သတင်း

ရွှေပန်းကုံးရွာရဲစခန်းတိုက်ပွဲမှ ထွက်ပြေးသည့် ရဲ ၁၆ ဦး အရှင်ဖမ်းမိ

ယမန်နှစ်တည်းက သိမ်းနိုင်ရန် ကြိုးစားနေသော ရွှေပန်းကုံးရဲစခန်းကို ရွှေဘိုခရိုင် PDF တပ်ရင်းများ ဦးဆောင်၍ တိုက်ခိုက်သိမ်းယူခဲ့ရာ ရဲ ၃ ဦး သေပြီး ထွက်ပြေးသော စခန်းမှူးအပါအဝင် ရဲ ၁၆ ဦးကို အရှင်ဖမ်းမိခဲ့သည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာ ရဲစခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသည့် စခန်းမှူးအပါအဝင် ရဲ ၁၆ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က အရှင်ဖမ်းဆီးရမိကြောင်း အမှတ်(၁) စစ်ဒေသက ယနေ့ (နိုဝင်ဘာ ၂၅)တွင် သတင်းထုတ်ပြန်သည်။

ထိုသူများအပြင် လက်နက်ငယ် ၃၁ လက်၊ ကျည်မျိုးစုံ ၆၄၀၀ ကျော်၊ လက်ပစ်ဗုံး ၃၂ လုံး၊ ပစ္စည်းတချို့ သိမ်းဆည်းရမိသည်ဟု ပါရှိသည်။

ဝက်လက်မြို့အနောက်ဘက် ၁၁ မိုင်အကွာရှိ ထိုရဲစခန်းကို နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်အစာပိုင်းက ရွှေဘိုခရိုင် PDF တပ်ရင်းများ ဦးဆောင်ကာ တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ပြီး ရဲသုံးဦး သေဆုံးပြီးနောက် ကျန်ရဲများ ထွက်ပြေးသွားခြင်းဖြစ်သည်။

ထိုသူများကို အစောပိုင်းက လက်နက်ချရန် ဖျောင်းဖျသော်လည်း ပြန်လည်ခုခံသဖြင့် တစ်နာရီခန့် ပစ်ခတ်မှု ဖြစ်ကြောင်း၊ PDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း တိုက်ပွဲအတွင်း ပါဝင်သည့် ကာကွယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။

ထို့နောက် ရဲများ ထွက်ပြေးသွားသဖြင့် နီးစပ်ရာတောတောင်များကို တောနင်းရှာဖွေဖမ်းဆီးခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနိုင်မှ ထွက်ပြေးတာ၊ နောက်ရက် ရှင်းလင်းရေးဝင်ပြီး ပိုက်စိပ်တိုက်ရှာတော့ အကုန်မိတာ။ ညပိုင်းမှာ မမိဘူး၊ မနက်ရောက်မှ လိုက်ဖမ်းရတာ။ လက်နက်တွေဖွက်ပြီး ပြေးကြတာ”

အဆိုပါစခန်းသိမ်းယူပြီးနောက် စစ်ကောင်စီဘက်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်အပြင် တိုက်လေယာဉ်ဖြင့်ပါ နီးစပ်ရာကျေးရွာများကို ဗုံးကြဲ၊ ပစ်ခတ်မှုများပြုလုပ်သဖြင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

ရွှေပန်းကုံးကျေးရွာအတွင်းရှိ စစ်ကောင်စီထောက်ခံသူများအိမ်တွင် ရဲတချို့က ပုန်းအောင်းနေခြင်းဖြစ်ကြောင်း ရွှေပန်းကုံးကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ဦးကလည်း ဆိုသည်။

“ပြေးတော့ သေနတ်တွေပစ် (ချ) ပြေးတာလေ။ တချို့ရဲတွေကတော့ ရွာထဲက မိတာ။ (ရွာက) သူတို့လူတွေက တံခါးတွေပိတ် (ဖွက်) ပေးထားတာတွေ ရှိတယ်။ သတင်းအတိအကျရတော့ ဖမ်းခံရတာပဲ”

ဖမ်းမိသည့်အခြေအနေနှင့် ထိုသူများ၏ အမည်၊ အသက်အရွယ်များ အသေးစိတ်မသိရပေ။

အဆိုပါ တိုက်ပွဲ ကနဦးသတင်းကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် Myanmar Now က ရဲ ၇ ဦး သေဆုံးကာ အရှင်တစ်ဦး ဖမ်းမိကြောင်း၊ ထွက်ပြေးသွားသည့် ကျန်လက်နက်ကိုင်များကို ဖမ်းမိနိုင်ရေး ဆက်လက်ရှာဖွေနေကြောင်း ဖော်ပြခဲ့သည်။

ယမန်နှစ် အောက်တိုဘာလအတွင်းကလည်း အဆိုပါ ရွှေပန်းကုန်းရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းယူရန် ကြိုးစားခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် မအောင်မြင်ခဲ့ပေ။

ထိုစဉ်က ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးလည်း သေဆုံးခဲ့သည်။

ရှမ်းမြောက်အခြေစိုက် တိုင်ရင်းသားတော်လှန်ရေးအဖွဲ့များ၏ ထိုးစစ်ကြောင့် စစ်ကောင်စီဘက်မှ စစ်စခန်းအမြောက်အမြား ဆုံးရှုံးနေချိန် စစ်ကိုင်းတိုင်းအတွင်းရှိ PDF အဖွဲ့များကလည်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းကာ တိုက်ပွဲများဖော်ဆောင်နေသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ခရိုင်မြို့တစ်မြို့ဖြစ်သော ကောလင်းနှင့် စစ်ကိုင်းတိုင်းအနောက်ပိုင်းရှိ ခမ်းပတ်မြို့ကို တော်လှန်ရေးအဖွဲ့များက သိမ်းယူထားသည်။

စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်မှုများအကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့က ပြောဆိုရာတွင် ထိုရဲစခန်းသိမ်းဆည်းခံရကြောင်း ထည့်သွင်းပြောဆိုခြင်း မရှိပေ။

“စစ်ကိုင်းတိုင်းဘက်မှာတော့ ဗောဓိတစ်ထောင်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။ ရန်သူ့ဆီက အလောင်း လက်နက်များစွာ ရရှိခဲ့ပါတယ်။ ရေဦး၊ အောင်သာယာဘက်မှာလည်း ပြည်သူ့စစ်အဖွဲ့ဝင်များနဲ့ PDF အကြမ်းဖက် အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာရှိပါတယ်။ အဲဒီမှာလည်း ရန်သူအကျအဆုံးများစွာနဲ့ ဆုတ်ခွာထွက်ပြေးသွားရ တာရှိပါတယ်” ဟု စစ်ကောင်စီပြောခွင့်ရသူက ထိုအခြေအနေများကိုသာ ပြောသွားသည်။

Show More

Related Articles

Back to top button