သတင်း

ဝက်လက်မြို့တွင် ဒရုန်းနှင့် ဗုံးသီးချသဖြင့် ကလေး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဗုံးသီးချပြီး တိုက်ခိုက်စဉ် ဒဏ်ရာရသွားသည့် ကလေးများအနက် ယောကျ်ားလေး ၂ ဦးကို ခွဲစိတ်ကုသနေရသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သရက်ပင်စုကျေးရွာ ဗုံးသီးတပ်ဒရုန်းနှင့် တိုက်ခိုက်ခံရသဖြင့် ကလေး ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။

ဧရာဝတီမြစ်လယ်တွင် ရှိသည့် စဉ့်ကူးမြို့နယ် ရွာသာရွာအတွင်း စခန်းချထားသည့် စစ်ကောင်စီတပ်က မြစ်အနောက်ဘက်ကမ်းစပ်ရှိ အဆိုပါ ရွာအတွင်းသို့ ယမန်နေ့ (အောက်တိုဘာ ၃၀) နေ့လယ်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၁၂ အရွယ် မောင်ချစ်ပိုမှာ ကျောကို ဗုံးစများမှန်ပြီး ၁၃ နှစ်အရွယ် မောင်ကျော်ဇင်ဝင်းမှာ ညာဘက်လက် တံတောင်ဆစ်ရိုး ကျိုးသွားသည်။ ၁၄ နှစ်အရွယ် မယွန်နဒီမောင်၏ ဘယ်ဘက် လက်သန်း၊ ၁၃ နှစ်အရွယ် မခိုင်ရတီဦး၏ ဘယ်ဘက်ခြေထောက်တွင် ဗုံးစထိမှန်သွားကြသည်။

ကျောပြင်တွင် ဒဏ်ရာရသူမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သစ်ဆိမ့်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ခံက ပြောသည်။

“ကလေးလေးတွေက အိမ်နီးနားချင်းလေးတွေ၊ သူတို့နားကို ဗုံးသီးက ကျကွဲပြီးတော့ ထိသွားတာ၊ မိန်းကလေးနှစ်ယောက်က ဒဏ်ရာသေးပေမဲ့ ယောက်ျားလေးနှစ်ယောက်က ပြင်းထန်တယ်” ဟု သူက ပြောသည်။

ယောက်ျားလေးနှစ်ဦးကို ခွဲစိတ်ကုသပေးနိုင်မည့် နေရာတစ်ခုသို့ ပို့ဆောင်ထားရကြောင်း၊ ဒဏ်ရာမပြင်းထန်သည့် မိန်းကလေးနှစ်ဦးကို ဒေသတွင်းမှာပင် ဆေးကုသပေးထားကြောင်း သိရသည်။

အောက်တိုဘာ လလယ်ပိုင်းကလည်း အလားတူတိုက်ခိုက်မှုမျိုး ရင်ဆိုင်ခဲ့ရဖူးကြောင်း၊ အိမ်မွေးတိရစ္ဆာန်များ ထိခိုက်ခဲ့ကြောင်း ရွာခံတို့က ပြောသည်။

ပြည်သူ့စစ်များ၊ စစ်သားများသည် ဧရာဝတီမြစ်အတွင်းရှိ ရေလယ်ကျွန်းကျေးရွာတစ်ခုဖြစ်သော ရွာသာရွာတွင် ၂၀၂၂ ခုနှစ်အတွင်းကတည်းက တပ်စွဲနေထိုင်နေခြင်းဖြစ်သည်။

ယင်းစစ်စခန်းမှ နေပြီး ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် ရှိသည့် ဝက်လက်မြို့နယ် ရေလမော်ရွာ၊ မှော်ဦး၊ ကမ်းဖြူ စသည့် အနီးဝန်းကျင်ရွာများကို ဒရုန်းများသုံးကာ ဗုံးသီးချ တိုက်ခိုက်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

၂၀၂၁ အာဏာသိမ်းပြီး ဆန္ဒပြသူများကို ပစ်သတ်သည့် စစ်ကောင်စီတပ်ကို ခုခံစစ်ဆင်သူများထဲတွင် ဝက်လက်မြို့နယ်ဒေသခံများလည်း ပါဝင်သည်။

စစ်ကောင်စီကလည်း ခုခံသူများ ရှိနိုင်သည့် ရွာများကို မကြာခဏ သွားရောက် တိုက်ခိုက်လေ့ရှိသည်။

ဝက်လက်မြို့နယ်အတွင်း အာဏာသိမ်းတပ်က စစ်ကြောင်းထိုးခြင်းကြောင့် မြို့နယ်အတွင်းရှိ ရွာပေါင်း ၅၆ ရွာမှ ဒေသခံ သောင်းနှင့်ချီ စက်တင်ဘာ ပထမပတ်အတွင်း တိမ်းရှောင်ခဲ့ကြရသည်။

ဒေသအသီးသီးတွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ ထပ်မံပေါ်ပေါက်နေပြီး ပြင်းထန်သည့် တိုက်ပွဲများနှင့် စစ်ရေးလှုပ်ရှားမှုများကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် နိုင်ငံအရှေ့တောင်ပိုင်းတို့တွင် လူပေါင်း ၅၀,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button