ဆောင်းပါးရွေးကောက်ပွဲ

နိုင်ငံရေးပါတီများ မျက်စိကျရာ ကယားပြည်နယ်

ကရင်နီပြည်နယ်ခေါ် ကယားပြည်နယ်သည် လူဦးရေ သုံးသိန်းစွန်းစွန်းဖြင့် ရန်ကုန်တိုင်း အင်းစိန်မြို့လူဦးရေမျှသာရှိသည့် ပြည်နယ်တစ်ခုဖြစ်သည်။ အရွယ်အစားသေးငယ်ပြီး လူဦးရေနည်းသည့် ထိုပြည်နယ်လေးသည် ရွေးကောက်ပွဲရာသီရောက်တိုင်း နိုင်ငံရေးပါတီများ မျက်စိကျရာနေရာဖြစ်သည်။ 

ကိုယ်စားလှယ်လောင်းတစ်ဦးအနေဖြင့် သိန်းနှင့်ချီသော မဲဆန္ဒရှင်များရှိရာ အခြားပြည်နယ်နှင့် တိုင်းဒေကြီးများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက သောင်းနှင့်ချီသော ခိုင်လုံမဲများ ရရှိမှသာ ရွေးကောက်ပွဲအနိုင်ရမည်ဖြစ်သော်လည်း ကယားပြည်နယ်တွင် ရာဂဏန်း၊ ထောင်ဂဏန်းသော မဲအရေအတွက်ဖြင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ဖြစ်နိုင်လေသည်။ 

ထို့အချက်ကြောင့်ပင် ရွေးကောက်ပွဲရာသီရောက်တိုင်း ကယားပြည်နယ်ကို နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ မျက်စိကျခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ၌ ကယားပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေး ပါတီ ၁၃ ခုရှိသည်။ နိုင်ငံရေးပါတီကိုယ်စားပြုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၃ ဦး အပါအဝင် စုစုပေါင်းကိုယ်စားလှယ်လောင်း ၂၇၂ ဦးအထိ ဝင်ပြိုင်ကြမည်ဖြစ်ရာ မဲဆန္ဒနယ်တစ်ခုတွင် ကိုယ်စားလှယ်လောင်း ၈ ဦးနှုန်းရှိနေသည်။ 

အထူးခြားဆုံးအချက်မှာ ကယားပြည်နယ်ရှိ မဲဆန္ဒနယ် ၃၄ ခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီကြီး ၅ ခုအထိရှိနေခြင်းပင်။ အခြားမည်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်မှ မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၅ ခုအထိ ရှိမနေပေ။ ရှမ်းပြည်နယ်တွင် မည်သည့်နိုင်ငံရေးပါတီမျှ မဲဆန္ဒနယ်အားလုံး ဝင်ပြိုင်နိုင်ခြင်း မရှိပေ။ 

ကယားပြည်နယ်တွင် နေရာပြည့်ဝင်ပြိုင်မည့် နိုင်ငံရေးပါတီ ၅ ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၊ နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) နှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) တို့ဖြစ်သည်။ 

ဂရပ်ဖစ်ဒီဇိုင်း – မိုးထက်လျှမ်း/Myanmar Now

ထို့ပြင် မဟာမိတ်ပြုထားသည့် ဒေသခံတိုင်းရင်းသားပါတီနှစ်ခုလည်း ၃၄ နေရာပြည့် ဝင်ပြိုင်ကြမည်ဖြစ်ရာ ကယားပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ပြိုင်မည့် နိုင်ငံရေးပါတီ ၆ ခုရှိသည့်သဘောဖြစ်သည်။

ဖွံ့ဖြိုးမှုနည်းပြီး တိုင်းရင်းသားလူမျိုးများနေထိုင်ရာ ကုန်းတွင်းပိတ်ပြည်နယ်လေးတစ်ခုဖြစ်သည့် ကယားတွင် အထက်ပါနိုင်ငံရေးပါတီကြီး ၅ ခုနှင့်အပြိုင် အားစမ်းကြမည့် အခြားနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများလည်းရှိနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အကြိတ်အနယ်အရှိဆုံး ပြည်နယ်တစ်ခုဖြစ်ပေမည်။ 

၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများက ကယားပြည်နယ် 

စစ်ဗိုလ်ချုပ်ဟောင်းများ စိတ်ကြိုက်ခြယ်လှယ်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ နိုင်ငံရေး ပါတီ ၃ ခုသာ ဝင်ပြိုင်ခဲ့သည်။ ဗိုလ်ချုပ်ကြီးဟောင်းဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ကယန်းအမျိုးသားပါတီတို့ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့သည့် ထို ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ကယားပြည်နယ်ရှိ မဲဆန္ဒနယ် ၃၄ နေရာလုံးတွင် အနိုင်ရရှိခဲ့သည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင်မူ ကယားပြည်နယ်၌ နိုင်ငံရေးပါတီ ၁၁ ခုအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ NLD၊ ပြည်ခိုင်ဖြိုး၊ တစည၊ အမျိုးသားတိုးတက်ရေးပါတီ စသည့် နိုင်ငံရေးပါတီလေးခုနှင့်အတူ တိုင်းရင်းသားပါတီ ၇ ခုလည်း ဝင်ပြိုင်ခဲ့သည်။ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၃၂ ဦး ဝင်ရောက် အရွေးချယ်ခံခဲ့ကြသည်။ 

NLD နှင့် ပြည်ခိုင်ဖြိုးပါတီတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ကယားပြည်နယ်ရှိ မဲဆန္ဒနယ် ၃၄ ခုအနက် NLD ပါတီက ၂၆ နေရာနှင့် ပြည်ခိုင်ဖြိုးပါတီက ၇ နေရာအနိုင်ရရှိခဲ့သည်။ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းလည်း အနိုင်ရရှိခဲ့သည်။ 

၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်များအရ ကယားပြည်နယ်တွင် ပြည်ခိုင်ဖြိုးနှင့် NLD ပါတီက စိုးမိုးခဲ့ကြပြီး ကျန်နိုင်ငံရေးပါတီများ၊ အခြားဒေသမှ တိုင်းရင်းသားပါတီများနှင့် ကယားအခြေစိုက် ကယားတိုင်းရင်းသားပါတီများ တစ်ကြိမ်မျှ၊ တစ်နေရာမျှ အနိုင်ရခဲ့ဖူးခြင်း မရှိပေ။ 

၂၀၂၀ ရွေးကောက်ပွဲအလားအလာ 

မည်သည့်တိုင်းရင်းသားပါတီမှ အနိုင်ရခဲ့ဖူးခြင်းမရှိသည့် ကယားပြည်နယ်၌ ၂၀၁၅ ရွေးကောက်ပွဲအတွင်းက ကယားပြည်နယ်အခြေစိုက် ကယားတိုင်းရင်းသားပါတီများအကြား သဘောထားကွဲလွဲမှုများ ရှိခဲ့သဖြင့် မဲကွဲခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင်မူ မဟာမိတ်ဖွဲ့ထားသည့် ဒေသခံပါတီနှစ်ခုသည် မဲဆန္ဒနယ်ခွဲပြိုင်ကြရန် သဘောတူညီမှု ရရှိထားသည်။ 

မဲဆန္ဒနယ် ၃၄ ခုအနက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) က နေရာ ၃၀ နှင့် ကယန်းအမျိုးသားပါတီက ၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ KySDP သည် ၂၀၁၇ ခုနှစ်တွင် ပေါ်ပေါက်လာသည့် အသစ်စက်စက် ဒေသခံ ကယားတိုင်းရင်းသားပါတီဖြစ်သည်။ 

မဟာမိတ်ဖွဲ့ထားသည့် ဒေသခံပါတီနှစ်ခုသည် မဲဆန္ဒနယ်ခွဲပြိုင်မည်ဖြစ်သော်လည်း ရွေးကောက်ပွဲမဲဆွယ် စည်းရုံးရေးလှုပ်ရှားရာတွင် အင်အားပိုကောင်းစေရန် အတူတကွလုပ်ဆောင်ကြလျက်ရှိသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၁၃ ခုအနက် တိုင်းရင်းသားပါတီအနေဖြင့် ကယားတိုင်းရင်းသားပါတီ ၂ ခု၊ ရှမ်း၊ ပအိုဝ်းနှင့် ကရင်တိုင်းရင်းသားပါတီတစ်ခုစီသာ ပါဝင်သည်။ 

ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ပြိုင်မည့် နိုင်ငံရေးပါတီကြီး ၅ ခုအထိရှိနေသည့်အပြင် မဟာမိတ်ဖွဲ့ထားသည့် ဒေသခံ ကယားတိုင်းရင်းသားပါတီနှစ်ခုသည်လည်း မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ 

ထို့ပြင် အခြားဗမာနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပါတီများသည်လည်း ကယားပြည်နယ်ရှိ မဲဆန္ဒနယ် အများအပြားတွင် ဝင်ရောက်အားစမ်းကြမည်ဖြစ်ရာ ကယားပြည်နယ်က ၂၀၂၀ ရွေးကောက်ပွဲမှာ အလွန်ပင် အကြိတ်အနယ်ရှိလာမည်ဖြစ်သည်။ 

ဂရပ်ဖစ်ဒီဇိုင်း – မိုးထက်လျှမ်း/Myanmar Now

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ NLD ပါတီက ကယား၌ သောင်းပြိုကမ်းပြိုအနိုင်ရခဲ့သော်လည်း လာမည့်ရွေးကောက်ပွဲတွင် ထိုရလဒ်အတိုင်းဖြစ်လာလို့ ခဲယဉ်းမည်ဖြစ်သည်။ ထိုသို့ ခန့်မှန်းရခြင်းတွင် အကြောင်းအချက်များလည်း ရှိနေသည်။ 

ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုနှင့် အငြင်းပွားဖွယ်ရာ ဖြစ်ရပ်များ 

၂၀၁၅ ရွေးကောက်ပွဲကို သောင်းပြိုကမ်းပြို အနိုင်ရရှိပြီးနောက် NLD ပါတီက ကယားပြည်နယ်တွင် အသက် ၃၇ နှစ်အရွယ် လူငယ်တစ်ဦးကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ NLD အစိုးရအဖွဲ့တွင် အသက်အရွယ် အငယ်ဆုံးသော ဝန်ကြီးချုပ်ပင်ဖြစ်သည်။ 

ကယားပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာမည့် အယ်လ်ဖောင်းရှိုသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်နေရာအတွက် မဲဆန္ဒရှင် ၁၆၀၀ ကျော်သာရှိသည့် မယ်စဲ့မြို့နယ်တွင် ခိုင်လုံမဲ ၇၂၅ မဲဖြင့် အနိုင်ရရှိခဲ့သည်။ 

မြို့နယ်ပညာရေးမှူးဟောင်းတစ်ဦးဖြစ်သည့် အယ်လ်ဖောင်းရှို လူငယ်ဝန်ကြီးချုပ်ဖြစ်လာခြင်းက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်လေးတစ်ခုအတွက် အားတက်စရာပင်ဖြစ်သည်။ 

သို့သော် NLD ပါတီ အာဏာရပြီးနှစ်အငယ်အတွင်းမှာပင် ကယားပြည်နယ်၌ လူငယ်ဝန်ကြီးချုပ်နှင့် ဒေသခံများအကြား အက်ကြောင်းများ ပေါ်ပေါက်လာခဲ့သည်။ အထင်ရှားဆုံးပဋိပက္ခတစ်ခုမှာ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စပင် ဖြစ်သည်။ 

လွိုင်ကော်မြို့လယ်တွင် ကျပ်သိန်း ၁၂၀၀ ကုန်ကျသည့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုကို ထားရှိရန် ဝန်ကြီးချုပ်အယ်လ်ဖောင်းရှိုက ကြိုးပမ်းခဲ့ရာတွင် ဒေသခံကရင်နီလူငယ်များက အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ ဗိုလ်ချုပ်ကြေးရုပ်ကို မရမကစိုက်ထူပြီးနောက် ရာနှင့်ချီသော ဒေသခံများက ဆန္ဒပြခဲ့ကြသည်။ ထိုသူများအနက် လူငယ်ခြောက်ဦးကို ပြည်နယ်အစိုးရက ဖမ်းဆီးအရေးယူကာ ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့သည်။ 

ကရင်နီအမျိုးသားလူငယ်အစည်းအရုံး ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် ခူးကြူးဖဲကေး ခေါ် ဂူဂူး (ဓာတ်ပုံ – ကေဇွန်နွေး/ Myanmar Now) 

“ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်ရင် ကျွန်တော်တို့က ချစ်ခင်တဲ့လူတွေပဲ။ မလွတ်လပ်တဲ့အချိန်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ကျွန်တော်တို့လုပ်ခဲ့တယ်။ အာဇာနည်နေ့အခမ်းအနားကို လုပ်ခဲ့တယ်။ စစ်ထောက်လှမ်းရေး၊ ရဲတွေနဲ့ အရမ်းကျပ်တည်းနေတဲ့ ကာလမျိုးမှာတောင်မှ ကျွန်တော်တို့ လုပ်ခဲ့တယ်” ဟု ဗိုလ်ချုပ်ကြေးရုပ်နှင့်ပတ်သက်၍ ကရင်နီလူငယ်တစ်ဦးဖြစ်သူ ဂူဂူးက ပြောသည်။ 

ခူးကြူးဖဲကေး ခေါ် ဂူဂူးသည် ပြည်နယ်အစိုးရအဖွဲ့၏ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့်အတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူလည်းဖြစ်သည်။ 

ကရင်နီပြည်နယ်ခေါ် ကယားပြည်နယ် ရှေးဗမာဘုရင်များ အာဏာစက် မကျရောက်ခဲ့သည့်နည်းတူ အင်္ဂလိပ်ကိုလိုနီလည်း မဖြစ်ခဲ့ဖူးသည့် သီးခြားလွတ်လပ်သော ဒေသတစ်ခုဖြစ်ခဲ့သည်။ ထိုသီးခြားလွတ်လပ်သော ပြည်နယ်တွင် ‘လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း’ ဟု ကမ္ပည်းထိုးထားသည့် မြင်စီးရုပ်တုကို စိုက်ထူရန် မလိုလားခြင်းဖြစ်ကြောင်း သမိုင်းအထောက်အထားများကို ကိုးကားလျက် ကရင်နီလူငယ်များက ယုံကြည် လျက်ရှိသည်။ 

“အဓိကတော့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပြီး တကယ့်သဘာဝသမိုင်းကို တိတိကျကျသိထားရင်တော့၊ ညှိနှိုင်းဆောင်ရွက်ရင်တော့ ဒီလိုမျိုးမဖြစ်လာဘူးလို့ ကျွန်မတို့မြင်ပါတယ်” ဟု NLD ပါတီဝင်ဖြစ်သူ လက်ရှိ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ပြောသည်။ 

NLD ပါတီဝင်ဖြစ်သူ လက်ရှိ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ ကို လွိုင်ကော်မြို့ရှိ ၎င်း၏နေအိမ်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ – ကေဇွန်နွေး/ Myanmar Now) 

သို့သော် ကယားပြည်နယ်တွင် ဝန်ကြီးချုပ်နှင့် ဒေသခံများအကြား သဘောထားကွဲလွဲမှုသည် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ တစ်ခုတည်းတော့ မဟုတ်ပါပေ။ 

ပြည်နယ်အစိုးရနှင့် ဒေသခံများအကြား ဝေးကွာလာစေသည့် အခြားအကြောင်းများလည်းရှိနေသည်။ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ သင်တန်းများ ပြုလုပ်လိုပါက ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ယူရန်နှင့် သာသာရေးအဆောက်အအုံများတွင် နိုင်ငံရေးဆွေးနွေးပွဲများ မပြုလုပ်ရန် ပြည်နယ်အစိုးရက ၂၀၁၈ ခုနှစ်အတွင်း ဒေသန္တရအမိန့်ထုတ်ပြန်ခဲ့သည်။ 

ဆွေးနွေးပွဲများမှတဆင့် လူထုသဘောထားအမြင်များကို စုစည်းခွင့်မရတော့ကြောင်း၊ တစ်ဖန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သဘောထားအမြင်များ တင်ပြနိုင်ခြင်း မရှိတော့သဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပါ အကျိုးသက်ရောက်ခဲ့သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောသည်။ 

“နောက်ပိုင်းမှာ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ဖြစ်သလောက်ကို ဖြစ်လာတယ်” ဟု ၎င်းက ပြောသည်။ 

ဒီမိုကရေစီအစိုးရပြောပြီးတော့ ဖိနှိပ်ချုပ်ချယ်တဲ့ ယန္တရားတွေနဲ့ လုပ်သွားမယ်ဆိုရင် ပြည်နယ်တစ်ခုရဲ့ တည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်သာမက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိစ္စတွေမှာ အနှောင့်အယှက်ဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။ 

၂၀၁၂ ခုနှစ်က အစိုးရနှင့် ပြည်နယ်အဆင့် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် KNPP သည် NCA လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးပေ။ 

ဤသို့သောအားဖြင့် ဒေသတွင်း နိုင်ငံရေးအင်အားစုများက အာဏာရပါတီနှင့် အစိုးရအဖွဲ့အပေါ် တဖြည်းဖြည်းချင်း ယုံကြည်မှု လျော့ကျလာခဲ့သည်။ 

“လက်ရှိအစိုးရဟာ ဗဟိုကခန့်အပ်တဲ့ အစိုးရဖြစ်တယ်ပေါ့နော်။ ကိစ္စတွေအားလုံးဟာ အနိုင်ရပါတီနဲ့ ဗဟိုအစိုးရကိုပဲ တာဝန်ခံရတဲ့ အနေအထားမျိုးဖြစ်တယ်။ ကျွန်တော်တို့ ပြည်နယ်ရဲ့လိုအပ်ချက်ကို တာဝန်မခံနိုင်ဘူး” ဟု ကရင်နီလူငယ် ဂူဂူးက သူ့အမြင်သဘောထားကို ပြောပြသည်။ 

အာဏာရပါတီက ခန့်အပ်ထားသည့် ပြည်နယ်ဝန်ကြီးချုပ်၏ စီမံခန့်ခွဲနှင့် ပတ်သက်၍ ကျေနပ်လက်ခံခြင်း မရှိသူများတွင် ဒေသခံများသာမက ဥပဒေပြုရေးမဏ္ဍိုင်အထိပင် ပါဝင်ခဲ့သည်။ 

ပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖောက်ဖျက်သည်ဟု ပြည်နယ်လွှတ်တော်က ယခုစက်တင်ဘာလဆန်းပိုင်းတွင် စွဲချက်တင်ခဲ့သည်။ ပြည်နယ်လွှတ်တော်တွင် စုစုပေါင်းကိုယ်စားလှယ် ၂၀ ဦးသာရှိသည့်အနက် ၁၆ ဦးက ထောက်ခံခဲ့သဖြင့် ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်မှု အောင်မြင်ခဲ့သည်။ 

ပြည်နယ်ရန်ပုံ‌ငွေ ကျပ်သိန်း ၄၀၀ နီးပါးကို ပါတီကိစ္စနှင့် ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲခဲ့ခြင်း၊ နှစ်စဉ်ပြည်နယ်နေ့ကျင်းပရာ ‘ကယားဒေး’ မြေနေရာကို ပြည်သူပိုင်အဖြစ်ထားရှိရန် ပြည်နယ်လွှတ်တော်၌ အတည်ပြုထားပြီးဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းရှင်များကို အငှားချထားခဲ့ခြင်း စသည့်စွပ်စွဲချက်များဖြင့် ပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ခဲ့ခြင်းဖြစ်သည်။ 

ပြည်နယ်လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုအောင်မြင်သဖြင့် စက်တင်ဘာ ၃ တွင် အယ်လ်ဖောင်းရှိုကို နိုင်ငံတော်သမ္မတအမိန့်ဖြင့် ရာထူးမှ ရပ်စဲခဲ့သည်။ 

အယ်လ်ဖောင်းရှိုကို ၎င်း၏ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းတွင် စက်တင်ဘာ ၃ ရက်ကတွေ့ရစဉ်။ (ဓာတ်ပုံ – ကေဇွန်နွေး/ Myanmar Now) 

အယ်လ်ဖောင်းရှိုသည် ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲခံခဲ့ရသော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ကိုယ်စားပြုကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ၎င်း၏မဲဆန္ဒနယ်ဟောင်း မယ်စဲ့မြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

မရှေးမနှောင်းဆိုသလိုပင် ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော်က ဖြုတ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ NLD ပါတီဗဟိုနှင့် ပြည်နယ်ရှိ ပါတီဝင်များအကြား သဘောထားကွဲလွဲမှုများသည်လည်း ပေါ်ထွက်ခဲ့သည်။ 

လူသိရှင်ကြား အကွဲအပြဲ 

‌ပြည်နယ်ဝန်ကြီးချုပ်ကို ဖြုတ်ချရာတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် ဥပဒေနှင့်အညီ လျော်ကန်သင့်မြတ်စွာ ဆောင်ရွက်ခဲ့ခြင်းမပြုဘဲ ပုဂ္ဂိုလ်ရေးအာဃတဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ 

ထို့ပြင် လွှတ်တော်ဥက္ကဋ္ဌသည် လာမည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မခံရသည့်အတွက် အလားတူရွေးချယ်မခံရသော ပါတီဝင်များ၊ ပါတီဝင်မဟုတ်သော အခြားအစုအဖွဲ့များနှင့် ပူးပေါင်းကာ ပါတီ၏ နိုင်ငံရေးပုံရိပ် ထိခိုက်အောင် အချိန်ကိုက်လုပ်ဆောင်သည်ဟုလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ထုတ်ပြန်ချက်က ဆိုခဲ့သည်။ 

NLD ပါတီမှ ထုတ်ပယ်ခံရသည့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးကို ၎င်း၏ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းကြော်ငြာဆိုင်းဘုတ်နှင့်အတူ စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – စန္ဒာဉာဏ်/ Myanmar Now) 

ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးကတော့ အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုပြီး တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ရခြင်းမှာ မဲဆန္ဒရှင်များ တောင်းဆိုချက်ကြောင့်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်လောင်း အရွေးမခံရသည့် ကိစ္စရပ်နှင့် မသက်ဆိုင်ကြောင်း ဆိုသည်။ 

“အာဃတနဲ့ဆိုတော့ ကျွန်တော်ပြန်မေးခွန်းထုတ်ချင်တယ်။ ကျွန်တော် ကိုယ်စားလှယ်လောင်း မပါတာ အာဃတနဲ့လုပ်တာလား” ဟု ၎င်းက တုံ့ပြန်သည်။

ပြည်နယ်ဝန်ကြီးချုပ် ဖြုတ်ချခြင်းမခံရင်မီ ရက်ပိုင်းအလိုတွင် ပါတီဝင်အချို့ကို ထုတ်ပယ်ကြောင်း NLD ပါတီက ထုတ်ပြန်ခဲ့သည်။ ပါတီဝင် ၄၀ နီးပါးကို ထုတ်ပယ်ခဲ့ခြင်းဖြစ်ပြီး ပါတီဝင်များအနေဖြင့် ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရွေး ချယ်ခံမည်ဆိုပါက ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရမည်ဟူသောမူဝါဒနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်သူက ပြောခဲ့သည်။ 

ထိုသို့ ထုတ်ပယ်ခံရသူများတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ကယားပြည်နယ်ရှိ ပါတီဝင် ၇ ဦးပါဝင်ခဲ့သည်။ အများစုမှာ ပါတီသို့ နုတ်ထွက်စာတင်ထားသူများဖြစ်ကြောင်း ထိုစဉ်က ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးတင်မြင့်က ပြောခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲအကြိုကာလတွင် ကိုယ်စားလှယ်လောင်းရွေးချယ်မှုနှင့် ပတ်သက်၍ ဒေသခံ NLD ပါတီဝင်များနှင့် ပါတီဗဟိုတာဝန်ရှိသူများအကြား အကွဲအပြဲဇာတ်လမ်းအချို့ ပေါ်ထွက်လာခဲ့သည်။ အခြားသောဒေသများထက် ကယားပြည်နယ်တွင် အကျယ်လောင်ဆုံးဖြစ်ခဲ့သည်။ 

NLD ပါတီမှ ထုတ်ပယ်ခြင်းခံရသည့် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ပါတီဝင်ဟောင်းငါးဦးသည် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအဖြစ် မိခင်ပါတီဟောင်းကို ရင်ဆိုင်ကြတော့မည်ဖြစ်သည်။ 

လူသိရှင်ကြား အကွဲအပြဲက ရွေးကောက်ပွဲတည်းဟူသော စစ်မြေပြင်တွင် သူနိုင်ငါနိုင် စစ်ချင်းထိုးကြတော့မည့် နိမိတ်လက္ခဏာများပင်ဖြစ်သည်။ 

အာဏာရပါတီအတွက် စိန်ခေါ်မှုအသစ်များ 

ကယားပြည်နယ်သည် ယခင်က တည်ငြိမ်အေးချမ်းမှုမရှိသော အမည်းရောင်နယ်မြေတစ်ခုဖြစ်ခဲ့သည်။ သဘာဝသယံဇာတကြွယ်ဝသော်လည်း အခြားဒေသများနှင့်နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုနှေးကွေးခဲ့သည်။ 

အကြောင်းတရားများနှင့်အတူ ဖိနှိပ်ခံရမှု အများဆုံးဒေသဟုလည်း ရှေ့မီနောက်မီ ဒေသခံလူကြီးများက ဆိုသည်။ ကယားပြည်နယ်သည် စစ်အစိုးရခေတ်တွင် တစ်ခုတည်းသော NLD ကင်းစင်နယ်မြေဖြစ်ခဲ့သည်ဟုလည်း ဆိုကြသည်။ 

လျွိုင်ကော်မြို့နယ် ဒေါတနောကျေးရွာ ဘုရားရှိခိုးကျောင်းဓမ္မာရုံတွင် ဒေသခံပါတီက မဲဆွယ်စည်းရုံးနေသည်ကို စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – ကေဇွန်နွေး/ Myanmar Now) 

ပြည်နယ်ဝန်ကြီးချုပ်ကို အခြေတည်သော သဘောထားကွဲလွဲမှုများ၊ အာဏာရပါတီအပေါ် အမြင်မကြည်လင်မှုများရှိနေလင့်ကစား အာဏာရပါတီကို သဘောကျထောက်ခံသူများလည်း ရှိနေဆဲဖြစ်သည်။ 

“NLD ကျတော့ ဒီငါးနှစ်အတွင်း မချမ်းသာချင်နေ အေးအေးချမ်းချမ်းနဲ့ နေရလို့လေ သဘောကျတယ်” ဟု ဆိုလာသူများ လွိုင်ကော်မြို့နယ် ဒေါတနောကျေးရွာမှ ကယန်းလူမျိုး မလင်းလင်းဖြစ်သည်။ 

လူကိုမကြည့်ဘဲ ပါတီကိုသာကြည့်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အလွန်သဘောကျကြောင်း၊ NLD အစိုးရလက်ထက်တွင် ထောက်ပံ့ကြေးများရသဖြင့် နှစ်ခြိုက်မိကြောင်းလည်း အသက် ၂၂ နှစ်အရွယ် မလင်းလင်းက ဆိုသည်။ 

“ငါတို့အမေပဲ။ ရှင်းရှင်းပြောရင် ငါတို့ရဲ့ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း သူ့သမီးလေ။ ဖြောင့်မတ်လွန်း၊ မှန်ကန်လွန်းလို့ သဘောကျတာ” ဟု ဆိုလာသူမှာ လျွိုင်ကော်မြို့မှ ဦးမြင့်သန်းဖြစ်သည်။ 

ကယားပြည်နယ်တွင် ရောက်ရှိပြီး တစ်လတာကာလအတွင်း ဒေသခံများကို Myanmar Now က အလျဉ်းသင့်သလိုမေးမြန်းရာတွင် တိုင်းရင်းသားပါတီကို ဝန်းရံမည်ဆိုသူများ၊ အာဏာရပါတီကို သဘောကျသူများ၊ အခြားနိုင်ငံရေးပါတီကို သဘောကျသူ တစ်ယောက်စနှစ်ယောက်စနှင့် ဝေခွဲမရသူများလည်း ရှိနေသည်။ 

“ငါတို့က ခေါင်းဆောင်ရဲ့အားသားချက်က အများကြီးရှိတာပေါ့ကွယ်။ ခေါင်းဆောင်ရဲ့အားသာချက် အများကြီးရှိတဲ့အတွက် ငါတို့ပါတီသည် ဘာပဲဖြစ်ဖြစ် အဆင်ပြေသွားလိမ့်မယ်လို့ ယူဆတယ်” ဟု ယုံကြည်နေသူမှာ ကယားပြည်နယ် NLD ပါတီဥက္ကဋ္ဌ ဦးသောင်းဌေးဖြစ်သည်။ 

အာဏာရပါတီလက်ထက်တွင် လမ်း၊ တံတား၊ လျှပ်စစ်မီး စသည့် အခြေခံအဆောက်အအုံများ တိုးတက်လာပြီး သာမန်ပြည်သူလူထုအကြား မြင်သာသောအရွေ့တစ်ခုဖြစ်ခဲ့သည်ဟု ဆိုသည်။ 

ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ကယားပြည်နယ်၌ အသုံးစရိတ် ငွေကျပ် ၁၅၄ ဘီလျံသာရှိခဲ့သော်လည်း လက်ရှိအစိုးရလက်ထက်တွင် ၃၇၂ ဘီလျံအထိ တိုးမြှင့်သုံးစွဲခဲ့ကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ 

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် နိုင်ငံကိုယ်စားပြု သွားရောက်တရားရင်ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံရေး နှိုးဆော်ထားသည့် ဆိုင်းဘုတ်တစ်ခုကို လွိုင်ကော်မြို့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ – ကေဇွန်နွေး/ Myanmar Now) 

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကာလတွင် ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းများကို ထောက်ပံ့ပေးခြင်း၊ သာမန်လက်လုပ်လက်စားများကို ထောက်ပံ့ငွေ ပေးအပ်ခြင်းများသည်လည်း ပြည်သူများသဘောကျလာစေသည့် အချက်ဖြစ်သည်ဟု ဆိုသည်။ 

“ဒါတွေအားလုံး ငါတို့ခေါင်းဆောင်ရဲ့ ပြည်သူပြည်သူတွေအပေါ်မှာ မေတ္တာ စေတနာ ဘယ်လောက်ထားလဲဆိုတဲ့ အချက်က ပေါ်လွင်စေတယ်လေ။ ဒါတွေက ဟန်ဆောင်ပန်ဆောင် မဲဆွယ်ပေးဖို့ လုပ်နေတာ မဟုတ်ဘူးလေ” ဟုလည်း ဦးသောင်းဌေးက ဆိုသည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် ပြောင်းလဲချိန်တန်ပြီဟု ကြွေးကြော်ကာ မဲဆွယ်စည်းရုံးခဲ့သည့် NLD ပါတီကို အခြားဒေသများနည်းတူ ကယားပြည်နယ်တွင်လည်း ပါတီဝင်များနှင့် ပါတီဝင်မဟုတ်သူများကပါ ဝန်းရံထောက်ခံခဲ့သည်။ ပထမဆုံး ရွေးကောက်ခံအရပ်သားအစိုးရဖွဲ့စည်းနိုင်ရေးတည်းဟူသော ရည်ရွယ်ချက်က လည်း စိုးမိုးခဲ့သည်။ 

စစ်အုပ်ချုပ်ရေးလက်အောက်မှ လွတ်မြောက်ဖို့ရာ အလွန်အရေးကြီးသည့် ပြောင်းလဲမှုတစ်ရပ်လိုအပ်သည်ဟု ယုံကြည်ချက်ဖြင့် ပြည်နယ်တွင် NLD ကို အားကိုးတကြီးထောက်ခံခဲ့ကြောင်း ဒေါက်တာခင်စည်သူက ဆိုသည်။

“တကယ်လည်း ပါတီကြီးအနေနဲ့ဆိုရင်တော့ NLD ပဲရှိတယ်လေ။ နောက် ပြည်ခိုင်ဖြိုးရှိတာပေါ့။ ပြောင်းလဲချင်လို့ NLD ပါတီတစ်ခုတည်းကိုပဲ ဝိုင်းပြီးတော့ အောလိုက်တာပေါ့” ဟု ၂၀၁၅ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ဒေါက်တာခင်စည်သူက ပြန်ပြောင်းပြောပြသည်။  

၂၀၂၀ ရွေးကောက်ပွဲတွင်မူ အာဏာရပါတီအတွက် စိန်ခေါ်မှုအသစ်များက စောင့်ကြိုလျက်ရှိသည်။ ပါတီဝင်အချင်းချင်း သဘောထားကွဲလွဲမှုများအပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေသခံတိုင်းရင်းသားများနှင့်လည်း အဆင်ချောလှသည် မဟုတ်ပေ။ 

“အာဏာရတာ နေရာပေးထားတာ ကျွန်တော်တို့ တိုင်းရင်းသားတွေ ရှိပါတယ်။ ဒါပေမဲ့ မူဝါဒပိုင်းကျတော့ မိခင်ပါတီရဲ့ မူဝါဒပေါ် ရပ်ရတဲ့အခါကျတော့ တချို့ကိစ္စတွေမှာ ပွတ်တိုက်မှုဖြစ်တယ်။ ဥပမာအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိစ္စမျိုးပေါ့” ဟု KNPP အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် အာဏာရပါတီအတွက် အခြားသော စိန်ခေါ်မှုတစ်ခုမှာ ဒေသခံမျက်နှာသစ် နိုင်ငံရေးသမားများပေါ်ထွက်လာခြင်းနှင့် တိုင်းရင်းသားပါတီများပင်ဖြစ်သည်။ 

လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) နှင့် ကယားလူမျိုးစုဒီမိုကရေစီပါတီတို့ ပေါင်းစည်းပြီး ၂၀၁၇ တွင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီအဖြစ် ဖွဲ့စည်းခဲ့သည်။ အသစ်စက်စက် ထိုဒေသခံ KySDP ပါတီ သည် ကယားပြည်နယ်တစ်ခုလုံးရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကယားအမျိုးသားပါတီနှင့် မဟာမိတ်ဖွဲ့ထားပြီးဖြစ်သည်။ 

အာဏာရပါတီအပေါ် ယုံကြည်ချက်လျော့နည်းလာခဲ့ကြသည့် ဒေသခံတိုင်းရင်းသားလူငယ်များသည်လည်း ပြည်နယ်အခြေစိုက်ပါတီကို ဝန်းရံဖို့အရေး စိတ်အားတက်လျက်ရှိသည်။ 

ပြီးခဲ့သည့် မတ်လအတွင်းက ကျင်းပပြုလုပ်ခဲ့သည့် ကရင်နီပြည် လူမျိုးစု လူငယ်ထုတွေ့ဆုံနှီးနှောဖလှယ်ပွဲအပြီးတွင် ပြည်နယ်အခြေစိုက်ပါတီများကိုသာ ဝန်းရံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 

အသက် ၂၇ နှစ်အရွယ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မော်မိုးမြာသည် KySDP ကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်မည်ဖြစ်သည်။ (ဓာတ်ပုံ – ကေဇွန်နွေး/ Myanmar Now) 

တက်ကြွလှုပ်ရှားသူ ဒေသခံတိုင်းရင်းသားလူငယ်များသည်ပင်လျှင် ပြည်နယ်အခြေစိုက်ပါတီများမှ ဝင်ရောက် အရွေးချယ်ခံကြမည်ဖြစ်သည်။ ထိုအထဲတွင် အသက် ၂၇ နှစ်အရွယ် မော်မိုးမြာလည်း အပါအဝင်ဖြစ်သည်။ 

လာမည့်ရွေးကောက်ပွဲတွင် မော်မိုးမြာက KySDP ပါတီကိုယ်စားပြုကာ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။ ထိုအမျိုးသမီးကိုယ်စားလှယ်လောင်းသည် ၂၀၁၅ ရွေး ကောက်ပွဲတွင် NLD ပါတီကို အမာခံထောက်ခံအားပေးခဲ့သူတစ်ဦးဖြစ်သည်။ 

“အပြောင်းအလဲတွေ အများကြီး မျှော်ကိုးခဲ့ပြီး မဖြစ်လာတဲ့အခါကျတော့ ကျွန်မတို့ကိုယ်တိုင် လွှတ်တော်ထဲ ဝင်ပြီးတော့မှ ကယားပြည်နယ်ရဲ့ ငြိမ်းချမ်းရေးကိစ္စတွေ၊ တိုင်းရင်းသားအခွင့်အရေးတွေအတွက် ကိုယ်တိုင်လုပ်ဆောင်ရခြင်းဖြစ်ပါတယ်” ဟု မော်မိုးမြာက ပြတ်ပြတ်သားသား ဆိုလေသည်။ 

မော်မိုးမြာသည် လူငယ်အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး တောင်သူလယ်သမားအရေး၊ ငြိမ်းချမ်းရေး နှင့် အမျိုးသမီးများအရေးတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ဗိုလ်ချုပ်ကြေးရုပ် ဆန့်ကျင်ဆန္ဒပြစဉ်က စစ်ကြောင်းတစ်ခုကို ဦးဆောင်ခဲ့သည့် အမျိုးသမီးခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ 

“ပါတီကြီးတွေက ဘာပြောလဲဆိုရင် တိုင်းရင်းသားပါတီတွေက အစိုးရမဖွဲ့နိုင်ဘူးဆိုတာ၊ ဒါက ကျွန်မ လုံးဝလက်မခံနိုင်ပါဘူး။ သူတို့က အာဏာရှင်စနစ်ကို သွားနေတာ။ စိန်ခေါ်ချက်ကြီးတယ်။ ဒါပေမဲ့ ကျွန်မတို့ မမှုဘူး” ဟုလည်း မော်မိုးမြာက ပြောသည်။ 

ဒေသခံ KySDP မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ ၂၃ ရာခိုင်နှုန်းမှာ ၃၅ နှစ်အောက် လူငယ်များဖြစ်ကြပြီး အမျိုးသမီးပါဝင်မှု ၂၇ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။ ပါတီ၏ လူငယ်နှင့် လူလတ်ပိုင်း ကိုယ်စားလှယ်လောင်းများတွင် အရပ်ဘက်အဖွဲ့အစည်းများ၌ လုပ်ကိုင်ခဲ့သူများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများလည်း ပါဝင်သည်။ 

ထို့ပြင် ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးခင်မောင်ဦးကလည်း KySDP ကိုယ်စားပြုကာ လွိုင်ကော်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ကရင်နီလူငယ်ထုအချင်းချင်း ချိတ်ဆက်မှုများဖြင့် မဲဆွယ်စည်းရုံးရေး ခရီးစဉ်များ စတင်နေပြီဖြစ်ကာ ဒေသခံ လူငယ်များ၏ နိုးကြားမှုနှင့်အတူ ဒေသခံလူထုအကြား ပါတီပုံရိပ် ပျံ့နှံ့ရောက်ရှိစေရန် အားတက်သရော လှုံ့ဆော်လျက်ရှိသည်။ အကြောင်းရင်းအားဖြင့် ထောက်ခံမည့်ဒေသခံများလည်း ရှိနေသည်။

“သူတို့သာ ကိုယ်ကျိုးစွန့်ပြီး မကူညီခဲ့ရင် ကျွန်မတို့ တောင်သူတွေက ဘာမှမသိဘူးလေ။ မသိနားမလည်ခဲ့ရင် ဒီလိုပဲဆက်ပြီး ဖိနှိပ်ခံနေရမယ်ထင်တာပေါ့နော်။ သူတို့က ဥပဒေဘက်နေရော လူမှုရေးဘက်ကနေပါ အမျိုးမျိုး ကူညီပေးတဲ့အခါကျတော့ ဒီလိုအဖြစ်အပျက်ကနေ ရုန်းထွက်နိုင်တယ်လို့ ထင်တယ်ပေါ့်နော်။ ဒါကြောင့်မို့လို့ အဲဒီဆရာတွေကိုပဲ အားပေးချင်တာပေါ့” ဟု ဆိုလာသူမှာ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ရွာမှ မဟယ်လင်းနာ ဖြစ်သည်။ 

၂၀၁၉ ခုနှစ်အတွင်းက လျွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များတွင် တပ်မတော် တပ်ရင်းများနှင့် ဒေသခံတောင်သူ မြေယာအငြင်းပွားမှုဖြစ်ခဲ့ရာ တောင်သူ ၄၁ ဦးမှာ ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခံခဲ့ရသည်။ ထိုသူများတွင် မဟယ်လင်းနာ၏ အမျိုးသား ဦးခူးရီလည်း ပါဝင်ခဲ့သည်။ 

အဆိုပါဖြစ်စဉ်တွင် ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ခူးတူရယ်က လိုက်ပါကူညီပေးခဲ့သည့်နည်းတူ တရားလွှတ်တော်ရှေ့နေ စောခူးတလေသည်လည်း တောင်သူများဘက်မှ ရှေ့နေလိုက်ပေးခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးသည် လာမည့်ရွေးကောက်ပွဲတွင် KySDP ကိုယ်စားပြု ဝင်ရောက်အရွေးချယ်ခံကြမည်ဖြ စ်သည်။ 

နိုင်ငံရေးဆိုသည်မှာ တစ်သမတ်တည်းမသွားဘဲ ပြောင်းလဲလာနိုင်သည့်အတွက် ဒေသခံလူထုအနေဖြင့်လည်း ပြည်နယ်ကိုယ်စားပြု ဖားစည် (KySDP ပါတီကိုယ်စားပြု တံဆိပ်) ကို ဝန်းရံမည့်အမြင်မျိုးရှိလာကြောင်း ကရင်နီလူငယ် ဂူဂူးက ပြောသည်။ 

“ကိုယ့်အရေးမပြောပေးနိုင်တဲ့လူထက်စာရင် ကိုယ့်အရေးပြောပေးနိုင်တဲ့လူတွေကိုပဲ အာဏာရစေချင်တယ်” ဟု သူက ဆိုလေသည်။ 

NLD ၏ အဓိကပြိုင်ဘက်ဟောင်း ပြည်ခိုင်ဖြိုးပါတီကလည်း ကယားပြည်နယ်၌ ဆက်လက်အောင်ပွဲခံနိုင်ရန် မျှော်လင့်လျက်ရှိသည်။ 

“မြို့ငယ်ကတော့ မြို့ကြီးနဲ့စာရင် လုပ်ရကိုင်ရ နည်းနည်းပိုပြီးတော့ ထိရောက်မှု ပိုရှိတာပေါ့နော်။ လွိုင်ကော်မှာဆိုရင် ကျွန်တော်တို့ အိမ်တိုင်းအိမ်တိုင်း ဆင်းဖို့မလွယ်ဘူး။ ဒါကြောင့် မြို့ငယ်တွေကို ပိုပြီးတော့ အားသာတယ်။ ထပ်ပြီး အနိုင်ရရှိမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးမော်ရယ်က ပြောသည်။ 

ကယားပြည်နယ်တစ်ခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီကြီးများအနက် မျက်နှာသစ်များလည်းပါဝင်နေသည်။ လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် နှင်းဆီပါတီခေါ် UDP ပါတီတို့ဖြစ်သည်။ 

လွိုင်ကော်မြို့နယ် လွိုင်လင်လေးတိုက်နယ်ရှိ ဒေါတနောကျေးရွာမှ နှင်းဆီပါတီစည်းရုံးရေးမှူး ဦးမောင်စိန်ကို စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – ကေဇွန်နွေး/ Myanmar Now) 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒုတိယအများဆုံး ဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီသည် ကယားပြည်နယ်၌လည်း ခြေလှမ်းသွက်လျက်ရှိသည်။ တောင်တန်းများကြားက ဖွံ့ဖြိုးမှုနောက်ကျရာ ပြည်နယ်လေးဖြစ်လင့်ကစား နှင်းဆီပါတီက ရပ်ကွက်နှင့် ကျေးရွာအဆင့်ထိ ပါတီရုံးခန်းများ ဖွင့်လှစ်ထားပြီးဖြစ်သည်ဟုဆိုသည်။ 

“တကယ်လို့ နှင်းဆီပါတီက အနိုင်မရခဲ့ရင်လည်း သူ့ခမျာ ကျေးဇူးတော့ မဆုံးရှုံးဘူးပေါ့နော်။  ဘာဖြစ်လဲဆိုတော့ သူက အများကြီးထောက်ပံ့ထားပေးတယ်ပေါ့နော်” ဟု လျွိုင်ကော်မြို့နယ် လွိုင်လင်လေးတိုက်နယ် ဒေါတနောရွာမှ နှင်းဆီးပါတီစည်းရုံးရေးမှူး ဦးမောင်စိန်က ပြောသည်။ 

အသက် ၆၆ နှစ်အရွယ် ဦးမောင်စိန်သည် နှစ်ပေါင်း ၃၀ ကျော် ရာသူကြီးလုပ်ခဲ့ဖူးပြီး လွန်ခဲ့သည့်သုံးနှစ်ခန့်က အနားယူခဲ့သည်။ ရွာကိုဖြတ်သွားသော ကားလမ်းမပေါ်ရှိ ၎င်း၏နေအိမ်တွင် နှင်းဆီပါတီဆိုင်းဘုတ် စိုက်ထူထားသည်။ ပါတီက ငွေကျပ်တစ်သိန်းပေးကြောင်းလည်း ၎င်းက ပြောသည်။ 

NLD ပါတီမှ ခွဲထွက်ခဲ့သူ ဦးခင်မောင်ဆွေက ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် NDF ပါတီသည်လည်း ကယားပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ NDF ပါတီအနေဖြင့် အခြားဒေသများတွင် မဲဆန္ဒနယ်အများအပြား ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသော်လည်း ကယားပြည်နယ်တွင် အင်အားကြီးပါတီကြီးများနှင့် ဖက်ပြိုင်ကာ အားစမ်းမည်ဖြစ်သည်။ 

နိုင်ငံရေးရေချိန်အရ ငွေကြေးချမ်းသာသည့် ပြည်ခိုင်ဖြိုးပါတီနှင့် အာဏာရ NLD ပါတီကို လူသိများနေပြီး ပြည်နယ်အခြေစိုက်ပါတီအပေါ် ဝန်းရံမှုလျော့နည်းနေသော်လည်း ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ ပြောင်းလဲမှုရှိလာလိမ့်မည်ဖြစ်ကြောင်း လွိုင်ကော်အခြေစိုက် LAIN နည်းပညာအထောက်အကူပြုအဖွဲ့ဘုတ်ဥက္ကဋ္ဌ ကိုကျော်ထင်အောင်က ပြောသည်။ 

“တကယ့်မဲဆွယ်စည်းရုံးရေးကာလအလွန်နဲ့ မဲပေးရမယ့်အချိန်ကတော့ ဒေသခံတိုင်းရင်းသားတွေ မှန်ကန်စွာ ဆုံးဖြတ်ရွေးချယ်ကြမှာဖြစ်လို့ အတိုင်းအတာတစ်ခုအထိ ပြည်နယ်အခြေစိုက်ပါတီတွေက အနိုင်ရသွားပါလိမ့်မယ်” ဟု ၎င်းက သုံးသပ်သည်။ 

တရားဝင် မဲဆွယ်စည်းရုံးရေးလှုပ်ရှား စတင်သည့် စက်တင်ဘာ ၈ နေ့ဖြစ်သည်။ ပြည်နယ်မြို့တော်အဝင် လွိုင်ကော် – တောင်ကြီးကားလမ်းမပေါ်တွင် ကယားပြည်နယ် NLD ပါတီ၏ နှစ်ထပ်အဆောက်အအုံသစ်ကြီးမှာ ခံ့ခံ့ညားညားရှိလှသည်။ အလံတလူလူဖြင့် အောင်နိုင်ရေးတေးသံသာများလည်း ပျံ့လွင့်လျက်ရှိသည်။ 

ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် တိုင်းရင်းသားစည်းလုံးညွီညွတ်ရေးပါတီများ၏ ရုံးခန်းများသည်ကား တိတ်ဆိတ်လျက်ရှိသည်။ 

သို့သော် ပြည်နယ်အခြေစိုက် အသစ်စက်စက်နိုင်ငံရေးပါတီလေးသည်ကား အများနှင့်မတူ နိုးကြားတက်ကြွလျက်ရှိသည်။ အောင်နိုင်ရေးသီချင်သံများအကြားတွင် မြို့နယ်အသီးသီးမှ စုရုံးရောက်ရှိလာသော ကိုယ်စားလှယ်လောင်းများဖြင့် သက်ဝင်လှုပ်ရှားလျက်ရှိသည်။

Show More

Related Articles

Back to top button