သတင်း

မွန်ပြည်သစ်ပါတီခွဲထွက်အဖွဲ့ NUG နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာသည့်အဖွဲ့က NUG အစိုးရနှင့် မဟာမိတ်ဖြစ်လာပြီး ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း လုပ်ကိုင်သွားရန် ဆက်လက် ဆွေးနွေးသွားမည်ဟု ဆိုသည်။

မကြာသေးမီက မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာသည့် အင်အားစုက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ယမန်နေ့ (ဖေဖော်ဝါရီ  ၂၂) တွင် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူလိုက်သည်ဟု သိရသည်။

အာဏာရှင်စနစ်များအပြီးတိုင်တိုက်ဖျက်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်၊ ခိုင်မာသော မဟာမိတ်အဖြစ် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် ကဏ္ဍအားလုံးတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဒုအဖွဲ့ခေါင်းဆောင် နိုင်ဗညားလယ်က Myanmar Now ကို ပြောသည်။

“လောလောဆယ် ယေဘုယျအနေနဲ့ သဘောတူထားတာပါ၊ လုပ်ငန်းတစ်ခုစီ အသေးစိတ်ကတော့ သက်ဆိုင်ရာကဏ္ဍအလိုက် ထပ်မံဆွေးနွေးရဦးမှာပါ” ဟု နိုင်ဗညားလယ်က ပြောသည်။

“မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) – NMSP AD” ဟု အမည်ခံယူထားသော ထိုအဖွဲ့မှ ဆွေးနွေးပွဲ တက်ရောက်သူများမှာ အဖွဲ့ခေါင်းဆောင် နိုင်ဇေယျ၊ ဒုအဖွဲ့ခေါင်းဆောင် – ၁ နိုင်ဗညားလယ်၊ ဒု အဖွဲ့ခေါင်းဆောင် -၂ ဗိုလ်ချုပ် လယိဂကောင်း၊ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်တို့ ဖြစ်သည်။

NUG အစိုးရဘက်မှ မဟာမိတ်ဆက်ဆံရေး ကော်မတီအဖွဲ့ခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်တို့ တက်ရောက်ကြသည်။

ပထမဆုံးအကြိမ် ရင်းရင်းနှီးနှီးတွေ့ဆုံမှုဖြစ်ကြောင်း၊ နိုင်ငံတောင်ပိုင်းတွင် စစ်ရေးအရှိန် ပိုတက်လာနိုင်ကြောင်း ဦးနိုင်ထူးအောင်က ပြောသည်။

“စစ်ရေးအရကတော့ လက်တွေ့ကျကျ ဘယ်လိုပူးပေါင်းမလဲ ဆိုတာကတော့ ဆက်ဆွေးနွေးသွားဖို့ရှိပါတယ်။ တွေ့ဆုံမှုကတော့ ကျွန်တော်တို့အနေနဲ့ ပူးပေါင်းမယ်။ ဆက်လက်ပြီးတော့ စစ်ရေးဆိုင်ရာ ပူးပေါင်းမှုတွေ ဆက်လုပ်မယ်ဆိုတဲ့ အပိုင်းပဲရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

“တောင်ပိုင်းမှာဆိုရင် ပိုပြီးတော့ အရှိန်တက်လာမယ်။ မဟာမိတ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်လာနိုင်တာနဲ့အမျှ စစ်ကောင်စီကို ပိုပြီးတော့ အလဲထိုးလာနိုင်ဖို့အတွက်က ပိုပြီးတော့ အားကောင်းလာမယ်”

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရန် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ပြန်တိုက်မည်ဟု NMSP AD အဖွဲ့က ဖေဖော်ဝါရီ ၁၄ တွင် ထုတ်ပြန်ခဲ့ပြီးနောက် NUG နှင့်  တွေ့ဆုံလိုက်ခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီသည် အာဏာသိမ်း စစ်တပ်နှင့် ၃ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း နိုင်ငံရေးပြဿနာများကို မဖြေရှင်း နိုင်သည့်အတွက် ခေါင်းဆောင်တချို့က ဦးဆောင်ပြီး ခွဲထွက်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် အခြေစိုက် လှုပ်ရှားနေသော မွန်ပြည်သစ်ပါတီတွင် စစ်သည်အင်အား ၁၀၀၀ ဝန်းကျင်နှင့် အရံအင်အား ထောင်ဂဏန်းရှိရာ ခွဲထွက်လာသည့် အဖွဲ့တွင် အင်အားမည်မျှ ပါဝင်သည်ကို မသိရသေးပေ။

ခွဲထွက်သွားသူများ မိခင်အဖွဲ့အစည်းထံ ပြန်လာနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မွန်ပြည်သစ်ပါတီက ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

NMSP AD ကမူ “တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း” ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကြေညာထားသည်။

Show More

Related Articles

Back to top button