွဲခြားလို့ရတာမျိုးတော့ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

KNU ကမူ KNLA တပ်ရင်း (၂၇) နှင့် PDF ပူးပေါင်းတပ်ဖွဲ့ နေရာယူထားသည့် နယ်မြေများမှာ တပ်မဟာ (၄) နယ်မြေထဲတွင် ဖြစ်သည်၊ တပ်မဟာ (၄) နယ်မြေမှာ ရှည်လျားသည့်အတွက် အင်အားဖြည့်စည်းခြင်းသာဖြစ်သည်ဟု ဆိုသည်။ တပ်မဟာ (၈) ဖွဲ့စည်းထူထောင်ရေးအတွက် ဗဟိုကော်မတီတွင် ဆွေးနွေးခဲ့ခြင်း မရှိသေးဟုလည်း KNU ဗဟိုအမြဲကော်မတီဝင်၊ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။

“တပ်မဟာတစ်ခုဖြစ်ဖို့ဆိုတာက လုပ်ရမယ့် လုပ်ငန်းတွေ အဆင့်ဆင့်ရှိတယ်။ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ဘူးပေါ့။ နောက်ပြီးတော့ အများကြီး အချိန်ယူပြီးတော့ ပြင်ဆင်ရတာတွေ ရှိတယ်။ တပ်မဟာ (၈) ကို တည်ထောင်ဖို့ မတည်ထောင်ဖို့ ဆိုတာက ကျွန်တော်တို့ရဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဘာမှ ပြောခဲ့ ဆွေးနွေးခဲ့တာ မရှိပါဘူး” ဟု ၎င်းက ပြောသည်။ 

ထို့ပြင် ဒေသတစ်ခုသို့ စစ်ဆင်ရေး ဝင်ရောက်ပါက ဒေသခံများနှင့် အပြန်အလှန်လေးစားမှုရယူပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာရန် KNLA+PDF ပူးပေါင်းတပ်ဖွဲ့ဝင်များကို ညွှန်ကြားထားကြောင်း၊ တပ်ဖွဲ့များအကြား ပဋိပက္ခမဖြစ်စေရန် အပြန်အလှန်ဆက်သွယ်မှုကို စနစ်တကျ တည်ဆောက်ထားရန် အရေးကြီးကြောင်း ၎င်းက ဆက်ပြောသည်။

၂၀၁၂ ခုနှစ်က ထိုင်း-မြန်မာနယ်စပ်အနီး တွေ့ရသော KNU တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ-PORNCHAI KITTIWONGSAKUL/AFP via Getty Images)

“စစ်အာဏာရှင်ကို ပူးပေါင်းတိုက်ဖို့က ပထမဦးဆုံး အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ (KNU) တပ်နဲ့ ဆက်သွယ်ပြီးတော့ စစ်အာဏာရှင်စနစ်ကို အတူတကွ ပူးပေါင်းပြီးတော့ တိုက်ဖျက်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပဒိုစောကလယ်စေးက ပြောသည်။

NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူကလည်း တိုင်းရင်းသားခေါင်းဆောင်များကြားတွင် ဆွေးနွေးထားပြီးသား ကိစ္စများဖြစ်၍ လူမျိုးရေးပဋိပက္ခ ဖြစ်လာနိုင်ခြေမရှိဟု ဆိုသည်။

“ဒီတော်လှန်ရေးက နယ်မြေတွေဦးဖို့၊ နယ်မြေတွေကို ကြိုယူထားဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်နေကြတာမှ မဟုတ်တာ။ နယ်မြေကိစ္စတွေကတော့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုတွေကပဲ သွားရမှာဖြစ်တယ်။ ဒီလိုရည်ရွယ်ချက်မျိုးလည်း မရှိကြပါဘူး။ ယုံကြည်မှုဆိုတဲ့ ကိစ္စကလည်း စနစ်တကျတည်ဆောက်ရတဲ့ သဘောမျိုးရှိပါတယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ရန်အတွက် တော်လှန်ရေးနယ်မြေများ ကန့်သတ်မနေဘဲ မွန်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ပူးပေါင်းပါဝင်ရန် လိုအပ်ပြီး မွန်ပြည်သူလူထု၏ ကူညီမှုအပြည့်အဝရရန် မျှောင်လင့်ကြောင်း MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

“နိုင်ငံရေးကို လုံးဝနားမလည် လက်မခံတဲ့ စစ်အာဏာရှင်နဲ့ နိုင်ငံရေးဆွေးနွေးတယ်ဆိုတာ ရယ်စရာကောင်းတဲ့ ဇာတ်လမ်းပါ။ တော်လှန်ရေးသမိုင်းအရလည်း (မွန်ပြည်သစ်) တွေ့ကြုံပြီးသားမို့လို့ စစ်ကောင်စီဆီက ဘာမှ မျှော်လင့်ချက်မထားဖို့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာပြည်အထက်ပိုင်း အခြေစိုက် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုကို ကူညီနေကြသည်။ အောက်မြန်မာပြည်တွင်လည်း KNU က အကူအညီအများအပြား ပေးလျက်ရှိသည်။ ဤအခြေအနေတွင် မွန်ပြည်သစ်ပါတီ၏ သီးခြားရပ်တည်နေခြင်းက ထူးထူးခြားခြား ပေါ်လွင်လာနေသည်။

မွန်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် ရာမညအင်စတီကျု နိုင်ငံရေးသုတေသနအဖွဲ့ (RICE) ကမူ ရှုပ်ထွေးလာသည့် စစ်ရေး၊ နိုင်ငံရေးအခြေအနေတွင် ထိန်းချုပ်နယ်မြေ မဆုံးရှုံးရေး၊ မွန်ပြည်သူတို့ကို ကာကွယ်ရေးအတွက် မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တို့ ဆုံးဖြတ်ချက်ချရန် အချိန်ရောက်ပြီဟု ဆိုသည်။

မွန်သုတေသနအဖွဲ့က ပြောပြသည့် လမ်းနှစ်သွယ် ရှိသည်။

“မိမိတို့လူမျိုး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် တော်လှန်ရေးအင်အားစုတို့နှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မည်လော”

“စစ်ကောင်စီနှင့် အလိုက်သင့်နေပြီး နယ်မြေအဆုံးရှုံးခံ၊ နိုင်ငံရေးသိက္ခာအကျခံမည်လော”

အဆုံးအဖြတ်ကို မွန်ပြည်သစ် ထိပ်ပိုင်းခေါင်းဆောင်တို့ ချမှတ်ရမည်ဖြစ်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button