သတင်း

လွိုင်ကော်မြို့ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား လုံးဝပြိုပျက်သွားပြီဟု KNDF ဆို

ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား လုံးဝပြိုပျက်သွားပြီဖြစ်ကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။

ကရင်နီတော်လှန်ရေးအင်အားစုများက မြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေပြီး မြို့ဧရိယာထက်ဝက်နီးပါးခန့် ဝင်ရောက်စိုးမိုးထားနိုင်ပြီဟုလည်း ယမန်နေ့ (နိုဝင်ဘာ ၂၃) က Myanmar Now နှင့် သီးသန့်အင်တာဗျူးတွင် မာဝီက ဆိုသည်။

“စစ်ကောင်စီရဲ့ ယန္တရားကတော့ လုံးဝပြိုသွားပြီဆိုတဲ့ အခြေအနေကို ရောက်နေတယ်။ လွိုင်ကော် (ဒကစ) နဲ့ သူရဲ့တပ်အထိုင်စခန်းမှာပဲ စစ်ကောင်စီတွေ ရှိနေပြီးတော့ မြို့ကို သူတို့ ဘယ်လိုမှ အုပ်ချုပ်နိုင်စွမ်းမရှိတော့ဘူး”

အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများ အခြေချရာ နေပြည်တော်နှင့် မိုင် ၇၀ ခန့်သာ ကွာဝေးသည့် ပြည်နယ်မြို့တော် လွိုင်ကော်ကို ၁၁.၁၁ စစ်ဆင်ရေးအမည်ဖြင့် ယခုလ ၁၁ ရက်နေ့တွင် ကရင်နီတော်လှန်ရေးအင်အားစုများ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်အစား “ကရင်နီပြည်နယ်” ဟုသာ ခေါ်ဝေါ်သုံးစွဲရန် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်တပ်က လွိုင်ကော်မြို့ကို အခြေပြုပြီး ကရင်နီဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများကို စစ်ဆင်ရေးဆင်နွှဲကာ တိုက်ခိုက်နေခြင်းကြောင့် လွိုင်ကော်မြို့ကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု KNDF ကို ဦးဆောင်နေသူ ခွန်းဘီထူးက လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ပြောဆိုထားသည်။

“အခုလို မြို့သိမ်းတိုက်ပွဲတွေဟာ ပျက်စီးနစ်နာမှုများနိုင်တယ်ဆိုတာ သိထားပေမဲ့ အာဏာရှင်စနစ် အမြစ်တွယ်မှာကို ပိုကြောက်မိတဲ့အတွက် အခုလိုစစ်ဆင်ရေးကို အားလုံးက ချမှတ်လိုက်တာ ဖြစ်တယ်” ဟု ခွန်းဘီထူးက ဆိုသည်။

လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကာ လက်နက်ချ အညံ့ခံသူများလည်း ရှိနေသည်။ 

လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် တပ်ရင်းနှစ်ခုမှ လက်ကျန်စစ်သား ၃၈ ဦးသည် လက်နက်မျိုးစုံ ၁၀၀ ကျော်နှင့်အတူ လက်နက်ချသည်ဟု KNDF က ယခုလ ၁၅ ရက်နေ့တွင် ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်းနှစ်ခုမှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး အပါအဝင် တပ်ရင်းတစ်ခုလုံးနီးပါး သေဆုံးခဲ့ကာ လက်ကျန်တပ်ရင်းမှ စစ်သားများ အညံခံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် မိသားစု အပြိုကွဲခံကာ အသက်သေဆုံးသည်အထိ မတိုက်ခိုက်ဘဲ တော်လှန်ရေးအင်အားစုများထံ လက်နက်ချ အလင်းဝင်ရောက်ရန် KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီက တိုက်တွန်းသည်။

“ကျွန်တော်တို့က ဆက်လက်ပြီး လက်သံပြောင်သင့်တဲ့နေရာမှာ လက်သံပြောင်မယ်။ သူတို့စကားနဲ့ ပြန်ပြောရရင် ရွှေလက်နဲ့ ခေါ်နေတုန်း ရွှေလက်နဲ့ ကမ်းနေတုန်း လာခဲ့ပါ။ ဂန်း (Gun) နဲ့ ခေါ်မှ မလာချင်ပါ နဲ့” ဟု မာဝီက ဆိုသည်။

စစ်တပ်၏ ပြည်ထောင်စုဖွံ့ဖြိုးရေးနှင့် ကြံ့ခိုင်ရေးပါတီ အမတ်ဟောင်း ဘူးလက်လှဆွေ ခေါ် ဦးလှဆွေက ငြိမ်းချမ်းရေးအတွက် ရွှေလက်နှင့် ဖိတ်ခေါ်နေချိန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရောက်မလာလျှင် ဘူးလက် (Bullet – ကျည်ဆန်) ဖြင့် ခေါ်မည်ဟု လွှတ်တော်တွင် ပြောဆိုခဲ့ခြင်းကို သူက ရည်ရွယ်ခြင်း ဖြစ်သည်။

၂၀၂၁ နှစ်ဆန်းပိုင်းတွင် အာဏာသိမ်းပြီး ဆန္ဒပြသူများကို ပစ်သတ်ကာ စစ်မျက်နှာများစွာ ဖွင့်ထားရသော စစ်ကောင်စီက တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရာတွင် လက်နက်ကြီးနှင့် လေကြောင်းပစ်ကူကို ပိုမို အားပြုလျက်ရှိသည်။ လွိုင်ကော်တွင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား ပျက်စီးကာ တိုက်ပွဲပြင်းထန်သည့် ဘာဒို၊ ထေးငှားလျား၊ နာနတ်တော၊ ဒေါဥခူနှင့် နောင်ယားရပ်ကွက်တို့တွင် ပျက်စီးမှုအများဆုံးဖြစ်သည်ဟု သိရသည်။

မြို့တွင်းရှိ နေရာအချို့တွင် စစ်တပ်က အင်အားထပ်ဖြည့်ပြီး တပ်စွဲထားပြီး တော်လှန်ရေးအင်အားစုများက မြို့ကို ဝိုင်းပတ် ထိန်းချုပ်ထားကြောင်း၊ မြို့အရှေ့ဘက် ဧက ၅၀၀ ရပ်ကွက်ရှိ အမှတ် ၅၄ ခြေလျင်တပ်ရင်းအတွင်းသို့ စစ်တပ်က လေကြောင်းမှတစ်ဆင့် ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပို့ဆောင်နေကြောင်း လွိုင်ကော်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လွိုင်ကော်မြို့နယ်သည် စတုရန်းကီလိုမီတာ ၁,၅၀၀ ဝန်းကျင်သာ ရှိပြီး ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၁၂ ခုဖြင့် ဖွဲ့စည်းထားကာ လူဦးရေ တစ်သိန်းကျော် နေထိုင်သည်။ စစ်ကောင်စီ ဌာနချုပ်ရှိရာ နေပြည်တော်နှင့် အလှမ်းဝေးကွာလှခြင်း မရှိသည့် လွိုင်ကော်တွင် စစ်တပ်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တစ်ခု ဖွဲ့စည်းထားပြီး အခိုင်အမာ တပ်စွဲထားသည်။

ဝိုင်းပတ် ပိတ်ဆို့ပြီး တိုက်ခိုက်ခံနေရသည့် လွိုင်ကော်သို့ စစ်ကောင်စီတပ်က ဘောလခဲနှင့် ဖရူဆိုဘက်မှ စစ်ကူများ ပို့ဆောင်နေရသည်ဟု သိရသည်။

လွိုင်ကော်ဒေသခံအများစုသည် ရှမ်းပြည်နယ်တောင်ပိုင်းသို့ အများဆုံး ထွက်ပြေးတိမ်းရှောင်နေပြီး တချို့မှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ခိုလှုံနေကြရသည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လွိုင်ကော်မြို့ လူနေရပ်ကွက်အတွင်း ဝင်ရောက် ပစ်ခတ်နေသည်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တပ်များဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

တိုက်ပွဲနှင့် ပတ်သက်သည့် အချက်အလက် အတန်အသင့် ပါဝင်သည့် သတင်းထုတ်ပြန်ခြင်း မဟုတ်ဘဲ မည်သည့်ဒေသတွင် ပစ်ခတ်မှုရှိသည်ဟူသော ယေဘုယျပြောဆိုချက်မျိုးကို ပိုမို တွေ့ရသည်။

“ကယားပြည်နယ်ဘက်မှာတော့ ဖယ်ခုံဘက်မှာ ထိတွေ့တိုက်ပွဲ အနည်းငယ်ရှိပါတယ်” ဟု နိုဝင်ဘာ ၂၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်အတွင်း စစ်လေယာဉ် ၂ စီး ကရင်နီဒေသတွင် ပျက်ကျထားသည်။

နိုဝင်ဘာ ၁၁ ရက်နေ့က ကရင်နီဒေသအတွင်း သွားရောက် တိုက်ခိုက်သည့် စစ်လေယာဉ်တစ်စီး ပျက်ကျရာ လေထီးခုန်ချပြီး လွတ်မြောက်သွားသည့် လေသူရဲ နှစ်ဦးထဲမှ ဗိုလ်မှူးခိုင်သန့်မိုးကို တော်လှန်ရေးအဖွဲ့များက တောထဲတွင် ဖမ်းဆီးရမိထားသည်။

K-8 အမျိုးအစား တိုက်လေယာဉ်မှ ဒုတိယလေသူရဲတစ်ဦးဖြစ်သော ဗိုလ်ဇာနည်မောင်၏ ကံကြမ္မာကို မသိရသေးပေ။

စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်ဟု KNDF တာဝန်ရှိသူက ပြောဆိုခဲ့ဖူးသည်။

ဒီးမော့ဆိုမြို့ ဘုရားဖြူဒေသ ပစ်မှတ်ကို ပစ်ခတ်ပြီးနောက် ဆက်လက်ပျံသန်းစဉ် လေယာဉ်အတွင်း ပြဿနာတက်သဖြင့် လေထီးခုန်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ချခံရခြင်းဟုတ်မဟုတ် အတည်မပြုနိုင်ကြောင်း ဗိုလ်မှူးခိုင်သန့်မိုးက ထွက်ဆိုထားသည်ဟု Myanmar Now ၏ စစ်ရေးသတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။

ပထမလေယာဉ်မှာ ဇွန်လကုန်ပိုင်းက ဒီးမော့ဆိုမြို့နယ်အတွင်း ပျက်ကျခြင်း ဖြစ်သည်။ ထိုလေယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF – ကလလတ) တာဝန်ရှိသူများက ပြောသည်

စစ်လေယာဉ်ပျက် အပိုင်းအစများကို စစ်ကောင်စီတပ်က သွားရောက်သိမ်းယူခဲ့သည်။ ထိုသို့ သိမ်းယူခြင်းမှာ စစ်တပ်အတွင်း စိတ်ဓာတ်ကျဆင်းမှုကို ဟန့်တားနိုင်ရန် သက်သေဖျောက်ဖျက်ခြင်း ဖြစ်နိုင်သည်ဟု လေ့လာသူတို့က ဆိုသည်။

ထိုဖြစ်ရပ် ပေါ်ပေါက်ပြီး မကြာမီ စစ်ကောင်စီက ဂုဏ်ပြုဆုချီးမြှင့်သည့်လူစာရင်း ထုတ်ပြန်ရာ ထိုစာရင်းတွင် ထိုလေယာဉ် မောင်းနှင်သေဆုံးခဲ့သူ အရာရှိ ၂ ဦး၏ အမည် ပါဝင်နေသည်။

Show More

Related Articles

Back to top button