သတင်း

ရက်ပေါင်း ၂၀ ကြာ စစ်တပ်ရှိနေခဲ့သော ဝက်လက်မှ ကျေးရွာတွင် အရိုးစုများတွေ့

ရက်သတ္တပတ် နှစ်ပတ်ထက်မနည်း စစ်တပ်က ဝင်ရောက်တပ်စွဲခဲ့သော ဝက်လက်တောင်ပိုင်း သုံးဆင့်ကန်ရွာတွင် မည်သူမည်ဝါ ခွဲခြားနိုင်ခြင်း မရှိသော အရိုးကျနေသော အလောင်း ၅ လောင်း တွေ့ရှိခဲ့ရသည်။

စစ်ကောင်စီတပ် ရက်ပေါင်း ၂၀ ကြာ တပ်စွဲနေထိုင်ခဲ့သော စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှ ရွာတစ်ရွာတွင် အရိုးစုများတွေ့ရှိရပြီး ဒေသခံ ၅ ဦး၏ ရုပ်အလောင်းများဖြစ်နိုင်သည်ဟု ရွာခံများက ယုံကြည်နေသည်။

ဝက်လက်မြို့နယ်တောင်ပိုင်း မန္တလေး-မြစ်ကြီးနားရထားလမ်းဘေးရှိ သုံးဆင့်ကန်ရွာမှ စစ်တပ်ထွက်သွားပြီးနောက် ယခုလ ၁၅ ရက်နေ့တွင် ဒေသကာကွယ်ရေးအဖွဲ့များ ဝင်ရောက်ကြည့်ရှုစဉ် အရိုးကျနေသော ရုပ်အလောင်းများကို နှစ်နေရာကွဲ၍ တွေ့ရခြင်းဖြစ်သည်။

အရိုးစုနီးပါးဖြစ်နေသောကြောင့် မည်သူမည်ဝါဟု အတည်ပြုရန် ခဲယင်းသော်လည်း စစ်တပ်က ဖမ်းသွားသည့် CDM ဆရာမတစ်ဦး၊ ရှစ်တန်းကျောင်းသားတစ်ဦးနှင့် ရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် သုံးဦးဖြစ်သည်ဟု သိရသည်။ 

ယခုလ ၁၅ ရက်နေ့တွင် ရွာအတွင်း နေအိမ်တစ်လုံး၌ မီးလောင်ထားသည့် ရုပ်အလောင်းသုံးခုကို စတွေ့ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ဦးက ယနေ့ (အောက်တိုဘာ ၂၀) ပြောသည်။

“အိမ်ထဲမှာတော့ ဦးခေါင်းနှစ်လုံး တွေ့တာ။ တစ်လုံးကတော့ မပီသတော့ဘူး။ ဒါပေမဲ့ အရိုးပုံကျတော့ ဦးခေါင်းနှစ်လုံးထက် သာနေတယ်။ အရိုးပုံကျ များနေတော့ ကျွန်တော်တို့ ယူဆတာက‌တော့ သုံးလောင်းလို့ ယူဆတယ်”

အရိုးကျနေသော ရုပ်အလောင်းများအနီး တွေ့ရှိရသော အဝတ်အစားတစ်စုံအရ တစ်ဦးမှာ အမျိုးသမီးဖြစ်နိုင်သည်ဟုလည်း ယင်းပကဖအဖွဲ့ဝင်က ဆိုသည်။

ယမန်နေ့တွင် မှိုရှာထွက်သည့် ရွာခံတစ်ဦးက ရွာအနောက်ဘက်တောအတွင်း အလောင်းနှစ်လောင်း တွေ့သည်ဟု သတင်းပို့လာသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ အရိုးစုသာ ကျန်သဖြင့် သေဆုံးသည်မှာ ကြာပြီဟု ယူဆရကြောင်းလည်း ၎င်းက ပြောသည်။

“ဦးခေါင်းတွေ၊ နံရိုးတွေကတော့ အခြေမပျက်သေးဘူး။ ခြေထောက်တွေ ဘာတွေကတော့ ခွေးတွေ ဘာတွေ ဆွဲထားတော့ တလင်းထဲ ပြန့်ကျဲနေတာပေါ့ဗျာ”

လွန်ခဲ့သည့် ရက် ၂၀ ခန့်က စစ်တပ်ပြန်ထွက်စဉ် သုံးဆင့်ကန်ရွာတောင်ဘက် သုံးမိုင်ခန့်အကွာ ညောင်ပင်ကြီးတောရွာမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ဦးချစ်ထွေးနှင့် ၁၅ နှစ်အရွယ် ၎င်း၏သားဖြစ်သူ၊ ရေသောက်ကန်ရွာ ပအဖခေါင်းဆောင် ဦးထွန်းဦး၊ အခြားပကဖအဖွဲ့ဝင်တစ်ဦး၊ CDM ဆရာမတစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

ယခုတွေ့ရှိသည့် အရိုးစုနီးပါးဖြစ်နေသော ရုပ်အလောင်းများမှာ ထိုဖမ်းခေါ်သွားခြင်းခံရသူများ ဖြစ်နိုင်သည်ဟု ကာကွယ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံတို့က ယူဆသည်။

“ကျွန်တော်ထင်တာကတော့ သေချာသလောက်ပါပဲ၊ ပျောက်နေတာကလည်း ဒီငါးယောက်ပဲ ရှိတာ။ (သတ်ခံရတာလည်း) နှစ်ယောက်တစ်တွဲနဲ့ သုံးယောက်တစ်တွဲ..ဆိုတော့။ သူတို့ဖမ်းခံရပြီး နောက်ရက် မီး(ရှို့တာ) မြင်ရတာပဲ” ဟု သုံးဆင့်ကန်ရွာသားတစ်ဦးက ပြောသည်။

မန္တလေး-မြစ်ကြီးနားလမ်းတစ်လျှောက်ရှိ သာလိုင်းရွာနှင့် သုံးဆင့်ကန်ရွာတို့ကို မြေပုံတွင် တွေ့ရစဉ်။

သုံးဆင့်ကန်ရွာကို လွန်ခဲ့သည့် ဇူလိုင်အတွင်းကလည်း စစ်တပ်က ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးစဉ် အသက် ၆၀ ကျော်အရွယ် ရွာသားနှစ်ဦး သေဆုံးခဲ့ရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မီးရထားဝန်ထမ်းများအာဏာဖီဆန်မှုနှင့် တိုက်ပွဲများကြောင့် ယနေ့တိုင် ပြေးဆွဲနိုင်ခြင်းမရှိသေးသည့် မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်းကို ပြန်လည်ပြေးဆွဲရန် စစ်ကောင်စီက အပြင်းအထန်ကြိုးပမ်းနေပြီး ရထားလမ်းတစ်လျှောက်ရှိ ရွာများကို စီးနင်းတိုက်ခိုက်နေသည်။

ပြုပြင်ရေးရထား နှစ်စီး၊ ဘက်ဟိုးနှစ်စီး၊ မီးရထားပြင်သည့်လုပ်သား ၁၀၀ ခန့်နှင့်အတူ လုံခြုံရေးယူထားသည့် စစ်သား ၁၅၀ ခန့်က စစ်ကိုင်းမြို့စွန်ရှိ မီးရထားစက်ခေါင်းပြင်စက်ရုံရှိသည့် ရွာထောင်ဘူတာမှ ဩဂုတ်လအစောပိုင်းတွင် ထွက်ခွာလာခြင်းဖြစ်ကာ မီးရထားလမ်းတစ်လျှောက်ရှိ ရွာများကို စီးနင်းနေခြင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်း တပ်စွဲခဲ့သည့် စစ်ကိုင်းမြို့နယ် ကျွန်းဦးတောရွာတွင် ကာကွယ်ရေးအဖွဲ့ဝင်နှင့် အရပ်သား စုစုပေါင်း ၅ ဦး သတ်ဖြတ်ခံရသည်။

အဆိုပါ မီးရထားသံလမ်းပြင်သည့် စစ်ကြောင်းသည် သုံးဆင့်ကန်ကျေးရွာမြောက်ဘက် ၂ မိုင်ခွဲခန့်အကွာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ သာလိုင်းကျေးရွာတွင် အခြေချ တပ်စွဲထားပြီး ပတ်ဝန်းကျင်ကျေးရွာများကို စီးနင်းမှုများပြုလုပ်နေဆဲ ဖြစ်သည်။

စစ်ကြောင်း ရောက်နေသည့် သာလိုင်း၊ သုံးဆင့်ကန်ကျေးရွာတို့သည် မန္တလေး-မြစ်ကြီးနား ရထားလမ်းဘေးမှ ကျေးရွာများဖြစ်ကာ ပေါက္ကံရွာမအနီးတွင် ရထားဘူတာရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button