သတင်း

ကရင်နီတွင် စစ်လေယာဉ်ကို ပစ်ချခဲ့ဟု ကလလတဆို

ကယား (ကရင်နီ) ပြည်နယ် ဘောလခဲမြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီတပ်၏ လေယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF – ကလလတ) တာဝန်ရှိသူများက ယနေ့ (ဇူလိုင် ၁) တွင် ပြောသည်။

ယမန်နေ့ နံနက်ပိုင်း ဘောလခဲမြို့နယ် ရွာသစ်မြို့နယ်ခွဲနှင့် တစ်မိုင်ခွဲခန့်အကွာ သံလွင်မြစ်ကမ်းဘေးတွင် ပျက်ကျသွားသည့် လေယာဉ်အမျိုးအစားကို မသိရသေးကြောင်း ကလလတ တွဲဖက်အတွင်းရေးမှူး ရဲဘော်လောရင်းစိုးက ပြောသည်။

“ပစ်ချလိုက်တဲ့ဟာ အတည်ပြုလို့ရတယ်။ ဒါပေမဲ့ အမျိုးအစားကိုတော့ ကျွန်တော်တို့ မပြောနိုင်သေးဘူး။ စစ်မြေပြင်က အရမ်းပြင်းထန်နေတော့ ကျွန်တော်တို့ အနားကပ်လို့မရဘူးဗျ။ စစ်ကောင်စီက ထုတ်ပြန်မှပဲ ကျွန်တော်တို့ သိရမယ်” ဟု ၎င်းက ပြောသည်။

ထိုလေယာဉ်ကို ၎င်းတို့တွင် ရှိသည့် စနိုက်ပါသေနတ်များ၊ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိထားသည့် မောင်းပြန်သေနတ် နှစ်လက်တို့ဖြင့် ဝိုင်းဝန်းပစ်ခတ်သဖြင့် လေယာဉ်ထိုးကျကာ ပြန်မတက်လာနိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ဆီမှာ လေယာဉ်ပစ်နိုင်တဲ့ လက်နက်တော့ မရှိဘူး။ ကျွန်တော်တို့ဆီမှာ ဘာမှမရှိမှန်း သူတို့သိတော့ အနီးကပ် ဆင်းလာတော့ ကလေးတွေ (ရဲဘော်တွေ) က မခံနိုင်တော့ ရှိသမျှဟာတွေနဲ့ ဝိုင်းပစ်လိုက်တဲ့သဘောပဲ” ဟု လောရင်းစိုးက ပြောသည်။

တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း အခြားဗဟိုကော်မတီဝင်တစ်ဦးကလည်း အတည်ပြုသည်။

ကလလတ အောက်ခြေရဲဘော်နှစ်ဦးကမူ ရဟတ်ယာဉ်ကို ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်းရောက် ရဲဘော်များထံမှ သိရကြောင်း ပြောသည်။

“ရဟတ်ယာဉ်ပဲ။ အချိန်အတိအကျတော့ ကျွန်မတို့ မသိရဘူး။ မနေ့က မနက်ပိုင်းက သူတို့က ဖုန်းဆက်လာတာ။ တိုက်ပွဲဖြစ်တဲ့အချိန်ပဲ” ဟု ကလလတ ရဲဘော်တစ်ဦးက ပြောသည်။

ထိုနေရာသို့ ရဟတ်ယာဉ် ငါးစီး ထပ်ရောက်လာသည့်အတွက် ထွက်ပြေးခဲ့ရကြောင်း၊ ပျက်ကျမှုနှင့် ပတ်သက်ပြီး ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများ မရလိုက်ကြောင်း ၎င်းက ဆက်ပြောသည်။

လေယာဉ်ပျက်ကျခဲ့သည့်နေရာ တာစန်းလဲသည် ယခင်က ကျေးရွာအဖြစ် တည်ရှိခဲ့ပြီး လက်ရှိတွင် ဘုန်းကြီးကျောင်းနှင့် စေတီသာ ရှိတော့ကြောင်း၊ ရွာသစ်မြို့တွင် အခြေစိုက်သည့် အမှတ် ၁၀၀၅ နယ်ခြားစောင့်တပ်ရင်းနှင့် ကပ်လျက်တွင် ရှိကြောင်း သိရသည်။

ကလလတ တွဲဖက်အတွင်းရေးမှူး၏ အဆိုအရ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့သည့် အမှတ် ၁၀၀၅ တပ်စခန်းနေရာကို ဇွန်လ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်က အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးကာ ဝင်ရောက်နေရာယူထားကြောင်း သိရသည်။

ထိုအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီလေတပ်က လာရောက် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကလလတ သတင်းရင်းမြစ်များက ဆိုသည်။

စစ်ကောင်စီတပ်ကို ထောက်ခံသည့် လော်ဘီအကောင့်များကမူ ဘောလခဲတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေစဉ် ရာသီဥတုဆိုးဝါးသဖြင့် K8 အပေါ့စားတိုက်လေယာဉ်တစ်စင်း ပျက်ကျပြီး နှစ်ဦး သေဆုံးကြောင်း အွန်လိုင်းတွင် ရေးသားထားသည်။

လေယာဉ်ပျက်ကျသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အတည်မပြုနိုင်သေးကြောင်း ပြောသလို စစ်ကောင်စီကလည်း တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီက ဧပြီ ၁၁ ရက်တွင် လေကြောင်းမှ တိုက်ခိုက်ပြီး မြင်ကွင်း။ ဓာတ်ပုံ-ပေးပို့

၁၉၇၈ ခုနှစ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ခွဲထွက်ခဲ့သည့် ကလလတသည် ၁၉၉၄ ခုနှစ်တွင် စစ်တပ်နှင့် အပစ်ရပ်၍ ၂၀၀၂ ခုနှစ်တွင် ၎င်း၏ တပ်ရင်းနှစ်ခုကို စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သည်။

မယ်စဲ့မြို့နယ် ပန်တိန်းမြို့တွင် အခြေစိုက်သည့် ၁၀၀၄ နှင့် ဘောလခဲမြို့နယ် ရွာသစ်မြို့တွင် အခြေစိုက်သည့် ၁၀၀၅ တို့ဖြစ်ပြီး စုစုပေါင်း အင်အား ၆၀၀ ခန့်ရှိသည့် ထိုတပ်ရင်းနှစ်ခုစလုံး မယ်စဲ့မြို့သိမ်းတိုက်ပွဲများတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

နယ်ခြားစောင့်တပ်တစ်ခုတွင် ဖွဲ့စည်းပုံအရ အင်အား စုစုပေါင်း ၃၂၆ ဦး ရှိရာ စစ်တပ်ဘက်က ၂၆ ဦး ပါဝင်ပြီး ကျန်အင်အားမှာ မူရင်းမိခင်တပ်မှ ဖြစ်ကြသည်။

ပန်တိမ်းမြို့ရှိ အမှတ် ၁၀၀၄ နယ်ခြားစောင့်တပ်စခန်းတွင် ပုန်ကန်မှုဖြစ်စဉ်က စစ်ကောင်စီဘက်တော်သား ၂၆ ဦးကို လက်နက်ဖြုတ်သိမ်းပြီး အချုပ်ခန်းထဲ ထည့်ထားကြောင်း၊ ဇွန်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်က ထိုနေရာကို ရဟတ်ယာဉ်ဖြင့် ရောက်သွားပြီး လက်နက်ကိုင်အင်အား ၁၀၀ ခန့် ချထားကြောင်း ရဲဘော်လောရင်းစိုးက ပြောသည်။ 

“ကျွန်တော်တို့ဘက်က ရဲဘော်တွေတော့ အကုန်ထွက်လာတယ်။ အဲ့ထဲမှာ မကျန်ဘူး။ စစ်တပ်ထဲက ရဲဘော်တွေကတော့ ရွှေ့ပြောင်းဖို့ စီစဉ်တဲ့အချိန်မှာ လေကြောင်းနဲ့ ဗုံးလာကြဲတော့ သူတို့ကို မကယ်ထုတ်လိုက်နိုင်ဘူး။ သူတို့ ရဟတ်နဲ့ လာချတဲ့အုပ်စုတွေနဲ့ သူတို့လူတွေနဲ့ ပြန်ပေါင်းမိသွားကြတယ်” ဟု ၎င်းက ပြောသည်။

ဇွန်လ ၁၃ ရက်နေ့က စတင်ခဲ့သည့် မယ်စဲ့မြို့နယ် စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ တပ်စခန်း ၅ ခုနှင့် မယ်စဲ့မြို့မရဲစခန်းတို့ကို ကရင်နီတပ်ပေါင်းစုက သိမ်းယူနိုင်ခဲ့ပြီး ထိုနေရာများတွင် စစ်ကောင်စီက ပြန်လည်စခန်းမချနိုင်သေးပေ။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button