သတင်း

ဝက်လက်တွင် NUG လက်အောက်ခံအဖွဲ့က လူသတ်မှုသံသယဖြင့် စစ်ဆေးခံနေရသူ သေဆုံး

လူသတ်မှုသံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် စိုင်နိုင်ကြီးရွာသား ကိုဇော်ဝင်းသည် ၃ ရက်အကြာတွင် သွေးအန်သဖြင့် ဆေးခန်းပို့ကုသစဉ် သေဆုံးခဲ့ပြီး ပလဖဘက်ကမူ ဘီပိုးစီပိုး အသည်းရောဂါကြောင့် သေဆုံးသည်ဟု အကြာင်းပြချက်ပေးခဲ့သည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပလဖအဖွဲ့ဟု ခေါ်သည့် ပြည်သူ့လုံခြုံရေးအဖွဲ့က လူသတ်မှုသံသယဖြင့် ဖမ်းဆီးထားသူတစ်ဦး ဖမ်းဆီးခံရပြီး ၃ ရက်အကြာတွင် သေဆုံးသွားသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၈ က  ဖြစ်ပွားခဲ့သည့် မန္တလေး-ရွှေဘိုကားလမ်းဘေး ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာ ဗကသကျောင်းသား ကိုမြင့်မြတ်ဦး လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံရသူများအနက် အသက် ၄၁ နှစ်အရွယ် ကိုဇော်ဝင်းဆိုသူ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးရွာမှ အသက် ၁၆ နှစ်အရွယ် ဆယ်တန်း (Grade 11) ကျောင်းသား ကိုမြင့်မြတ်ဦးသည် ဇူလိုင် ၈ ရက် ညက ရွာပြင် သုသာန်အနီး အင်တာနက်သုံးရန် သွားရောက်ခဲ့ပြီး အပြန်တွင် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

ထို့နောက် ဇူလိုင် ၁၀ ရက် နေ့လယ်တွင် စိုင်နိုင်ကြီးရွာ ကိုဇော်ဝင်း၏ နေအိမ်သို့ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ကိုချမ်းနှင့်အဖွဲ့ ရောက်လာပြီး အထက်ပါ ကိစ္စနှင့်ပတ်သက်ပြီး စစ်ဆေးရန်ရှိသည်ဟုဆိုကာ လာရောက် ခေါ်ဆောင်သဖြင့် ကိုယ်တိုင် ဆိုင်ကယ်မောင်း၍ လိုက်ပါသွားခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ကိုဇော်ဝင်းအပါအဝင် ၅ ဦးထက်မနည်း ခေါ်ယူစစ်ဆေးခံနေရခြင်းဖြစ်ပြီး အခင်းဖြစ်သည့်နေ့က ကိုဇော်ဝင်း သွားလာမှုများနှင့် ပတ်သက်၍ သံသယရှိသည်ဆိုကာ ပလဖက ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။

စိုင်နိုင်ကြီးကျေးရွာမှ ၁၅ မိနစ်ခန့် ဆိုင်ကယ်စီးလျှင် ရောက်သော နယ်မြေလုံခြုံရေးအတွက် ဖွင့်လှစ်ထားသည့် NUG လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့စခန်းတွင် ထိုနေ့မှစ၍ ထိန်းသိမ်းခံလိုက်ရပြီး ဇူလိုင် ၁၃ ရက်တွင် သေဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းထားစဉ် မိုးရွာထဲ ထိတ်တုံးခတ်လျက် ပစ်ထားသလို စခန်းတာဝန်ခံ ကိုဂျိုးဇက်ဆိုသူက စစ်ဆေး မေးမြန်းရာတွင် ခန္ဓာကိုယ်အောက်ပိုင်းကို ထန်းလက်ဖြင့် ရိုက်နှက်ခြင်း၊ နားအုံကို ဖိနပ်ဖြင့် ရိုက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း အထက်ပါ နီးစပ်သူက ဆက်ပြောသည်။

ကိုဂျိုးဇက်ဆိုသူသည် CDM ရဲဝန်ထမ်းတစ်ဦးဖြစ်ပြီး ထိုဒေသတွင် ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံအဖြစ် NUG အစိုးရ မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတို့က ခန့်အပ်ထားသူဖြစ်သည်ဟု သိရသည်။

ဇူလိုင် ၁၀ နံနက်က ပြုလုပ်ခဲ့သော ကိုမြင့်မြတ်ဦး၏ နာရေးဈာပနာ။ (ဓာတ်ပုံ-လွန်းညီ)

“ထမင်းမကျွေးဘူးပြောတယ်။ ထမင်းသွားကျွေးတယ်။ ဘဲဥလေးတစ်ခြမ်းစားပြီးတော့ ပြီးသွားတယ်။ နောက်နေ့ကျတော့ မစားနိုင်တော့ဘူး။ ရိုက်နှက်ထားတာ ဘယ်လိုမှ မထိုင်နိုင်ဘူး။ အောက်ပိုင်းကလည်း ‌ကြေနေပြီ။ တင်ပါးမှာလည်း အဆီတွေပြန်နေလို့ပေါ့။ မိုးရွာထဲမှာ ထိတ်တုံးလည်း ခတ်ထားတယ်” ဟု မိသားစုနှင့်နီးစပ်သူ နောက်တစ်ဦးက မြင်တွေ့ခဲ့ပုံကို ပြောသည်။

“သူ့ကို နားရိုက်တာတော့ သူ (ကိုဂျိုးဇက်) စီးတဲ့ ရော်ဘာဖိနပ်နဲ့ရိုက်တာ။ နားအုံကြီးကို ညိုမည်းလို့၊ မကြားရတော့ဘူး။ ဒဏ်ရာတွေနဲ့ မြင်ရတာ မကြည့်ရက်ပါဘူး”

၃ ရက်မြောက်နေ့တွင် သွေးအန်သည်အထိ ဖြစ်လာသဖြင့် ဆေးရုံပို့ခွင့်ရရန် တာဝန်ရှိသူများကို ခွင့်တောင်းခဲ့ကြောင်း အထက်ပါ မိသားစုနှင့်နီးစပ်သူ နောက်တစ်ဦးက ပြောသည်။

Myanmar Now က ရရှိထားသည့် ဓာတ်ပုံမှတ်တမ်းများတွင် ကိုဇော်ဝင်း၏ ခန္ဓာကိုယ်တွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ တွေ့ရသည်။ 

“ဆေးရုံသွားဖို့ ခံဝန်လက်မှတ်ထိုးရတယ်။ လက်မှတ်ထိုးပြီးတော့ သွေးထပ်အန်တော့ ကိုဂျိုးဇက်တို့က ဆရာဝန်ကို ဖုန်းဆက်ခေါ်ပြီး ဆေးထိုးပေးတယ်။ ခဏနေတော့ သွေးတွေက ထပ်အန်တယ်။ ရတော့မှာ မဟုတ်တော့ပါဘူး ဆိုပြီးတော့ အကုန်လုံးငိုကြတယ်” ဟု အထက်ပါသူက ဆိုသည်။

မြို့ပေါ်ဆေးရုံသို့ ပို့လိုသော်လည်း စစ်ကောင်စီ၏ လုံခြုံရေးအခြေအနေကြောင့် တော်လှန်ရေးအဖွဲ့က စီစဉ်ပေးသည့် စိုင်နိုင်ကြီးရွာ၏ အနောက်တောင်ဘက် ၈ မိုင်ကျော်အကွာ သမန်သာရွာစာသင်ကျောင်းတွင် သွားရောက်ဆေးကုသခဲ့ကြောင်း ၎င်းက ဆိုသည်။

ဆေးခန်းဟုဆိုသော်လည်း ဆေးပစ္စည်းကိရိယာများမရှိသည့် စာသင်ကျောင်းအလွတ်တစ်ခုသာဖြစ်ပြီး ကိုဇော်ဝင်းကို ဆေးပုလင်းကြီးချိတ်ခြင်းနှင့် သွေးသွင်းခြင်းပြုလုပ်ခဲ့ပြီးနောက် သက်သာလာသော်လည်း ညနေတွင် ခန္ဓာကိုယ် မခံချိမခံသာဖြစ်ကာ အသက်သေဆုံးသွားသည်ဟု ၎င်းက ဆက်ပြောသည်။

ထိုညတွင် ကိုဇော်ဝင်းရုပ်အလောင်းကို နေအိမ်သို့ ပြန်သယ်လာခဲ့ပြီး နောက်ရက်တွင် ပလဖအဖွဲ့ဝင်များ ရောက်ရှိလာကာ ရင်ခွဲစစ်ဆေးခဲ့ကြောင်း၊ ကိုဇော်ဝင်းသေဆုံးမှုသည် ရိုက်နှက်ခံရသည့် ဒဏ်ရာကြောင့် မဟုတ်ဘဲ ဘီပိုး၊ စီပိုးနှင့် အသည်းခြောက်ရောဂါကြောင့် သေဆုံးသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

တောင်သူလုပ်ငန်းလုပ်ကိုင်သလို ငါးရှဉ့်ဖမ်းသည့် ကိုဇော်ဝင်းသည် ကျန်းမာရေးကောင်းမွန်ကြောင်း၊ စစ်ဆေးရန် လာခေါ်ချိန်က ကိုယ်တိုင်ဆိုင်ကယ်မောင်း၍ လိုက်သွားသူသည် ထိန်းသိမ်းခံရပြီး ၃ ရက်အကြာတွင် အသက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူ အခြားသူများက ဆိုသည်။

“‌အရေးယူနိုင်မယ်ဆိုရင် အရေးယူစေချင်တယ်။ ဒါက မတရားသေရတဲ့ဟာကြီး။ သူတို့ခေါ်သွားတော့ ဦးဇော်ဝင်းက အကောင်းကြီးပါ။ ၃ ရက်မြောက်တဲ့နေ့ သေမှ လာပို့တာ။ အလောင်းတောင်မှ လက်မှတ်ထိုးပြီး ယူလာရတယ်။ သေခါနီး ဆေးရုံတက်မယ်ဆိုတော့လည်း လက်မှတ်ထိုးရသေးတယ်။ အာမခံနဲ့ ထုတ်ရတယ်” ဟု အထက်ပါ နီးစပ်သူက ဆက်ပြောသည်။

၎င်း သေဆုံးပြီး ၃ ရက်အကြာတွင် သင်္ဂြိုဟ်လိုက်ကာ ဇနီးဖြစ်သူနှင့် ဆယ်ကျော်သက်အရွယ် သားတစ်ဦး ကျန်ခဲ့သည်ဟု သိရသည်။

ကိုဇော်ဝင်း သေဆုံးမှုနှင့်ပတ်သက်၍ ပလဖတာဝန်ရှိသူ ကိုဂျိုးဇက်ဆိုသူကို တိုက်ရိုက်ဆက်သွယ်နိုင်ရန် Myanmar Now က ကြိုးစားနေဆဲဖြစ်သည်။ 

ကိုဇော်ဝင်းကို စစ်ဆေးခံရန် လာရောက်ခေါ်ဆောင်ခဲ့သည့် စိုင်နိုင်ကြီးကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုချမ်းကမူ ရိုက်နှက်ခံရသည်မှာ မှန်သော်လည်း အသည်းရောဂါအခံလည်း ရှိနေသဖြင့် အကြောင်းတိုက်ဆိုင်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

“စစ်တဲ့အခါမှာ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်လို့ပဲ ပြောရမလားမသိဘူး။ မဆိုင်ဘူးတော့မဟုတ်ဘူး။ (ရောဂါ၊ နှိပ်စက်မှုနဲ့ သေဆုံးမှု) နည်းနည်းစီတော့ ဆိုင်တယ်။ ရဲ (ပလဖ) က သွားစစ်တဲ့အခါမှာ ကျန်းမာရေးရော ဘာရော လုံးသွားတဲ့အခါမှာ နည်းနည်းသက်ဆိုင်မှုရှိတာပေါ့” ဟု ၎င်းက ဆိုသည်။

မိသားစုဝင်များဘက်ကမူ ကိုဇော်ဝင်းသေဆုံးမှုအပေါ် တာဝန်ယူမှုတာဝန်ခံမှုရှိရန်၊ တရားမျှတမှုရရန် မျှော်လင့်နေကြောင်း နီးစပ်သူများက ပြောသည်။ 

ထို့ပြင် ဗကသကျောင်းသား ကိုမြင့်မြတ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံရခြင်းမှာလည်း ကိုဇော်ဝင်းသည် ယခင်အမှုအခင်းတချို့ဖြစ်ဖူးသည့် နာမည်ဆိုးရှိ၍ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အိမ်ခြေ ၆၀၀ ကျော်ရှိသည့် စိုင်နိုင်ကြီးရွာသည် ရွှေဘို – မန္တလေး လမ်းမကြီးပေါ်တွင် တည်ရှိပြီး တော်လှန်ရေးအင်အားစုများစိုးမိုးနယ်မြေဖြစ်ပြီး လုံခြုံရေးတင်းကျပ်ထားသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။

ကိုမြင့်မြတ်ဦးသေဆုံးမှုအပေါ် တရားမျှတမှုရရန်၊ ကျူးလွန်သူကို အပြစ်ပေးနိုင်ရန် ဆောင်ရွက်မည်ဟု ဗကသများအဖွဲ့ချုပ်က ဇူလိုင် ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး အမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။

NUG အစိုးရပညာရေးဝန်ကြီးဌာနက သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်း၍ ကျူးလွန်သူကို အရေးယူနိုင်ရန် အမြန်ဆုံးဆောင်ရွက်သွားမည်ဟု ထိုနေ့တစ်ရက်တည်းတွင် ထုတ်ပြန်ခဲ့သည်။

အမှုမှန်ပေါ်ပေါက်ရန် သံသယဖြစ်သူများကို စစ်ဆေးစဉ် နောက်ထပ်အသက်ဆုံးရှုံးမှုကြုံတွေခဲ့ရသည်။ ဦးဇော်ဝင်း သေဆုံးမှုနှင့်ပတ်သက်၍ NUG အစိုးရ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ လူအခွင့်အရေးဝန်ကြီး ဦးကျော်မျိုးမင်း၊ တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်တို့ကို ဆက်သွယ် မေးမြန်းထားသော်လည်း တုံ့ပြန်ခြင်း မရှိသေးပါ။

Show More

Related Articles

Back to top button