မေးမြန်းခန်း

အပင်စိုက်သူမှ အာဏာရှင်အမြစ်ကို ဖြတ်မယ့် တော်လှန်ရေးသမားဖြစ်လာသူ ကိုမာဝီ

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF နှင့် ပူးပေါင်းတပ်များသည်လည်း လက်သံပြောင်သည့် ပူးပေါင်းတပ်ဖွဲ့ဝင်များအဖြစ် ထင်ရှားသည်။

လတ်တလောတွင် ပြည်နယ်မြို့တော်ဖြစ်သော လွိုင်ကော်ရှိ စစ်ကောင်စီတပ်စခန်းများကို KNDF နှင့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားနေပြီဖြစ်သည်။

လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို KNDF ပူးပေါင်းတပ်များက ယခုလ ၁၄ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ အညံ့ခံရန်နှင့် လက်နက်ချရန် လာသူများကို မည်သည့်တိုက်ခိုက်မှုမျိုးမျှ မလုပ်ရန် ယင်းတပ်သားများကို ညွှန်ကြားနေသည့် ရုပ်သံဖိုင်ကို KNDF က ယင်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ထိုရုပ်သံဖိုင်တွင် “ရဲဘော်တွေ မင်းတို့က စစ်စည်းကမ်းလိုက်နာတဲ့ ရဲဘော်တွေဖြစ်တယ်၊ လုံးဝမလုပ်ရဘူး” ဟု ညွှန်ကြားနေသူမှာ တစ်ချိန်က စိုက်ပျိုးရေးသမားဖြစ်ခဲ့ပြီး ယခု စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေးတိုက်ပွဲတွင် ပါဝင်နေသည့် KNDF ဒုတိယစစ်ဦးစီးချုပ် ကိုမာဝီဖြစ်သည်။

ဒဏ်ရာများဖြင့် အညံ့ခံလာသည့် စစ်ကောင်စီတပ်သားများကို ရန်ပြုမည်မဟုတ်ဟု KNDF ဒုတိယစစ်ဦးစီးချုပ်က အော်ဟစ်ကတိပေးပြီး ဆေးကုပေးရန် ညွှန်ကြားနေသည်ကိုလည်း တွေ့ရသည်။

ကိုမာဝီသည် စစ်တပ်အာဏာမသိမ်းမီတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝစိုက်ပျိုးရေးတို့ကို တန်ဖိုးထားပြီး သူစိုက်ပျိုးလိုသည့်အပင်များ ရှင်သန်ရေး ရေလောင်းပေါင်းသင်အလုပ်ကိုသာ ဦးစားပေး လုပ်ကိုင်လိုခဲ့သူဖြစ်သည်။ သို့သော် စစ်တပ်အာဏာသိမ်းလိုက်ချိန်တွင် သည်းခံစိတ်ကုန်ဆုံးသွားပြီး လက်နက်ကိုင်ကာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် ဖြစ်လာခဲ့သည်ဟု သူက ဆိုသည်။

သဘာဝပတ်ဝန်းကျင်ကို အလေးထားပြီး၊ စိုက်ပျိုးရေးကိုသာ စိတ်ဝင်စားခဲ့သည့် စိုက်ပျိုးရေးသမားမှသည် လက်နက်ကိုင်တော်လှန်ရေးသမားဖြစ်လာသည့် ကိုမာဝီကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။

မေး – ပထမဆုံးမေးချင်တာက ပေါက်တူးကိုင်တဲ့လက် စိုက်ပျိုးရေးသမား၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူကနေ ဘယ်လိုဖြစ်ပြီး လက်နက်ကိုင်ဖြစ်သွားတာလဲဗျ။

ပထမတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စတွေ၊ လူငယ်နဲ့ ငြိမ်းချမ်းရေးကိစ္စတွေ သဘာဝစိုက်ပျိုးရေးကိစ္စတွေ ဒါတွေလုပ်တယ်၊ ပြီးတော့ ကျွန်တော် Organic Farm လေးတစ်ခု လုပ်ဖို့ ကြိုးစားပြီးတော့ Sustainable lifestyle နဲ့ နေဖို့ရာအတွက် ပြင်ဆင်နေတဲ့အချိန်ကာလပေါ့ဗျာ။ အဲ့ဒီမှာ အာဏာသိမ်းသွားတော့ ဘာမှလည်းလုပ်လို့မရ၊ ကိုယ့်လုပ်လက်စကိုလည်း ဒီအတိုင်းပဲ ဆက်လုပ်သွားဖို့ လိပ်ပြာမလုံဘူးပေါ့၊ အတိုချုပ်ပြောရရင်တော့ Environmental Activist တစ်ယောက်အနေနဲ့ ဖြတ်သန်းတယ်လို့ ပြောလို့ရပါတယ်။

ကျွန်တော်တို့လူတွေအားလုံးမှာ သည်းခံစိတ်ဆိုတာ ရှိကြပါတယ်၊ အဲ့ဒီလိုပဲ သည်းခံစိတ် ကုန်လွန်သွားတဲ့အခြေအနေလည်းရှိတာပဲ၊ အကြမ်းဖက်စစ်ကောင်စီကတော့ အပြစ်မဲ့ပြည်သူလူထုအပေါ်မှာ မတရားပြုကျင့်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ ဖမ်းဆီးမှုတွေ အဲ့ဒါတွေက ကျွန်တော်တစ်ဦးတည်းမဟုတ်ဘဲ ပြည်သူလူထုက ဒီဟာကို သည်းခံစိတ်ကုန်တဲ့အခါမှာ ကျွန်တော်တို့ လက်နက်ဆွဲကိုင်ပြီး တိုက်ခိုက်တဲ့အခြေအနေကို ရောက်သွားတာပဲဖြစ်ပါတယ်။

ကနဦးပိုင်းမှာတော့ ကျွန်တော်တို့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်၊ ဆန္ဒတွေပြကြတယ်၊ သို့သော်လည်း နောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ သည်းခံနိုင်စွမ်းကုန်သွားတာပေါ့၊ လူတိုင်းမှာ သည်းခံစိတ်တွေရှိကြသလို သည်းခံစိတ်ကုန်သွားတဲ့ အခြေအနေတွေလည်း လူတိုင်းမှာရှိပါတယ်။

ဒီအခြေအနေက ကျွန်တော်တို့မှမဟုတ်ဘူး၊ ပြည်သူတစ်ရပ်လုံးကို သည်းခံစိတ်ကုန်သွားအောင် လုပ်လိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီက သူတို့တွန်းပို့လိုက်တဲ့လမ်းပဲဖြစ်ပါတယ်၊ အဲ့ဒါကြောင့် အားလုံးက လက်နက်ဆွဲကိုင်ပြီးတော့မှ တော်လှန်ရေးလမ်းကို လျှောက်ခဲ့ကြတာဖြစ်တယ်။

အဲ့ဒီအတွက်ကြောင့် အခုအချိန်မှာ နိုင်ငံအနှံ့အပြားမှာ အကြမ်းဖက် စစ်ကောင်စီကို ဖြိုချဖို့ တိုက်ပွဲတွေ နေရာအနှံ့မှာ ဖြစ်နေတာပါ။ ဆိုတော့ ရိုးရှင်းပါတယ်၊ ကျွန်တော်တို့ ပြည်သူလူထုကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တဲ့သူ၊ လက်နက်အားကိုးပြီး အနိုင်ကျင့်တဲ့သူ ပါးစပ်နဲ့ ပြောလို့မရတော့တဲ့ အခြေအနေရောက်နေတဲ့အတွက်ကြောင့်၊ လက်နက်အားကိုးတဲ့သူကို လက်နက်နဲ့ ပြန်ပြီးတော့မှ တုံ့ပြန်ရမယ့်အခြေအနေဖြစ်လာတာ ဖြစ်ပါတယ်။

မေး – လတ်တလောမှာတော့ KNDF နဲ့ ပူးပေါင်းတပ်တွေဟာ လွိုင်ကော်မြို့ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်နေတယ်၊ လွိုင်ကော်ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းမယ်ဆိုတာလည်း ကြားသိနေရပါတယ်၊ ဒီအခြေအနေက ဘယ်အထိ ခရီးပေါက်ပြီလဲ။

ကျွန်တော်တို့ လွိုင်ကော်ကို အခု ဦးတည်ပြီးတော့ တိုက်ခိုက်နေတာရှိပါတယ်၊ ကျွန်တော်တို့ယုံကြည်ထားတာသည် ကျွန်တော်တို့နယ်မြေထဲကို ဝင်လာတဲ့ စစ်ကြောင်းလေးတစ်ခုတည်းနဲ့ ထိတွေ့မှုဖြစ်ပြီးတော့မှ တိုက်ပွဲလေးဖြစ်ပြီးတော့မှ အဲ့လောက်နဲ့ပဲ ကျွန်တော်တို့ တော်လှန်ရေးလုပ်လို့မရဘူးဆိုတာ ကျွန်တော်တို့နားလည်ထားတယ်၊ ကျွန်တော်တို့ဘက်က ထိုးစစ်ဆင်ပြီးတော့မှကို အကြမ်းဖက်စစ်ကောင်စီကို ပြိုလဲအောင် ကြိုးစားရမယ့် အခြေအနေဆိုတာကို ကျွန်တော်တို့နားလည်ထားတယ်။

ဒါ့ကြောင့် ကရင်နီမှာဆိုရင်လည်း မြို့တော်ဖြစ်တဲ့ လွိုင်ကော်ကိုပေါ့နော် နိုဝင်ဘာ ၁၁ ရက်နေ့တည်းက ၁၁.၁၁ Operation ဆိုပြီးတော့ ကျွန်တော်တို့ စတင်ခဲ့တယ်၊ လွိုင်ကော်မြို့ကို ချီတက်ပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်ပြီးတော့ လွိုင်ကော်မြို့ထဲက စစ်ကောင်စီရဲ့ယန္တရားတွေကို ဖြိုချပြီးတော့ သူ့ရဲ့အမာခံ ရဲ၊ သူ့ရဲ့အမာခံ စစ်တပ်စခန်းတွေကို ကျွန်တော်တို့ ဝင်ရောက်တိုက်ခိုက်နေတယ်။ အတိုင်းအတာတစ်ခုအထိလည်း အောင်မြင်နေတာရှိတယ်။ စစ်ကောင်စီဘက်ကနေပြီးတော့မှ အတုံးအရုံးနဲ့ ကျဆုံးပြီးတော့မှ ထွက်ပြေး၊ လက်နက်ချ၊ အုပ်ချုပ်မှုတွေ ပျက်ပြားပြီးတော့မှ ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေရှိနေပါတယ်။

အဲ့ဒီတော့ ကျွန်တော်တို့က မြို့ကို ဆက်လက်ပြီးတော့မှ တိုက်ခိုက်သိမ်းပိုက်သွားမယ်၊ အခုအခြေအနေထိဆို ကျွန်တော်တို့မြို့ကို တစ်ဝက်လောက်ထိ ကျွန်တော်တို့ စိုးမိုးထားနိုင်ပြီ၊ ဒီအခြေအနေမှာတော့ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ကတော့ သူတို့သုံးလို့ရတဲ့ သူတို့အားသာတဲ့ လေကြောင်းနဲ့ လက်နက်ကြီးကိုတော့ မတော်မတရားသုံးတာပေါ့ဗျာ၊ ဒါပေမဲ့လည်း မြေပြင်ထိုးစစ်အခြေအနေမှာတော့ စစ်ကောင်စီတပ်တွေဟာ ပက်လက်လန်နေပြီး အခြေအနေမကောင်းတဲ့ အနေအထားမှာ ရှိနေပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့က ကရင်နီဒေသအတွင်း စစ်လေယာဉ် ပျက်ကျစဉ် လေထီးခုန်ချပြီး လွတ်မြောက်သွားသည့် လေသူရဲ နှစ်ဦးထဲမှ ဗိုလ်မှူးခိုင်သန့်မိုးကို တော်လှန်ရေးအဖွဲ့များ ၈ ရက်အကြာတွင် ဖမ်းဆီးရမိထားသည်။ (ဓာတ်ပုံ – PDF)

မေး – ရှမ်းမြောက်တိုက်ပွဲတွေမှာလည်း စစ်ကောင်စီစခန်းတွေ ရာနဲ့ချီ အသိမ်းခံရတယ်၊ ကရင်နီမှာလည်း ပြီးခဲ့တဲ့ ၁၄ ရက်က စစ်ကောင်စီတပ်သားအချို့ လက်နက်ချတယ်ဆိုတော့ ဆက်ပြီးတော့ တိုက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဘာပြောချင်လဲဗျ။

တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ လက်သံပြောင်ပြီးသားပဲ၊ အဲ့ဒီတော့ ကျွန်တော်တို့ကတော့ လက်သံပြောင်သင့်တဲ့နေရာမှာ ဆက်ပြီးတော့ လက်သံပြောင်နေမယ်၊ တစ်ဖက်မှာလည်း ကျွန်တော်တို့ ဖိတ်ခေါ်နေတယ်၊ သူတို့စကားနဲ့ ပြောရရင်တော့ ရွှေလက်နဲ့ ခေါ်နေတုန်း လာပါ၊ ရွှေလက်ကမ်းနေတုန်း လာခဲ့ပါ၊ Gun နဲ့ ခေါ်တဲ့အချိန်ကျမှတော့ ခင်ဗျားတို့ အန္တရာယ်ကျမယ့် အခြေအနေမျိုးဖြစ်နေပါတယ်။

အဲ့ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေ စဉ်းစားကြပါ၊ ခင်ဗျားတို့မှာ တွေးတောနိုင်တဲ့ ဦးနှောက်ရှိပါတယ်၊ လူတစ်စုအတွက် မင်းအောင်လှိုင်နဲ့ အပေါင်းပါတစ်စုအတွက် အသေခံမလား၊ ဘာမဟုတ်တဲ့လူအတွက် ကိုယ့်မိသားစု ပြိုကွဲခံမလား၊ ဂုဏ်သိက္ခာရှိရှိနဲ့ ကျွန်တော်တို့ ပြည်သူလူထုဆီကို ပူးပေါင်းမလား လက်နက်ချမလား၊ အလင်းဝင်မလားဆိုတာ စဉ်းစားကြပါလို့ ပြောချင်ပါတယ်။

လက်ရှိ ကျွန်တော်တို့ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်၊ မြို့ထဲမှာ ဆက်လက်ပြီးတော့ တိုက်ပွဲတွေဖြစ်နေတယ်၊ စစ်ကောင်စီရဲ့ ယန္တရားကတော့ လုံးဝပြိုနေတဲ့အခြေအနေကို ရောက်နေတယ်၊ မြို့ကို သူတို့ ဘယ်လိုမှ အုပ်ချုပ်နိုင်စွမ်းမရှိတော့တဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့ကလည်း တစ်ဖက်မှာ စစ်လည်းတိုက်တယ်၊ တစ်ဖက်မှာလည်း ကျွန်တော်တို့ ဖိတ်ခေါ်နေတာရှိတယ်။ ဒီလိုမျိုး အကြမ်းဖက်နေတဲ့ အာဏာရှင်လူတစ်စုအတွက် အသေခံမယ့်အခြေအနေတွေ အဖြစ်ခံမလား၊ ပြည်သူလူထုနဲ့ လက်တွဲပြီး ငြိမ်းချမ်းသာယာတဲ့ ဘဝကို သွားဖို့ရာအတွက် ဘက်ပြောင်းပြီးတော့ လူထုနဲ့ လက်တွဲမလားဆိုတာ ဖိတ်ခေါ်နေပါတယ်။

ကရင်နီပြည်နယ်အတွင်း တိုက်ပွဲဝင်နေသည့် ကရင်နီတပ်မ​တော် (KA) တပ်ဖွဲ့ဝင်များကို ၁၄၇ နှစ်​မြောက် ကရင်နီအမျိုးသား​နေ့ အခမ်းအနားပြုလုပ်သည့်၂၀၂၂ ခုနှစ် ဇွန်လအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − KNDF)

မေး – သမိုင်းနဲ့ချီ ပြောရရင် ဒီလိုစခန်းတွေသိမ်းတာ၊ တပ်ရင်းလိုက်လက်နက်ချတာတွေဟာ စစ်တပ်သမိုင်းမှာ ရှိမှမရှိခဲ့ဘဲ။ ခုက ဘယ်လိုဖြစ်လို့ ဒီလောက်အခြေအနေဆိုးရွားနေတယ်လို့ ပြောလို့ရမလဲ။

မင်းအောင်လှိုင်ဦးဆောင်နေတဲ့တပ်က ဟိုအရင်တုန်းက မြန်မာ့တပ်မတော်မှ မဟုတ်တော့ဘဲ။ အခုက သူအသက်ရှင်ရပ်တည်ရေးအတွက်ကို အောက်ခြေစစ်သည်တွေက သေပေးရတဲ့အခြေအနေ ဖြစ်နေတာဗျ။ အဲ့ဒီအတွက် အောက်ခြေစစ်သည်တွေကလည်း ဦးနှောက်မပါတဲ့သူတွေမှမဟုတ်တာ။ တချို့က မိသားစုကြောင့်၊ တချို့က သူတို့ပခုံးထမ်းထားရတဲ့ အရာတွေကြောင့် တပ်ကို မစွန့်ခွာလာနိုင်တာပဲ ရှိကောင်းရှိလိမ့်မယ်။

ဒါပေမဲ့ ဒီအခြေအနေတွေအားလုံးကိုလည်း သူတို့ စဉ်းစားမိပြီးသားဖြစ်ပါလိမ့်မယ်၊ ရှေ့တန်းမှာဆိုရင် အခု သူတို့တပ်ကူတွေ စစ်ကူတွေကို တောင်းခံတဲ့အချိန်မှာ ရောက်မလာနိုင်ဘူး၊ သူတို့ရှိနေတဲ့ နေရာကိုလည်း ရန်သူလည်း သေပါစေ၊ ကိုယ့်လူလည်း သေပါစေဆိုပြီးတော့ ဗုံးကြဲလိုက်တာမျိုး လက်နက်ကြီးပစ်တာမျိုးတွေ၊ ဒါက အောက်ခြေစစ်သည်တွေ ခံစားနေရတဲ့အခြေအနေဖြစ်တယ်။

ဒါတွေကို လျစ်လျူရှုထားတာက အပေါ်မှာရှိတဲ့ ခေါင်းဆောင်တစ်စုပဲဖြစ်တယ်၊ အဲ့ဒီတော့ ဒီအခြေအနေတွေကို အောက်ခြေက ပိုနားလည်လာတဲ့အတွက်ကြောင့် အလင်းဝင်တဲ့ကိစ္စတွေ၊ တပ်ရင်းတစ်ရင်းလုံး ပြည်သူ့ဘက် ပူးပေါင်းတဲ့ကိစ္စတွေ ရှေ့တန်းမှာ တိုက်ဖို့ အမိန့်ဖီဆန်တဲ့ကိစ္စတွေ ဖြစ်လာတာပါ၊ အဲ့ဒီတော့ မင်းအောင်လှိုင်သည် တပ်တစ်ခုကို ဦးဆောင်နိုင်စွမ်း မရှိဘူးဆိုတာ သက်သေပြနေတဲ့ အခြေအနေဖြစ်နေတယ်။ အဲ့ဒါကိုလည်း အောက်ခြေ အရာရှိစစ်သည်တွေက သိနေတယ်။ ဒါကြောင့်လည်း စစ်တပ်ဟာ မကြာခင်မှာ ပြိုလဲပျက်စီးပြီးတော့မှ မြန်မာပြည်အတွက် အသစ်တစ်ဖန်သော စစ်တပ်တစ်ခု ပေါ်လာမယ့် အခြေအနေလို့ ပြောချင်ပါတယ်။

တိုက်ပွဲများအတွင်း သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်သားများ၏ စစ်ဝတ်စုံနှင့် အသုံးအဆောင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ − KNDF)

မေး – တော်လှန်ရေးတပ်ဖွဲ့တွေဟာ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းတွေကို ဖမ်းဆီးထားတယ်၊ သတ်ဖြတ်တယ်ဆိုပြီး စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်၊ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်သလဲဗျ။

ကျွန်တော်တို့က အခုအချိန်မှာ စစ်လည်းတိုက်ရတယ်၊ အရပ်သားတွေကိုလည်း ကယ်ထုတ်နေရတဲ့ အခြေအနေပါ။ အဲ့ဒါအပြင် အခုအချိန်မှာ စစ်ကောင်စီရဲ့ဘက်တော်သား Non CDM တွေကိုလည်း တိုက်ပွဲကြားထဲကနေ လုံခြုံတဲ့နေရာတွေကို ကယ်ထုတ်ပြီးတော့ သူတို့ဘေးလွတ်ရာကို စီမံပို့ဆောင်ပေးနေရတဲ့ အခြေအနေတွေလည်း ရှိနေတာပေါ့။

အဲ့တော့ ကျွန်တော်တို့ကတော့ ပြည်သူ့စစ်သားအနေနဲ့ လက်နက်မကိုင်ဆောင်ထားသော ပြည်သူမှန်သမျှကို ကယ်ထုတ်ပေးရမယ့်တာဝန် ကျွန်တော်တို့မှာရှိတယ်။ အဲ့ဒီအလုပ်ကို ကျွန်တော်တို့ လုပ်နေပါတယ်။ လက်နက်ကိုင်ဆောင်ထားသူတွေကိုလည်း ကျွန်တော်တို့ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေပါတယ်။ ဆိုတော့ ရန်သူ့ရဲ့ မိသားစုတွေ၊ ရန်သူ့ရဲ့ ကလေးတွေ၊ ရန်သူ့ရဲ့ အမျိုးသမီးတွေကို ဘယ်သောအခါမှ ကျွန်တော်တို့ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းခြင်း၊ နှိပ်စက်ခြင်းမရှိဘူး။ ရှေ့တန်းထွက်ကတည်းက ကျွန်တော်တို့ ပြောထားပြီးသား၊ ရန်သူတိုက်ခိုက်ရေးသမားကိုသာ ကျွန်တော်တို့ တိုက်ခိုက်မှာဖြစ်တယ်။ 

မေး – ဒါဆိုရင် လတ်တလော တိုက်ရေးခိုက်ရေး၊ စစ်ရေးစစ်ရာမှာ ဘယ်ဘက်က သာနေတယ်လို့ ပြောလို့ရမလဲ။

ကျွန်တော်တို့ ဒီတော်လှန်ရေး စတင်တဲ့အချိန်တုန်းက တိုက်ခိုက်မှုတွေ စဖြစ်တဲ့အချိန်မှာပေါ့ဗျာ၊ သူတို့ ကျွန်တော်တို့ကို လာတိုက်တာပါ၊ သူတို့က ကျွန်တော်တို့ရဲ့ ကျေးရွာတွေကို ဝင်လာတာပါ၊ သူတို့က ကျွန်တော်တို့ရဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာပါ၊ အခုအချိန်မှာတော့ ကျွန်တော်တို့က သူတို့အခြေစိုက်ထားတဲ့နေရာတွေကို ကျွန်တော်တို့ ဝင်ရောက် တိုက်ခိုက်နေတာပါ။

အဲ့ဒီတော့ ဘယ်သူက သာနေသလဲ၊ ဘယ်သူက နာနေလဲဆိုတာကတော့ မြင်သာပါလိမ့်မယ်၊ အတိအကျကြီး သူသာနေပါတယ်၊ ကျွန်တော်တို့နာနေပါတယ်၊ ကျွန်တော်တို့သာနေပါတယ်၊ သူနာနေပါတယ်လို့ စကားလုံးနဲ့ ပြောနေဖို့မလိုပါဘူး။ ကျွန်တော်တို့ အခုတိုက်ပွဲတွေ၊ ထိုးစစ်တွေ လုပ်နေတာက ရန်သူစစ်တပ်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေရဲ့ စခန်းတွေထဲမှာ သူတို့ရဲ့ စည်းဝိုင်းထဲမှာ ကျွန်တော်တို့ တိုက်နေတာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်ကို ထိန်းချုပ်အပြီး KNDF တပ်ဖွဲ့ဝင်များကို နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – KNDF)

မေး – ကရင်နီပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အစောဆုံး လျှပ်စစ်ဓာတ်အားထုတ်နိုင်တဲ့ လောပိတရေတံခွန်ရှိပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့ စကားပြောနေချိန်မှာပဲ ကိုမာဝီတို့ဘက်က လျှပ်စစ်မီး မရတာကို တွေ့ရပါတယ်။ ဒီအခြေအနေတွေကို ဘယ်လို ကျော်လွှားနိုင်မလဲ။

ဒီအခြေအနေကို ကျွန်တော်တို့ကျော်ဖြတ်ဖို့ လွိုင်ကော်ကို တိုက်နေတာပါ၊ လွိုင်ကော်ကို သိမ်းပြီးရင်တော့ ဒီလိုမျိုးအခြေအနေတွေကို ကျော်ဖြတ်သွားနိုင်ပါတယ်၊ လွိုင်ကော်ကို မရမချင်း၊ စစ်ကောင်စီ ပြိုမကျမချင်းကတော့ ကျွန်တော်တို့မှာ ဘယ်လောက်ပဲ ချမ်းသာပါစေ၊ တွင်းထွက်သဘာဝတွေ ဘယ်လောက်ပဲ ပေါများပါစေ၊ ကျွန်တော်တို့တိုင်းပြည်မှာ အခွင့်အလမ်းတွေ ဘယ်လောက်ပဲ ပေါများပါစေ၊ အာဏာရှင်လူတစ်စုကသာ စားသုံးနေတယ်၊ အာဏာရှင်လူတစ်စုကသာ ဒီအခြေအနေတွေအပေါ်မှာ အမြတ်ထုတ်နေတာဖြစ်တဲ့အတွက် တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုက ဘယ်တော့မှ ဒီအခြေအနေတွေကို ခံစားရမှာမဟုတ်ပါဘူး။

ဒါ့ကြောင့် အဓိကတရားခံဖြစ်တဲ့ အာဏာရှင်စစ်အုပ်စုကို ကျွန်တော်တို့ ဖယ်ရှားနိုင်ဖို့သာဖြစ်ပါတယ်၊ အဲ့ဒီတော့ ဒီလူတွေသာ ပြုတ်သွားပြီ၊ ဒီလူတွေကိုသာ ဖယ်ရှားနိုင်ပြီဆိုရင်တော့ ကျွန်တော်တို့ တစ်တိုင်းတစ်ပြည်လုံး မီးထိန်ထိန်ထွန်းနိုင်တဲ့အခြေအနေ ဖြစ်သွားပါလိမ့်မယ်။

မေး – KNDF မျှော်မှန်းထားတာက မြို့သိမ်းဖို့ပေါ့၊ မြို့သိမ်းပြီးရင်ကော စီမံအုပ်ချုပ်ရေးအတွက် ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။

အဲ့ဒီအတွက်လည်း ကျွန်တော်တို့ စီစဉ်ထားတာရှိပါတယ်၊ KNDF ကတော့ စစ်တပ်ဖြစ်ပါတယ်၊ စစ်တပ်ဖြစ်တဲ့အတွက်ကြောင့် ကာကွယ်ရေးကို အဓိကထားပြီးတော့မှ လုပ်သွားမှာပါ၊ တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေး လုံခြုံရေးကို အဓိကထားပြီးတော့ လုပ်သွားပါမယ်။

မြို့ကို ပြန်ပြီးတော့ တည်ဆောက်ဖို့ရာအတွက် မြို့မှာ တရားဥပဒေစိုးမိုးဖို့၊ မြို့နေလူထုတွေ ရွာနေလူထုတွေ ပြန်လာပြီးတော့ လုပ်ကိုင်စားသောက်နေထိုင်ဖို့ရာ အစိုးရအဖွဲ့လည်း ဖွဲ့ထားပြီးသားဖြစ်ပါတယ်၊ တပ်က ရှေ့မှာ တိုက်ခိုက်ရေးကို သွားနေသလို နောက်က အုပ်ချုပ်ရေးက ဆက်လိုက်လာနေတဲ့ အခြေအနေတွေရှိပါတယ်၊ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကတော့ ကျွန်တော်တို့ဒေသ ကျွန်တော်တို့ အုပ်ချုပ်နိုင်ဖို့၊ ကျွန်တော်တို့ရဲ့ဒေသကို ကျွန်တော်တို့ စီမံနိုင်ဖို့ ကျွန်တော်တို့ စီစဉ်မှာဖြစ်ပါတယ်။

သို့သော်လည်း တော်လှန်ရေးက ပြီးသွားပြီလား၊ ဒီလို မြို့ကို ရတာနဲ့ တော်လှန်ရေးက ပြီးသွားပြီလားဆိုတဲ့ မေးခွန်းလည်း ရှိလာပါလိမ့်မယ်။ မပြီးပါဘူး၊ ကျွန်တော်တို့ ဆက်လက်ပြီးတော့ တစ်တိုင်းပြည်လုံး လွတ်မြောက်ဖို့ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သော အရာတွေကို နိုင်ငံရေးနည်းအရကော၊ စစ်ရေးနည်းအရကော ဆက်လက်ပြီးတော့မှ အခြားသောတော်လှန်ရေးမိတ်ဆွေတွေနဲ့ ဆက်လက်ပြီးတော့ လုပ်ကိုင်သွားမှာဖြစ်ပါတယ်။

လွိုင်ကော်ခရိုင်တရားရုံး မီးလောင်နေသည်ကို ယခုလ ဒုတိယပတ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − Khu Reedu)

မေး – ကောင်းပြီဗျ။ ဒါဆို ကိုမာဝီ မြင်ချင်တဲ့ လိုချင်တဲ့ အနာဂတ်မြန်မာနိုင်ငံဟာ ဘယ်လိုပုံစံမျိုးဖြစ်မလဲ။

ဒီကိစ္စတွေကတော့ နည်းနည်း နိုင်ငံရေးဆန်ပါတယ်၊ စစ်သားတစ်ယောက်အနေနဲ့ ဖြေရရင် တော်တော်လေး ဖြေရခက်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့အားလုံး တန်းတူလိုချင်တာကတော့ ကိုယ့်မြေကိုယ့်ရေ ကိုယ့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကျွန်တော်တို့ တောင်းဆိုနေကြတာဖြစ်ပါတယ်၊ အဲ့ဒီတော့ လူတိုင်းမှာ ကိုယ့်ဒေသ ကိုယ့်မြေကိုယ့်ရေကို အုပ်ချုပ်နိုင်စွမ်းရှိတယ်၊ စီမံခန့်ခွဲနိုင်စွမ်းရှိတယ်။ ဆိုတော့ ကချင်ကို ကချင်တွေ အုပ်ချုပ်ခွင့်ရှိရမယ်၊ ကရင်နီကို ကရင်နီလူမျိုးတွေ အုပ်ချုပ်ခွင့်ရထိုက်တယ်၊ အဲ့ဒီအခြေအနေကျရင်တော့ ဒါတွေက မျှတသွားပါလိမ့်မယ်၊ ဒါကတော့ အဖြေပါပဲ။

ကျွန်တော်တို့ မျှတတဲ့လူမှုအဖွဲ့အစည်းကို သွားချင်တာဖြစ်တယ်၊ လူတွေဟာ အခြေခံရပိုင်ခွင့်တွေကို ငယ်စဉ်ကလေးဘဝကတည်းက လူမျိုးဘာသာမရွေးပေါ့နော်၊ ကျွန်တော်တို့ ခွဲခြားမှုမရှိဘဲနဲ့ ရရမယ်။ အဲ့ဒီအခြေခံရပိုင်ခွင့်လို့ ပြောတဲ့နေရာမှာ ပညာရေး၊ ကျန်းမာရေး၊ သွားဖို့လာဖို့၊ ရွှေ့ပြောင်းဖို့ဆိုတဲ့ အခြေအနေတွေလည်း ပါတာပေါ့၊ ဒီလိုမျိုးအခြေအနေတွေကို ရပိုင်ခွင့်ရှိပြီးတော့မှ ဒီလို အခြေခံရပိုင်တွေ ရပြီးတဲ့အခါမှာ နောက်တစ်ဆင့်အနေနဲ့က သူကြိုးစားရင် ကြိုးစားသလို တက်လှမ်းခွင့်ရှိတဲ့ အခြေအနေမျိုး၊ တိုင်းပြည်တစ်ခု လူမှုအသိုင်းအဝိုင်းတစ်ခုကို ကျွန်တော်တို့ သွားချင်တာဖြစ်ပါတယ်။

အာဏာပါဝါရှိတဲ့ လူတစ်ယောက်ရဲ့ မိသားစု၊ သူရဲ့ဆွေမျိုးတွေကပဲ ရသင့်ရထိုက်တဲ့ ဟာတွေကို အကုန်ယူသွားတာမျိုးကို ကျွန်တော်တို့က ပြောင်းပြန်လှန်ပြီးတော့ ကျွန်တော်တို့ တစ်တိုင်းပြည်လုံးမှာ အသားအရောင်လည်း ခွဲခြားမှုမရှိစေရ၊ လူမျိုးရေးအရ ခွဲခြားမှုမရှိစေရ၊ ဘာသာရေးအရ ခွဲခြားမှုမရှိစေရဘဲနဲ့ တန်းတူညီတူ အခြေခံရပိုင်ခွင့်နဲ့ အားလုံး ကြိုးစားရင် ကြိုးစားသလို ကိုယ့်ဘဝတက်လမ်းတွေ ရနိုင်ဖို့၊ ပြီးရင် နွားလို ရုန်းပြီး ပုရွက်ဆိတ်လောက် စားရတဲ့ အခြေအနေမျိုးမဟုတ်ဘဲနဲ့ သာယာဝပြောမှု လူတိုင်းလိုချင်တဲ့အခြေအနေပဲ။

ဒါမျိုးတွေကို ကျွန်တော်တို့ လိုချင်တာပေါ့၊ ဒါမျိုးတွေဖြစ်လာအောင် ကျွန်တော်တို့ တိုက်ယူနေတာဖြစ်တယ်၊ ဖန်တီးနေတာဖြစ်တယ်၊ အဲ့ဒီတော့ ကျွန်တော်တို့ ဖန်တီးနေတဲ့ တိုင်းပြည်ဟာလည်း နောင်မှာ နည်းနည်းလုပ်ပြီးတော့ များများခံစားခွင့်ရှိတဲ့ အခြေအနေမျိုး၊ ကိုယ်အားထည့်ရင် အားထည့်သလို၊ ကြိုးစားရင် ကြိုးစားသလို တက်လှမ်းနိုင်တဲ့ တိုင်းပြည်မျိုး ဖန်တီးဖို့ပါ။

Show More

Related Articles

Back to top button