ဆောင်းပါးရွေးကောက်ပွဲ

ပြည်ခိုင်ဖြိုးကိုယ်စားပြု အစုလိုက်အပြုံလိုက် ဝင်ပြိုင်ဦးမည့် ဝန်ကြီးဟောင်းများ

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် ကိုယ်စားလှယ်လောင်း ၁,၁၂၈ ဦးဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံကာ ရွေးကောက်ခံမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ အတည်ပြုကိုယ်စားလှယ်လောင်းစာရင်းတွင် တွေ့ရသည်။ 

ယင်းကိုယ်စားလှယ်လောင်းများအနက် တပ်မတော်အစိုးရနှင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ၁၉ ဦး၊ ဒုတိယဝန်ကြီး ၁၁ ဦး၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ် ၆ ဦး စုစုပေါင်း ၃၆ ဦး ပါဝင်သည်။ 

ထို့ကြောင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများတွင် ဝန်ကြီးဟောင်းပါဝင်မှုနှုန်း ၃ ရာခိုင်နှုန်း ရှိ‌သည်။

ဧရာဝတီနှင့် မကွေးတွင် ၆ ဦးစီ၊ ရန်ကုန်နှင့် နေပြည်တော်တွင် ၅ ဦးစီ၊ မန္တလေးတွင် ၄ ဦးဖြင့် အများဆုံးရှိနေသည်။  စစ်ကိုင်းနှင့် ပဲခူးတွင် ၂ ဦးစီ၊ ချင်း၊ ကယား၊ ရှမ်း၊ ကချင်နှင့် ကရင်၊ တနင်္သာရီတို့တွင် ၁ ဦးစီ ရှိသည်။

မွန်နှင့် ရခိုင်တွင် ပြည်ခိုင်ဖြိုးကိုယ်စားပြု ယှဉ်ပြိုင်မည့် ဝန်ကြီးဟောင်းများ မတွေ့ရှိရပေ။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဝန်ကြီးဟောင်းများစွာ ယှဉ်ပြိုင်ကြမည်ဖြစ်သောကြောင့်  ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရှိပါက အစိုးရအဖွဲ့တွင် သမ္မတဟောင်း၊ ဝန်ကြီးဟောင်းများသည် ယခင်တာဝန်များကို ပြန်ယူနိုင်ခြေ ရှိမရှိ‌ ပါတီကို  Myanmar Now က ဆက်သွယ်မေးမြန်းရာ ပါတီအောင်နိုင်ရေးကိုသာ ဗွေဆော်ဦး အာရုံစိုက်နေသည်ဟု ပြောသည်။ 

“လောလောဆယ်က ကျွန်မတို့ လုပ်နေတဲ့ကိစ္စက ဘာလဲဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲအတွက်ကို အာရုံထားပြီးမှ လုပ်ဆောင်နေတယ်ပေါ့။ ပါတီအောင်နိုင်ရေးကို လုပ်ဆောင်နေတယ်။ ဒီဟာပြီးမှပဲ သေချာသိမှာပေါ့ ” ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်က ပြောသည်။

NLD အစိုးရလက်ထက်တွင် ဝန်ကြီးဌာန ၂၄ ခု ဖွဲ့စည်းလည်ပတ်နေသော်လည်း သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က သမ္မတရုံးဝန်ကြီးဌာန ၆ ခုအပါအဝင် ဝန်ကြီးဌာန ၃၆ ခုအထိ ဖွဲ့စည်းလည်ပတ်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရှိပါက ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အစိုးရအဖွဲ့ကို မည့်သို့ဖွဲ့စည်းမည်ကို ၂၀၁၅ ကတည်းက ကြိုတင်ပြင်ဆင်ခဲ့ပြီး အစိုးရအဖွဲ့တွင် တာဝန်ယူမည့်လူများလည်း အဆင်သင့်ရှိထားကြောင်း ပြည်ခိုင်ဖြိုးပါတီ  ပြောရေးဆိုခွင့်ရှိသူ နောက်တစ်ဦးဖြစ်သည့် ဒေါ်ယဉ်မင်းမြင့်ဆွေက ‌ပြောသည်။

“ကျွန်မတို့ကြိုပြီး စဉ်းစားထားတာပေါ့။ ကျွန်မတို့အစိုးရဖြစ်ရင် အုပ်ချုပ်မှုပိုင်းမှာ ဘယ်လိုမျိုးဆောင်ရွက်မယ်ဆိုတာ ၂၀၁၅ ရွေးကောက်ပွဲပြီး နောက်ပိုင်းကတည်းက ပြင်ဆင်ထားပြီးသားပါ။ ကျွန်မတို့မှာ လူတွေက အားလုံးအဆင်သင့်ရှိပြီးသားလေ။ Shadow Government ဆိုတာ ဒီမိုကရေစီနိုင်ငံမှာ ပါတီတိုင်း လုပ်ရမှာ၊ မဖြစ်မနေ လုပ်ရမှာဆိုတော့လေ” ဟု ၎င်းက ဆိုသည်။

အစိုးရယန္တရားတွင် အတွေ့အကြုံရှိသည့် ဝန်ကြီးဟောင်းများနှင့် ရွေးကောက်ခံကိုယ်စားလှယ်များကို တာဝန်ပေးအပ်သည့် နည်းတူ ရွေးကောက်ခံမဟုတ်သည့် ပြင်ပပညာရှင်များလည်း ပါဝင်နိုင်ခြေရှိပြီး အသေးစိတ်ကိုမူ မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။

“အစိုးရယန္တရားတစ်ခုလုံးကို တာဝန်ယူ လည်ပတ်ဖို့ဆိုတာက ကျွန်မတို့ ကိုယ်စားလှယ်တွေထဲမှာ အတွေ့အကြုံရှိပြီးသား လူတွေပါသလို လွှတ်တော်ထဲမှာ ဥပဒေပြုရေးဆောင်ရွက်မယ့်သူတွေကလည်း တစ်ပိုင်းရှိတာပေါ့။ အဲဒီတော့ အစိုးရယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ဆိုတာ ပညာရှင်တွေလည်း ပါဝင်လာမှာပေါ့” ဟု ၎င်းက ထပ်မံပြောသည်။

နေပြည်တော်တွင် အားစမ်းကြမည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများ 

နေပြည်တော်ကောင်စီနယ်မြေရှိ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် အားစမ်းကြမည့် ဝန်ကြီးဟောင်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၅ ဦးရှိသည်။ 

လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်၊ စွမ်းအင်နှင့် ရထားပို့ဆောင်ရေးဝန်ကြီးဟောင်း ဦးသန်းဌေး၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းရှိန်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်တို့ ဖြစ်သည်။ 

တပ်မတော်အစိုးရလက်ထက်တွင် စွမ်းအင်ဒုဝန်ကြီးဖြစ်ခဲ့ဖူးသည့် ဦးသန်းဌေးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း မြန်အောင်မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့တွင် စွမ်းအင်ဝန်ကြီးအဖြစ် ၂၀၁၁ မှ ၂၀၁၃ အထိလည်းကောင်း၊ ရထားပို့ဆောင်ရေးဝန်ကြီးအဖြစ် ၂၀၁၃ မှ ၂၀၁၅ အထိလည်းကောင်း တာဝန်ယူခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင်လည်း မြန်အောင်မဲဆန္ဒနယ်မှ ထပ်မံယှဉ်ပြိုင်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သည်။ 

တပ်မတော်ထဲတွင် ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသန်းဌေးသည် ၂၀၁၆ တွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်လာပြီးနောက် လာမည့်ရွေးကောက်ပွဲတွင် နေပြည်တော် ဇေယျာသီရိ မဲဆန္ဒနယ်တွင် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။ 

တပ်မတော်အစိုးရလက်ထက်တွင် ရှမ်းပြည်နယ် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် လယ်ဆည်ဝန်ကြီးဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်သည် ၎င်း၏မဲဆန္ဒနယ်ဟောင်းဖြစ်သည့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မဲဆန္ဒနယ်မှပင် ပြန်လည်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဂရပ်ဖစ်ဒီဇိုင်း – မိုးထက်လျှမ်း/Myanmar Now

ဦးသိန်းစိန်အစိုးရလက်ထက် ဘဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့သည့် ဦးဝင်းရှိန်သည် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ထမ်းခဲ့ပြီး ၂၀၁၁ မှ ၂၀၁၂ အထိ  ပို့ဆောင်ရေးဒုဝန်ကြီးအဖြစ်လည်းကောင်း၊ ၂၀၁၂ မှ ၂၀၁၆ အထိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ပြင် ဦးဝင်းရှိန်သည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဦးစိုးသိန်းပြီးနောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ 

ထို့အတူ နိုင်ငံခြားရေးဝန်ကြီးဟောင်း  ဦးဝဏ္ဏမောင်လွင်သည်လည်း လာမည့်ရွေးကောက်ပွဲတွင် ဇဗ္ဗူသီရီမြို့နယ်မှ ရွေးကောက်ခံမည်ဖြစ်သည်။ ဗိုလ်မှူးကြီးဟောင်းဖြစ်သည့် ဦးဝဏ္ဏမောင်လွင်သည် ၁၉၇၄ မှ ၁၉၉၇ ခုအထိ စစ်တပ်တွင်တာဝန်ထမ်းဆောင်ခဲ့သည်။ 

ထို့နောက် တပ်မတော်မှ အခြားဝန်ကြီးဌာနများသို့ ပြောင်းလဲတာဝန်ထမ်းခဲ့သည့် မိုးကျရွှေကိုယ်တစ်ဦးဖြစ်လာပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ ပြင်သစ်နိုင်ငံနှင့် အစ္စရေးနိုင်ငံတွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သည်။ 

အလားတူပင် ကာကွယ်ရေးဝန်ကြီးဟောင်း အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးဝေလွင်သည် ပုဗ္ဗသီရိမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် ဦးသန်းရွှေ၏ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဖြစ်ခဲ့ပြီး ထို့နောက် စစ်ထောက်ချုပ်ဖြစ်ခဲ့သည်။ 

သမ္မတရုံးဝန်ကြီးဟောင်းများ

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် သမ္မတရုံးဝန်ကြီး ၆ ခုအထိ ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ၆ ဦး ခန့်အပ်ခဲ့သည်။ လာမည့်ရွေးကောက်ပွဲတွင် သမ္မတရုံးဝန်ကြီးဟောင်း ၆ ဦးအနက် ၃ ဦးသည် ဝင်ရောက်ရွေးကောက်ခံမည်ဖြစ်ပြီး ဦးစိုးသိန်း၊ ဦးလှထွန်းနှင့် ဦးစိုးမောင်တို့ ဖြစ်သည်။

ဦးစိုးသိန်းက ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ ကယားပြည်နယ် ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ဦးလှထွန်းသည် မန္တလေးတိုင်း ကျောက်ပန်းတောင်မြို့နယ်တွင် ပြည်ခိုင်ဖြိုး၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည်ဖြစ်သည်။

သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်မှာ ၎င်း၏ ကိုယ်ပိုင်ပါတီဖြစ်သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ တပ်မတော်စစ်ဥပဒေချုပ်ဟောင်းဖြစ်ခဲ့သည့် ဦးစိုးမောင်သည် ၎င်း၏ဇာတိဖြစ်သည့် မကွေးတိုင်းဒေသကြီး  ရေစကြိုမြို့နယ်မှ ဝင်ပြိုင်မည်ဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒုသမ္မတတစ်ဦးဖြစ်မည်ဟုပင် နာမည်ကျော်ခဲ့သည့် ဦးစိုးမောင်သည် ရေစကြိုမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အပြတ်အသတ်ရှုံးနိမ့်ခဲ့သည်။ 

ဂရပ်ဖစ်ဒီဇိုင်း – မိုးထက်လျှမ်း/Myanmar Now

ဝန်ကြီးဌာနအသီးသီးမှ ဝန်ကြီးဟောင်းများ

ရဲချုပ်ဟောင်းနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟောင်း ဦးခင်ရီက ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တို၊ လျှပ်စစ်ဝန်ကြီးဟောင်း ဦးခင်မောင်စိုးက လှည်းကူး၊ စစ်အစိုးရလက်ထက်က လယ်ဆည်ဝန်ကြီးဟောင်း ဦးဌေးဦးက ဧရာဝတီတိုင်း ဟင်္သာတနှင့် ဟိုတယ်ခရီးဝန်ကြီးဟောင်း ဦးစိုးနိုင်က ဖျာပုံမြို့နယ်တို့မှ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

လေတပ်ဗိုလ်မှူးကြီးဟောင်းလည်းဖြစ် ပို့ဆောင်ရေးဝန်ကြီးဟောင်းလည်းဖြစ်သူ ဦးဉာဏ်ထွန်းအောင်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဟောင်း ဒေါက်တာကံဇော်၊ စက်မှုဝန်ကြီးဟောင်း လက်ရှိ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမောင်မြင့်၊ ဆက်သွယ်ရေးနှင့်စာတိုက်ဝန်ကြီးဟောင်း ဦးသိန်းထွန်း၊ ယဉ်ကျေးမှုဝန်ကြီးဟောင်း ဦးအေးမြင့်ကြူ၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးလှမင်း၊ လူမှုဝန်ထမ်းဝန်ကြီးဟောင်း ဒေါက်တာမြတ်မြတ်အုန်းခင်နှင့် ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာသန်းအောင်တို့သည်လည်း ပြည်ခိုင်ဖြိုးကိုယ်စားပြု ဝင်ပြိုင်ရန်ရှိနေသည်။

ထို့အပြင် ဒါဇင်နှင့်ချီသော ဒုဝန်ကြီးဟောင်းများသည်လည်း ကြံ့ခိုင်ရေးပါတီကိုယ်စားပြုကာ တိုင်းနှင့် ပြည်နယ် မဲဆန္ဒနယ်အသီးသီးတွင် ဖြန့်ကြက်ယှဉ်ပြိုင်ရန်ရှိကြောင်း Myanmar Now က လေ့လာတွေ့ရှိထားသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဒုဝန်ကြီးဟောင်း ဒေါက်တာအောင်မြတ်ဦးနှင့် ဦးခင်မောင်အေး၊ ကာကွယ်ရေးဒုဝန်ကြီးဟောင်း ဦးအောင်သော်၊ လူကယ်ပြန် ဒုဝန်ကြီးဟောင်း ဒေါ်စုစုလှိုင်၊ ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ် လက်ရှိပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးလည်းဖြစ်သည့် ဦးပိုက်ထွေး၊ အလုပ်သမား ဒုဝန်ကြီးဟောင်း ဒေါ်ဝင်းမော်ထွန်း၊ နယ်စပ်ရေးရာ ဒုဝန်ကြီးဟောင်း ဦးတင်အောင်ချစ်၊ စီးပွားကူးသန်း ဒုဝန်ကြီးဟောင်း ဒေါက်တာပွင့်ဆန်း၊ နိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း ဦးတင်ဦးလွင်၊ စီမံကိန်း ဒုဝန်ကြီးဟောင်း ဦးသူရိန်ဇော်၊ လယ်ဆည်ဒုဝန်ကြီးဟောင်း ဦးခင်ဇော်တို့ ဖြစ်သည်။

တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်ဟောင်းများ

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသည့် ဝန်ကြီးချုပ်ဟောင်း  ၆ ဦးသည် ၎င်းတို့ ဝန်ကြီးချုပ်ဖြစ်ခဲ့ရာ တိုင်းနှင့် ပြည်နယ်များတွင် ပြည်ခိုင်ဖြိုးကိုယ်စားပြု ဝင်ပြိုင်ကြမည်ဖြစ်သည်။

ရွေးကောက်ပွဲဝင်ပြိုင်မည့် ဝန်ကြီးချုပ်ဟောင်းများမှာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးဟုန်းငိုင်း၊ ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစပ်အောင်မြတ်နှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးလဂျွန်ငန်ဆိုင်း၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြတ်ကိုတို့ ဖြစ်သည်။

ဦးသိန်းအောင်သည် ဗိုလ်မှူးချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့သည်။ မွတ်စလင်တို့၏ နွားသတ်လုပ်ငန်းများ ရပ်တန့်ရေးအတွက် မဘသအဖွဲ့အစည်းက ဦးဆောင်လှုပ်ရှားမှုကိုလည်း ၎င်းဝန်ကြီးချုပ်ဖြစ်ခဲ့စဉ်က ထောက်ခံကြောင်း Myanmar Now ကို ပြောဆိုဖူးသည်။

မြန်မာပြည်သို့လာရောက်စဉ် အမေရိကန်သမ္မတဟောင်း အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို အနောက်တိုင်းဓလေ့အရ နမ်းကာ နှုတ်ဆက်နေသည့် ပိုစတာကို ပြ၍ “‌‌မြန်မာအမျိုးသမီးတစ်ဦးအနေနဲ့ ဒီလိုလုပ်သင့်သလား။ သူသာ မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်လာရင် ဘာတွေဖြစ်လာမလဲ” ဟုလည်း မေးခွန်းထုတ်ခဲ့သူဖြစ်သည်။ 

ဂရပ်ဖစ်ဒီဇိုင်း – မိုးထက်လျှမ်း/Myanmar Now

နောက်ထပ် အကဲစမ်းမည့် ဝန်ကြီးချုပ်တစ်ဦးမှာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးဟုန်းငိုင်းဖြစ်သည်။ ၎င်းသည် လာမည့်ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မင်းတပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ဦးဟုန်းငိုင်းသည် တပ်မတော်ထဲတွင် ဒုတိုင်းမှူးဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အစိုးရလက်ထက် ၂၀၀၇ မှ ၂၀၁၁ အထိ ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကော်စီဥက္ကဋ္ဌ လုပ်ခဲ့ဖူးသည်။၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာ‌ပြီးနောက် သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့တွင် ချင်းပြည်နယ်ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။ 

ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်းသည် စစ်အစိုးရလက်ထက် ၂၀၀၄ မှ ၂၀၁၁ အထိ နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သည်။ တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်ထိ တာဝန်ယူခဲ့သည်။ လာမည့်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။

လက်ရှိကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ခဲ့သည့် ဦးလဂျွန်ငန်ဆိုင်းသည် လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦစဝ်အောင်မြတ်က အမျိုးသားလွှတ်တော်နေရာတွက် ရှမ်းပြည်နယ် အမှတ်(၉) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြတ်ကိုသည်လည်း ထားဝယ်မဲဆန္ဒနယ် ၂ မှ တနင်္သာရီတိုင်းလွှတ်တော်အတွက် ဝင်ရောက်ရွေးကောက်ခံမည် ဖြစ်သည်။ 

ဉာဏ်လှိုင်လင်းနှင့် မင်းမင်း ပူးပေါင်းရေးသားသည်

Show More

Related Articles

Back to top button