အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်ဝင်သည့် စစ်ကိုင်းမြို့နယ်တွင် ဒေသခံ ၅ ဦး အသတ်ခံရ

စစ်ကိုင်းမြို့နယ် အရှေ့မြောက်ပိုင်း ကျေးရွာတစ်ရွာတွင် စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်ခဲ့သူ ၅ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ (စက်တင်ဘာ ၃ ရက်) တွင် တွေ့ရသည်ဟု ဒေသခံများနှင့် ဒေသကာကွယ်ရေးအဖွဲ့ဝင်များက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်နေ့က စမွန်းကျေးရွာအုပ်စု၊ ကျွန်းဦးတောကျေးရွာသို့ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းတစ်ခုဝင်ရောက်လာစဉ် တောတိုက်စိုက်ခင်းများအတွင်း ပုန်းရှောင်နေသည့် ၄၅ နှစ်ခန့်အရွယ် ဦးညိုဝင်း၊ အသက် ၄၀ ခန့်အရွယ် ကိုကျော်သူဝင်း၊ အသက် ၂၂ နှစ်အရွယ် ကိုဆန်းထွေးအောင်တို့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

ဩဂုတ် ၂၃ တွင် စစ်ကောင်စီတပ်၏ အခြေအနေများကို စောင့်ကြည့်နေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်များဖြစ်သော ၂၂ နှစ်အရွယ် ကိုဇင်သူ၊ ၁၅ နှစ်အရွယ် ကိုသူထူးစံတို့ အလားတူ ဖမ်းဆီးသတ်ဖြတ်ခံရသည်။

စစ်တပ်ပြန်ထွက်သွားပြီးနောက် ထိုအလောင်းများကို တွေ့ရခြင်းဖြစ်သည်ဟု ယင်းကျေးရွာ ပကဖတာဝန်ခံ ကိုကုလားလေး ဆိုသူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ပကဖ အဖွဲ့အစည်းထဲက နှစ်ယောက်၊ တစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်ပြီးတော့ တစ်ယောက်ကို မီးရှို့သွားတယ်၊ အရှင်လတ်လတ်ရှို့တာလို့ ထင်တယ်၊ ပြည်သူက သုံးယောက်၊ သုံးယောက်လုံး မီးရှို့ခံထားရတာကို တွေ့တယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ကျွန်းဦးတောကျေးရွာကို ခြေကုပ်ယူကာ ဘေးဝန်းကျင်ရွာများကို စစ်ကြောင်းထိုး မွှေနှောက်နေခဲ့ပြီး စက်တင်ဘာ ၃ ရက်နေ့တွင် ကျေးရွာမှ ထွက်ခွာသွားခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များအဆိုအရ သိရသည်။

ရွာအတွင်း စခန်းချသွားသည့် စစ်ကောင်စီတပ်က ကျွန်းဦးတောရွာအတွင်းမှ နေအိမ် ၁၁ လုံးနှင့် တောင်သူများ၏ ယာတောတဲ ၃ လုံးတို့ကိုလည်း မီးရှို့သွားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ထိုစစ်ကြောင်း ဝက်လက်မြို့နယ် သုံးဆင့်ကန်ကျေးရွာသို့ ရောက်ရှိနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ရွှေဘို-မြစ်ကြီးနား ရထားသံလမ်းကို အသုံးပြုနိုင်ရေး၊ စစ်ကိုင်းမြို့နယ်အတွင်းမှ စတင်ကာ သံလမ်းတစ်လျှောက်ကို လိုက်လံစစ်ဆေးပြုပြင်ရင်း စစ်ကြောင်းထိုး သွားလာနေခြင်း ဖြစ်ဖွယ်ရှိသည်၊ ဝက်လက်မြို့နယ်၊ ရွှေဘိုမြို့နယ်တို့အစပ်တို့တွင် အင်အား ၇၀ မှ ၁၀၀ ခန့်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်း ၇ ခုအထိ ရှိနေပြီး၊ အင်အား ၆၄၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေသည်ဟု ဝက်လက်နှင့် စစ်ကိုင်းဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

ထိုစစ်ကြောင်းများသည် စစ်ကိုင်းဘက်မှ စစ်ကြောင်းနှစ်ကြောင်း၊ ဧရာဝတီမြစ်ဘက်မှ နှစ်ကြောင်း၊ ရွှေဘိုမြို့နယ်ဘက်မှ စစ်ကြောင်း ၃ ကြောင်းတို့က မန္တလေး−မြစ်ကြီးနားရထားလမ်းတစ်လျှောက် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ သံလမ်းပြုပြင်ရေး စစ်ကြောင်းနှင့်အတူ လက်နက်နှင့် ရိက္ခာများ တင်ဆောင်လာသည့် ရထားတစ်စီးကလည်း လိုက်ပါလာကြောင်း သိရသည်။

ဒေသအသီးသီးတွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ ထပ်မံပေါ်ပေါက်နေပြီး ပြင်းထန်သည့် တိုက်ပွဲများနှင့် စစ်ရေးလှုပ်ရှားမှုများကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် နိုင်ငံအရှေ့တောင်ပိုင်းတို့တွင် လူပေါင်း ၅၀,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button