
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းသို့ အာဏာသိမ်းတပ်၏ စစ်ကြောင်း ၆ ခု ဝင်ရောက်နေမှုကြောင့် ကျေးရွာများစွာမှ ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ရွာစုစုပေါင်း ၅၃ ရွာမှ တိမ်းရှောင်နေရသည့် စစ်ရှောင်အရေအတွက် အတိအကျကို မသိရှိနိုင်သေးသော်လည်း သောင်းနှင့်ချီ ရှိနိုင်သည်ဟု သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှ စတင်ကာ ဝက်လက်မြို့နယ်တောင်ဘက် ကပ်လျက်ရှိ စစ်ကိုင်းမြို့နယ်အတွင်းမှ စစ်ကြောင်းနှစ်ခု၊ မြောက်ဘက်ရှိ ရွှေဘိုမြို့နယ်အတွင်းမှ စစ်ကြောင်း ၂ ခုနှင့် အရှေ့ဘက် ဧရာဝတီမြစ်ဘက်မှ စစ်ကြောင်းနှစ်ခုတို့ စုပြုံဝင်ရောက်လာနေခြင်း ဖြစ်သည်။
လက်နက်ကိုင်အင်အား စုစုပေါင်း ၆၅၀ ခန့်ရှိမည်ဟု သိရကြောင်း ဝက်လက်မြို့နယ် မြောက်ခြမ်းကျေးရွာတစ်ခုမှ ဒေသခံတစ်ဦးက ပြောသည်။
“ထွက်ပြေးရတာတော့ အများကြီးပဲ၊ ဒီရက်ပိုင်းမှ မိုးကလည်း ရွာလိုက်တာဗျာ၊ မနေ့ညကလည်း မိုးရွာကြီးထဲနေရတယ်” ဟု စစ်ဘေးရှောင်နေရသည့် ထိုအမျိုးသားက ဆိုသည်။
တောင်ဘက်ခြမ်းမှ စစ်ကြောင်းနှစ်ခု ဝင်လာခြင်းကြောင့် ထန်းကြီး၊ ပါယ်သူကြီး၊ အုန္နဲဘုတ်၊ ရွာနန်း၊ ရွာသစ်၊ ကြီးတော၊ ညောင်းပင်၊ ဘူတာ၊ ပေါက်ကန်၊ သုံးဆင့်ကံ၊ ရေသောက်ကံ၊ ကူကောင်း၊ ဝက်လူးအိုင်၊ အင်းဘဲတော၊ သာလိုင်း၊ ရွာသစ်၊ ရုံးသာ၊ သဲဘုတ်ကုန်း၊ စံပါယ်တော၊ ကန်ပေါက်၊ နတ်ကုံး၊ ဝက်လည်ရွဲ၊ ခေါတော၊ ညောင်ပင်သာ၊ သံလမ်းဝဲယာရွာများမှ ဒေသခံများ တိမ်းရှောင်နေရသည်။
အရှေ့ဘက်မှ ဝင်လာသည့် စစ်ကြောင်းနှစ်ခုကြောင့် ပြေးရသူတို့မှာ ရှားကွဲ၊ ထုံးဘို၊ ရေကမိုး၊ ရွာသစ်၊ လှေပို့ဆိပ်၊ သစ်ဆိမ့်၊ ကူကြီး၊ မှတ်ထိ၊ ဆားတောင်ကြီး၊ ချောင်းမီတို၊ စခန်းသာ စသည့် ရွာများမှ ဖြစ်သည်။
မြို့နယ်မြောက်ဘက်မှ ဝင်လာသည့် စစ်ကြောင်းများကြောင့် အောင်ချမ်းသာ၊ ရင်းမာကန်၊ ဖွတ်လှိုင်း၊ ဘူတာ၊ မုဆိုးခြုံ၊ စင်းတဝဲ၊ ဘိုတဲ၊ မင်းယာကန်၊ ရွှေတောင်၊ ရင်းတော၊ အုန္နဲဘုတ်၊ ကျေးသီးကုန်း၊ ပုဏ္ဏား၊ ထန်းကြီး၊ ကျီးပင်ကန်၊ ဆင်တဲကုန်း၊ အောင်ချမ်းသာ စသည့် ရွာများမှ ဒေသခံများ ထွက်ပြေးနေကြရခြင်းဖြစ်သည်။
လုံခြုံသည့်အခြေအနေရောက်မှ နေရပ်ပြန်ကြသည်ဟု အထက်ပါ ဒေသခံက ပြောသည်။
“အဆင်ပြေသလို နေကြရတာပါပဲ၊ တချို့လည်း လမ်းနံဘေးတင် နေရတာ၊ မိုးရွာတော့ ပိုပြီး ဆင်းရဲတာပေါ့ဗျာ။ စစ်ကြောင်းတွေက တစ်ကြောင်းနဲ့တစ်ကြောင်းကလည်း တစ်မိုင်နှစ်မိုင်လောက် ဝေးကြတာ၊ ကျွန်တော်တို့လည်း လေးငါးမိုင်အကွာလောက်အထိ ရှောင်လာပြီး၊ ကိုယ့်ရွာကို ကျော်သွားပြီဆိုရင်တော့ ဝင်လို့ရရင် ဝင်ကြပေါ့၊ ဒီလိုပဲ နေကြရတာ” ဟု စစ်ရှောင်အမျိုးသားက ဆိုသည်။
“သက်ကြီးတချို့လည်း ကျန်းမာရေးမကောင်းကြဘူး။ မြိုန့ယ်အဖွဲ့အစည်းတွေကတော့ လာပြီး ကြည့်ပေး၊ ဆေးပေး လုပ်ပေးပါတယ်”
ထွက်ပြေးရသူတို့သည် စစ်ကောင်စီတပ်သားတို့ ဝင်ရောက်ခြင်း မရှိသည့် ကျေးရွာတို့ရှိ ဆွေးမျိုးနီးစပ်တော်သူတို့၏ အိမ်များ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းကဲ့သို့သော နေရာများတွင် ခိုလှုံကြသည်။ တချို့ကလည်း တောတောင်များ၊ စိုက်ခင်းများအတွင်း ပုန်းနေကြသည်။
ရွာများအတွင်း ခိုလှုံသူများမှာ အမိုးအကာအောက် နေကြရသော်လည်း ရွာအပြင်တွင်မူ နွားလှည်း၊ ထော်လာဂျီနှင့် ကားပေါ်တွင် နေကြရသည်၊ မော်တော်ယာဉ်မရှိသူများက မိုးကာတဲများထိုးကာ နေထိုင်ကြရသည်ဟု ဒေသခံတို့အဆိုအရ သိရသည်။

ကျေးရွာအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်လာချိန်တွင် ဖမ်းဆီးခံရခြင်း၊ လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခံရခြင်းအပြင်၊ သတ်ဖြတ်ခံရခြင်းတို့ကြောင့် စစ်ကြောင်းထိုးခံရချိန်များတွင် ရွာအတွင်း မနေရဲကြဘဲ ထွက်ပြေးကြရခြင်းဖြစ်သည်ဟု စစ်ရှောင်တို့က ဆိုသည်။
ဩဂုတ်လ ၂၅ ရက်နေ့ကလည်း ဝက်လက်မြို့နယ်အတွင်း ရောက်ရှိလာသည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခုက ကျီးကန်ကျေးရွာမှ ဒေသခံ ၆ ဦးကို ဖမ်းကာ ၄ ဦးကို သတ်ဖြတ်ခဲ့သည်။ ယင်းသတ်ဖြတ်ခံရသူများအနက် ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်သည် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု ဒေသခံတို့က ဆိုသည်။
ရွှေဘိုအခြေစိုက် ခမရ ၇၀၈၊ ခမရ ၄၂၊ လပခမှ တပ်များက စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
မန္တလေး-မြစ်ကြီးနား ရထားလမ်းကို အသုံးပြုနိုင်ရေး၊ ပြုပြင်ခြင်း၊ လုံခြုံရေးပေးခြင်းများ ဆောင်ရွက်ရန်အတွက် ယင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်သည်ဟု ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များက ယူဆနေကြသည်။
စစ်ကြောင်းတစ်ခုတွင် ရထားလမ်းပြုပြင်ရေး ဝန်ထမ်းများအပြင်၊ တွဲနှစ်တွဲပါသည့် ရထားတစ်စင်းကလည်း ကပ်လျက်လိုက်ပါလာသည်။ စစ်ကြောင်းများအားလုံး ရထားသံလမ်းတစ်လျှောက် ချီတက်ကာ ဝက်လက်မြို့အတွင်းသို့ ဝင်ရောက်နေခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် ရထားတွဲပါသည့် စစ်ကြောင်း ဝက်လက်မြို့အတွင်း ဝင်ရောက်နေပြီး၊ ယင်းနောက်မှ နောက်ထပ်စစ်ကြောင်း တစ်ကြောင်း လိုက်ပါလာသည်၊ ရွှေဘိုဘက်မှ လာသည့် စစ်ကြောင်းတစ်ခုကလည်း ရထားသံလမ်းအတိုင်း ဝက်လက်မြို့အတွင်း ဝင်ရောက်သွားသည်၊ ယင်းလမ်းအတိုင်း နောက်တစ်ကြောင်းကလည်း လိုက်ပါလာပြီး ဧရာဝတီမြစ်ဘက်မှ လာသည့် စစ်ကြောင်းနှစ်ခုကလည်း ဝက်လက်မြို့ထဲသို့ ဦးတည်နေသည်ဟု သိရသည်။
“ကျွန်တော်တို့ ယူဆချက်ကတော့ ဒီသံလမ်းကို အသုံးပြုနိုင်ရေးအတွက် လုပ်နေတာလို့ပဲ ထင်ပါတယ်၊ တခြားအကြောင်း မတွေ့သေးဘူး။ ဒီအပိုင်းမှာ ကျွန်တော်တို့က ရထားလမ်းကို ဖျက်ဆီးထားတဲ့ အပိုင်းတွေရှိတယ်။ အခု ရထားက ဝက်လက်ထဲရောက်နေပြီ၊ ရှေ့ဆက်သွားဖို့ကိုလည်း ကြိုပြီး လုံခြုံရေးယူနေတဲ့ သဘောထင်တယ်” ဟု မြို့နယ်ပကဖ ဆက်သွယ်ရေးတာဝန်ခံက ဆိုသည်။
စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်လာသည့် လဆန်းမှ စတင်ကာ တော်လှန်ရေးတပ်ဖွဲ့များကလည်း ပြောက်ကျားတိုက်ခိုက်ခြင်း၊ ရင်ဆိုင်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသည်၊ အင်အားအများအပြားနှင့် ရောက်လာသည့် စစ်ကောင်စီတပ်ကို ရင်ဆိုင်ရန် တော်လှန်ရေးအဖွဲ့များတွင် လက်နက်ခဲယမ်းအင်အား နည်းပါးခြင်းကြောင့် တိုက်ပွဲကြီးများ ဖော်ဆောင်နိုင်ခြင်းမရှိကြောင်း သိရသည်။
“ရင်ဆိုင်တိုက်ပွဲက လုပ်မရဘူး။ သူတို့စစ်ကြောင်းတွေကလည်း ဝေးလှမှ နှစ်မိုင်လောက်ပဲဆိုတော့ ဝိုင်းခံရမယ့် အခြေအနေတွေလည်း ရှိနေတာ” ဟုလည်း ပကဖ ဆက်သွယ်ရေးတာဝန်ခံက ဆိုသည်။
မြို့နယ်အတွင်း ရောက်နေသည့် စစ်ကြောင်း ၆ ခုအပြင် စစ်ကိုင်း-ဝက်လက်အစပ် ဆားတောင်ကျေးရွာအနီးတွင်လည်း အခြားစစ်ကြောင်းတစ်ခု ရှိနေသည်။ ဧရာဝတီမြစ်တွင်း ရေလည်ကျွန်းကျေးရွာများအနီးတွင်လည်း စစ်ကြောင်းတစ်ခုက ခြေကုပ်ယူထားကြောင်း သိရသည်။
ဝက်လက်မြို့နယ်အတွင်းတွင် ယခု စစ်ကြောင်းထိုးလာသည့် စစ်အင်အားများအပြင် ဝက်လက်မြို့ပေါ် ရှိမ္မကားကျေးရွာ၊ ရွာသာကြီးကျေးရွာ၊ ဟံလင်းဒေသ၊ စိုင်နိုင်ကြီး၊ စိုင်နိုင်ကွေ့ စသည့် နေရာများတွင်လည်း ၂၀၂၁ ခုနှစ်ကတည်းက စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲထားသည့် စစ်စခန်းများလည်း ရှိသည်။
ဒေသအသီးသီးတွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ ထပ်မံပေါ်ပေါက်နေပြီး ပြင်းထန်သည့် တိုက်ပွဲများနှင့် စစ်ရေးလှုပ်ရှားမှုများကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် နိုင်ငံအရှေ့တောင်ပိုင်းတို့တွင် လူပေါင်း ၅၀,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)