သတင်း

တိုက်လေယာဉ်ပျက်ကျစဉ် လေထီးဖြင့် လွတ်မြောက်ခဲ့သည့် ဗိုလ်မှူးကို ဖမ်းမိ

အသက် ၄၃ နှစ်အရွယ် လေတပ်ဗိုလ်မှူး ခိုင်သန့်မိုးကို ကရင်နီဒေသတစ်နေရာတွင် တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာ ၁၉ ရက်တွင် ရှာဖွေတွေ့ရှိကာ ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်နေသည့် ကယားပြည်နယ်တွင် လွန်ခဲ့သည့် သီတင်းပတ်အတွင်းက တိုက်လေယာဉ်ပျက်ကျစဉ် လေထီးဖြင့် ခုန်ထွက်လွတ်မြောက်ခဲ့သည့် စစ်ကောင်စီ၏ လေတပ်အရာရှိနှစ်ဦးအနက် ဗိုလ်မှူးအဆင့်ရှိသူကို ဖမ်းမိပြီဖြစ်သည်။

တော်လှန်ရေးအဖွဲ့များက ယမန်နေ့ (နိုဝင်ဘာ ၁၉) ကရင်နီဒေသတစ်နေရာတွင် ဖမ်းဆီးရမိသည့် လေတပ်အရာရှိမှာ အသက် ၄၃ နှစ်အရွယ် ကိုယ်ပိုင်အမှတ် (လေ) ၂၈၅၃၊ ဗိုလ်မှူးခိုင်သန့်မိုးဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် ၄၄ တက်ရောက်ခဲ့သူဖြစ်သည်ဟု နီးစပ်သူများထံမှ သိရသည်။

စစ်ကောင်စီလေတပ်မှ K-8 အမျိုးအစား တိုက်လေယာဉ်ပျက်ကျစဉ် လေထီးဖြင့် လွတ်မြောက်ခဲ့သူ ဗိုလ်မှူးခိုင်သန့်မိုးကို ဖမ်းမိထားကြောင်း၊ ကျန်တွဲဖက်လေယာဉ်မှူးဖြစ်သည့် ဗိုလ်အဆင့်ရှိသူ ဇာနည်မောင်ကို ဆက်လက်ရှာဖွေနေကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။​

ဗိုလ်မှူးခိုင်သန့်မိုးနှင့် တွဲဖက်လေယာဉ်မောင်း ဗိုလ်ဇာနည်မောင်မှာ တောင်ငူလေတပ်စခန်းဌာနချုပ်မှဖြစ်ကြောင်း၊​ ဗိုလ်မှူးခိုင်သန့်မိုးမှာ ၂၀၀၃ ခုနှစ်တွင် လေယာဉ်မောင်းသင်တန်း ပြီးဆုံးပြီးနောက် မြစ်ကြီးနားနှင့် ပုသိမ်လေတပ်စခန်းတို့တွင် တာဝန်ကျခဲ့သူဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအနက် ကချင်ဒေသ၌ တာဝါတိုင်ကုန်းနှင့် ကယားပြည်နယ် ဒီးမော့ဆိုရှိ ဘုရားဖြူဒေသကို လေကြောင်းမှ တိုက်ခိုက်ရာတွင် ပါ ဝင်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၁ ရက်နေ့က ပျက်ကျသော တိုက်လေယာဉ်တွင် ရော့ကတ်လေးစင်းနှင့် စက်သေနတ်ဖြင့် အချက် ၂၀ ပစ်ခတ်ခဲ့ကြောင်း ဗိုလ်မှူးခိုင်သန့်မိုးက ဝန်ခံသည်ဟုလည်း သိရသည်။

ညနေဘက်အချိန်တွင် ဘုရားဖြူပစ်မှတ်ကို ပစ်ခတ်ပြီးနောက် ဆက်လက်ပျံသန်းစဉ် လေယာဉ် ပြဿနာတက်သဖြင့် လေထီးဖြင့် အရေးပေါ်ဆင်းခဲ့ရခြင်းဖြစ်ကာ ပစ်ချခံရခြင်းဟုတ်မဟုတ် အတည်မပြုနိုင်ဟု ဖမ်းမိသည့် တိုက်လေယာဉ်မှူးက ပြောဆိုသည်ဟု သိရသည်။

တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော် (KNDF) တာဝန်ရှိသူက ယခုလ ၁၁ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့ပြီး လေယာဉ်မှူးနှစ်ဦး လေးထီးဖြင့် ခုန်ထွက်လွတ်မြောက်ခဲ့ကာ၊ စစ်လေယာဉ်သုံးပစ္စည်းများ သိမ်းဆည်းရရှိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက နောက်တစ်ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကရင်နီဒေသတိုက်ပွဲအတွင်း ပျက်ကျသည့် တိုက်လေယာဉ်မှ လေယာဉ်မှူးနှင့် အဆက်အသွယ်ရပြီဖြစ်ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိတော့ပေ။

တိုက်လေယာဉ်မောင်း အရာရှိ ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်နီတပ်မတော် (KA)၊ နေပြည်တော် PDF နှင့် KNDF တို့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ကရင်နီတော်လှန်ရေးအဖွဲ့များထံ အပ်နှံထားသည်ဟု သိရသည်။

“သူက လမ်းလျှောက်ပြီးတော့မှ တောထဲတောင်ထဲတွေ ပတ်သွားနေတာမှာ ကျွန်တော်တို့တပ်ဖွဲ့ စုပေါင်းပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ သူ့ကို တွေ့တာ” ဟု စစ်မြပြင်သတင်းရင်းမြစ်တစ်ခုက ပြောသည်။

“သူ့မှာတော့ ဘာလက်နက်ခဲယမ်းမှ မပါတော့ဘူး။ သူက နောက်ထိုင်ခုံမှာ ထိုင်တဲ့ ပိုင်းလော့။ သူကပဲ စက်လက်တို့ ဗုံးတို့ ချတဲ့ ခလုတ်တွေကို နှိပ်ရတာ” ဟုလည်း ၎င်းက ဆိုသည်။

Show More

Related Articles

Back to top button