သတင်း

ဝက်လက်တွင် ရင်ခွင်ပိုက်ကလေးများကိုပါ ဓားစာခံအဖြစ် စစ်တပ်က အသုံးပြု

စစ်ကိုင်းတိုင်းအတွင်း ချုံခိုတိုက်ခိုက်ခံရနိုင်သည့် ၈ မိုင်ခရီးအတွင်း စစ်တပ်က အရပ်သားများကို အကာအကွယ်ယူပြီး ခေါ်သွားရာ ထိုအထဲတွင် လူမမည်ကလေး ၄ ဦးလည်း ပါဝင်သည်။

ယမန်နေ့ (အောက်တိုဘာ ၂၄) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဝက်လည်ရွဲကျေးရွာကို စီးနင်းပြီး ရင်ခွင်ပိုက်ကလေးများအပါအဝင် ဒေသခံ ၁၇ ဦးကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားပြီး ၎င်းတို့ စခန်းချသည့်ရွာအနီးရောက်မှ ပြန်လွှတ်ပေးခဲ့သည်။

နံနက် ၄ နာရီခန့်တွင် မန္တလေး-မြစ်ကြီးနား ရထားလမ်းဘေးရှိ အထက်ပါ ကျေးရွာအတွင်း စစ်တပ် ဝင်ရောက်စီးနင်းပြီး ရင်ခွင်ပိုက်အရွယ် ကလေးငယ်နှစ်ဦး၊ လမ်းလျှောက်တတ်စအရွယ် ကလေးနှစ်ဦး၊ အမျိုးသမီး ၆ ဦး၊ အမျိုးသား ၇ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

ထို့နောက် ရွာတောင်ဘက် ၈ မိုင်ခန့်အကွာ သာလိုင်းကျေးရွာအနီးအရောက် ဓားစာခံအားလုံးကို ပြန်လွှတ်လိုက်ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆက်သွယ်ရေးတာဝန်ခံက ပြောသည်။

“မနက် ၄ နာရီလောက်ကနေ ဖမ်းခေါ်သွားပြီးတော့ နေ့လယ် ၁၂ နောက်ပိုင်းကျမှ သူတို့ (စကစတပ်) သွားလိုရာ ရောက်မှ ပြန်လွှတ်ပေးလိုက်တယ်”

လူကြီးများမှာ အသက် ၆၀ နှင့် ၇၀ ကြား အရွယ်များဖြစ်ကြဖြစ်သော ဒေါ်သင်းသင်း၊ ဒေါ်မြတ်ဥ၊ ဦးချစ်ဝင်း၊ ဦးကံချွန်၊ ဦးသောင်းလွင်၊ ဦးစံ၀င်း၊ ၃၀ ဝန်းကျင် အရွယ်များဖြစ်သော မဖြူတုတ်၊ မမိနွယ်၊ မမြတ်ထွေး၊ မအေးစိုး၊ ကိုကင်းကောင်၊ ကိုဇာနှင့် သက်လတ်ပိုင်းအရွယ် အမည်မသိ အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်။

လူကြီးများမှာ အသက် ၆၀ နှင့် ၇၀ ကြား အရွယ်များဖြစ်ကြဖြစ်သော ဒေါ်သင်းသင်း၊ ဒေါ်မြတ်ဥ၊ ဦးချစ်ဝင်း၊ ဦးကံချွန်၊ ဦးသောင်းလွင်၊ ဦးစံ၀င်း၊ ၃၀ ဝန်းကျင် အရွယ်များဖြစ်သော မဖြူတုတ်၊ မမိနွယ်၊ မမြတ်ထွေး၊ မအေးစိုး၊ ကိုကင်းကောင်၊ ကိုဇာတို့ ဖြစ်ကြသည်။

“မနက်ခင်းအစောကြီး ဝင်လာတာဆိုတော့ ရှောင်ချိန်တိမ်းချိန်ကို မရလိုက်ဘူး ဖြစ်သွားတာပေါ့။ ကလေးလေးတွေက မိခင်နဲ့ ခွဲမရသေးတဲ့ အရွယ်လေးတွေလည်း ဖမ်းခံလိုက်ရတာ” ဟုလည်း ဝက်လည်ရွဲကျေးရွာသားတစ်ဦးက ပြောသည်။

စစ်သားများက ကလေးများကို ရန်မပြုသော်လည်း လူကြီးများကို ဆဲဆိုကြိမ်းမောင်း၊ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ် ကျေးရွာများပြမြေပုံ။

ယခုနှစ် ဩဂုတ်အတွင်းမှ စတင်၍ ရထားလမ်းပြင်ဆင်ရန် ပြုပြင်ရေးရထား နှစ်စီး၊ ဘက်ဟိုးနှစ်စီး၊ မီးရထားပြင်သည့်လုပ်သား ၁၀၀ ခန့်နှင့်အတူ အင်အား ၁၀၀ ကျော်ရှိသည့် စစ်သားများက ဝက်လက်မြို့နယ်အတွင်း ရောက်ရှိနေခြင်းဖြစ်ပြီး ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ သာလိုင်းကျေးရွာနှင့် အနီးအနားရွာတချို့တွင် တပ်စွဲထားခြင်းဖြစ်သည်။

ထို့နောက် စစ်တပ်က ရထားလမ်းဘေးမှ ရွာများကို စီးနင်းကာ နယ်မြေရှင်းလင်းရန် ကြိုးစားနေသည်။

မကြာသေးခင်ရက်ပိုင်းကလည်း စစ်သားများ ရက် ၂၀ ကျော်ကြာ တပ်စွဲခဲ့သည့် ရထားလမ်းဘေးရှိ သုံးဆင့်ကန်ကျေးရွာတွင် အရိုးကျနေသော ရုပ်အလောင်းများ ၅ လောင်းထက်မနည်း တွေ့ရှိခဲ့ရသည်။

အဆိုပါ စစ်ကြောင်း တပ်စွဲခဲ့သည့် စစ်ကိုင်းမြို့နယ် ကျွန်းဦးတောရွာတွင် ကာကွယ်ရေးအဖွဲ့ဝင်နှင့် အရပ်သား ၅ ဦးလည်း သတ်ဖြတ်ခံထားရသည်။

ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်၏ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကို ဖြတ်တောက်ရေးရည်ရွယ်ချက်နှင့် လွန်ခဲ့သည့်နှစ်များကတည်းက ရထားလမ်းကို ဖျက်ဆီးထားခဲ့ကြရာ စစ်ကောင်စီက ရထားလမ်းပြန်ပြင်ဆင်၍ တော်လှန်ရေးအင်အားစုများ အားကောင်းသည့် စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့ကို နယ်မြေပြန်စိုးမိုးနိုင်ရေး ကြိုးပမ်းနေသည်။

လက်ရှိတွင် ရထားပြုပြင်ရေးအလုပ်သမားများနှင့် ရထားတွဲနှစ်တွဲတို့မှာ သာလိုင်းကျေးရွာအနီးရှိ ပေါက္ကံဘူတာတွင် ရပ်နားထားပြီး သာလိုင်းရွာအပြင် ရွာသစ်၊ နတ်ကုန်း၊ ဝက်လူးအိုင် စသည့် ရွာများတွင် ခြေမြန်တပ်ရင်း အမှတ် (၃၆၄) မှ အင်အား ၁၄၀ ခန့် တပ်ဖြန့်နေရာယူထားသည်။

ထို့ကြောင့် ဝက်လက်မြို့တောင်ဘက် ရထားသံလမ်းတစ်လျှောက်မှ စစ်တပ်စခန်းချရာ ကျေးရွာများအနီးဝန်းကျင်မှ ဒေသခံများ စက်တင်ဘာလကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ရထားလမ်းပြင်ရန် လာသည့် အဆိုပါ စစ်ကောင်စီတပ်၏ စခန်းချရာနေရာများ၊ ရွေ့လျားစစ်ကြောင်းများကို ဒေသကာကွယ်ရေးအဖွဲ့များကလည်း မိုင်းဆွဲခြင်း၊ ဗုံးသီးချခြင်း၊ ချုံခိုတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button