သတင်း

လက်နက်ကြီးကျည်ကြောင့် ဝက်လက်မြို့မှ အမျိုးသမီးတစ်ဦးသေဆုံး

စဉ့်ကူးမြို့ စစ်စခန်းမှ လာသည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အိမ်တွင် တစ်ဦး သေဆုံးပြီး ဒဏ်ရာရ အမျိုးသမီးနှစ်ဦးကိုလည်း လုံခြုံရေးကြောင့် ဆေးရုံသို့ မပို့နိုင်သေးပေ။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ယမန်နေ့ (ဧပြီ ၁၈) ညနေပိုင်းက လက်နက်ကြီးကျည်တစ်လုံး နေအိမ်ပေါ် ကျရောက် ပေါက်ကွဲသဖြင့် အမျိုးသမီးတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ညနေ ၆ နာရီခန့်က ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှ စဉ့်ကူးမြို့နယ်၊ ထုံးကြီးတိုက်နယ် စစ်တပ်အထိုင်စခန်းက ဟောင်ဝစ်ဆာ အမြောက်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ရာ မြစ်တစ်ဖက်ကမ်း ၄ မိုင်ခန့်အကွာ ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ကျည်ကျသည့်အိမ်မှ အသက် ၃၅ နှစ်အရွယ် မသန္တာကျော် ပွဲချင်းပြီး သေဆုံးသည်၊ ဒဏ်ရာရသူများမှာ အနီးဝန်းကျင်တွင် နေထိုင်သူများ ဖြစ်သည်။

ရွာအနီးတွင် စစ်ရေးလှုပ်ရှားမှုမရှိသော်လည်း စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်ခြင်း ဖြစ်သည်ဟု သစ်ဆိမ့်ကြီးကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင် ကိုတီ ဆိုသူက ပြောသည်။

“အုန်းဆိုတဲ့အသံကြားတော့ ပြေးကြည့်တော့ တစ်ယောက်ကတော့ ဆုံးပြီးသွားပြီ၊ နေအိမ်ခြံဝင်းထဲ ကျသွားတာ၊ ဘေးအိမ်နှစ်အိမ်က (အမျိုးသမီးနှစ်ယောက်) လည်း ဒဏ်ရာ တော်တော်ပြင်းတယ်” ဟု သူက ဆိုသည်။

စစ်ကောင်စီတပ်အန္တရာယ်ကြောင့် ခရီးသွားလာရန် မလွယ်ကူသေးသဖြင့် အမျိုးသမီးနှစ်ဦးမှာ ကျေးရွာမှာပင် ရှိနေကြောင်း သိရသည်။

ထိုနေ့ညပိုင်း ၁၀ နာရီခန့်တွင် ထိုစခန်းက အနီးပတ်ဝန်းကျင်များကို လက်နက်ကြီး ၆ ချက် ထပ်မံပစ်ခတ်ခဲ့ရာ တချို့မှာ ဘုံသာကုန်းရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့သဖြင့် ပြည်သူ ၅ ဦး ဒဏ်ရာရခဲ့ပြီး နွား ‌၂ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

ထိုစခန်းသည် လက်နက်ကြီးဖြင့် မကြာခဏပစ်သဖြင့် ဒေသခံအများစုမှာ ကျေးရွာထဲတွင် မနေရဲကြကြောင်း အသက် ၄၀ အရွယ် သစ်ဆိမ့်ကြီးရွာသားတစ်ဦးကလည်း ပြောသည်။

“မထင်ရင် မထင်သလိုဖြစ်နေတာပဲ၊ မြစ်ကမ်းတစ်လျှောက်ကရွာတွေ တစ်တန်းလုံး လိုက်ပစ်တာ၊ တစ်ရွာ တစ်လုံး၊ နှစ်လုံးတော့ ကျတာပဲ” ဟု ဆိုသည်။

၂၀၂၂ ခုနှစ်ကလည်း အိမ်ခြေ ၃၀၀ ခန့်ရှိ သစ်ဆိမ့်ကြီးကျေးရွာကို စစ်တပ်က မီးရှို့ခဲ့သဖြင့် အိမ်ခြေထက်ဝက်ခန့် မီးလောင်ပြာကျထားပြီး ထိုနှစ်အတွင်းပင် ဒေသခံ ၆ ယောက်ကို သတ်ဖြတ်မီးရှို့ခဲ့သည်။

စစ်ကောင်စီတပ်သည် ဧရာဝတီမြစ်ကြောင်း သုံးကာ မြစ်ကမ်းဘေးရှိ ရွာများကို စီးနင်းတတ်သည်၊ ဝက်လက်မြို့နယ်တွင် မြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာများသည် စစ်ကောင်စီတပ်၏ဒဏ်ကို အများဆုံးခံထားရသည်။

အာဏာသိမ်းထားသည့် နှစ်များအတွင်း စစ်ကောင်စီသည် လက်နက်အင်အား အားနည်းနေသေးသည့် အညာဒေသကို အဆက်မပြတ်စစ်ကြောင်းထိုးခဲ့သည်။ သို့သော်လည်း ယမန်နှစ် အောက်တိုဘာ ၂၇ ရက်မှ စတင်သည့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ရှမ်းမြောက်ဒေသတွင် “၁၀၂၇” စစ်ဆင်ရေးတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီက စခန်းပေါင်းရာနှင့်ချီ လက်လွှတ်ခဲ့ရပြီးနောက် အညာဒေသတွင် စီးနင်းတိုက်ခိုက်မှုများ လျော့နည်းသွားခဲ့သည်။

သို့သော်လည်း ယခုနှစ် ဇန်နဝါရီမှ စတင်၍ တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရှမ်းမြောက်ဒေသတွင် အပစ်ရပ်သွားရာ စစ်ကောင်စီသည် လက်နက်ကိုင်ခုခံမှုအားကောင်းသော စစ်ကိုင်းတိုင်းဒေသများကို တစ်ကျော့ပြန် စီးနင်းနေသည်။

ယမန်နှစ် ဒီဇင်ဘာမှ ယခုလအတွင်းအထိ ရွှေဘိုခရိုင်အတွင်း ပါဝင်သော ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ရွှေဘို၊ ဒီပဲယင်းမြို့နယ်တို့ကို စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးကာ သတ်ဖြတ်မှုများ၊ ရွာမီးရှို့မှုများ ပြန်လည် ကျူးလွန်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီကမူ ၎င်းတို့၏တပ်များက ပြည်သူလူထုကို အကာအကွယ်ပေးနေသည်ဟု တုံ့ပြန်လေ့ရှိသည်။

Show More

Related Articles

Back to top button