သတင်း

စစ်တပ် တပ်စွဲခဲ့သည့် ဝက်လက်မြို့နယ်တွင် ခေါင်းမဲ့ရုပ်အလောင်း ၂ ခုတွေ့

စစ်ကိုင်းဒေသ ရထားလမ်းပြင်သည့်နေရာတွင် တပ်စွဲသူများက ဒေသခံတို့ကို ဖမ်းဆီး ခိုင်းစေခဲ့သည်၊ တပ်ရုပ်သွားချိန်တွင် ပျက်စီးနေသည့် ရုပ်အလောင်း ၂ ခု တွေ့ရသည်ဟု PDF က ဆိုသည်။

မန္တလေး-မြစ်ကြီးနား မီးရထားလမ်း ပြုပြင်သည့် အောက်တိုဘာလအတွင်းက စစ်ကောင်စီတပ် စခန်းချခဲ့သည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဝက်လူးအိုင်ကျေးရွာအနီးတွင် ရုပ်အလောင်းနှစ်ခုကို ယမန်နေ့ (နိုဝင်ဘာ ၇) တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။

ဦးခေါင်းပြတ်နေသည့် ထိုရုပ်အလောင်းများသည် မည်သူမည်ဝါမှန်း ခွဲခြားမရနိုင်လောက်အောင် ပုံပျက်နေသည်၊ စစ်ကောင်စီတပ်က ရထားလမ်းတစ်လျှောက် ကျေးရွာများမှ ဒေသခံများကို ဖမ်းပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၁ တာဝန်ရှိသူက ခန့်မှန်းသည်။

စစ်ကောင်စီက ရထားလမ်းအနီးမှ ဒေသခံများကို ဖမ်းဆီးကာ လမ်းလုပ်သားအဖြစ် စေခိုင်းခြင်း၊ ဒေသကာကွယ်ရေးတပ်များ လာရောက်တိုက်ခိုက်ချိန်တွင် လူသားဒိုင်းအဖြစ် အသုံးပြုခြင်း စသည့် အမှုများ ကျူးလွန်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“သံလမ်းနားဝန်းကျင်ရွာတွေက ဖမ်းခံရသူတွေ အများကြီးရှိတယ်။ သူတို့ကို သံလမ်းပြင်တဲ့နေရာမှာ ခိုင်းတာမျိုးလည်း ရှိတယ်၊ အခု အဲ့လူတွေက ပြန်လွတ်လာတာမျိုးလည်း မရှိဘူး။ ဖမ်းခံကြရတာလည်း ကြာပြီ” ဟု ဝက်လက်တောင်ပိုင်းဒေသခံ ရွာသားတစ်ဦးက ပြောသည်။

ဝက်လက်ဒေသခံများ ဖြန့်ဝေထားသည့် ဓာတ်ပုံများတွင် ခြောက်ကပ်နေပြီဖြစ်သည့် ဦးခေါင်းမဲ့ရုပ်အလောင်းနှစ်ခုကို ကြံခင်းတစ်ခုအတွင်း တွေ့ရသည်။

မန္တလေး-မြစ်ကြီးနား မီးရထားလမ်းချော်သည်ကို ၂၀၁၉ အတွင်းက ပြင်ဆင်နေပုံ (ဓာတ်ပုံ-MOI)

မိုင်ပေါင်း ၃၄၀ ကျော် ရှည်လျားသည့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းသည် စစ်ကိုင်းတိုင်းအတွင်းသို့ ဖြတ်သန်းသွားပြီး နိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းကို ဆက်သွယ်ထားသည်။

အာဏာသိမ်း အကြမ်းဖက်မှုကို ကန့်ကွက်သည့်အနေဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ရထားဝန်ထမ်းအများအပြား ပါဝင်ခဲ့ရာမှ ရထားခရီးစဉ်များ ရပ်တန့်သွားပြီးနောက် မန္တလေး- မြစ်ကြီးနားရထားခရီးစဉ်ကို စစ်ကောင်စီက ပြန်လည်စတင်နိုင်ရန် စီစဉ်နေသည်။ စစ်ကိုင်းတိုင်းထဲမှ လမ်းပိုင်းကို ပြင်ဆင်ရန် လမ်းလုပ်သား ၁၀၀ ခန့်နှင့် စစ်သားများ ဩဂုတ်လကတည်းက ရုပ်အလောင်းများ ပေါ်လာသည့် နေရာသို့ ရောက်လာခဲ့သည်။

စစ်ကောင်စီသည် ထိုလမ်းပိုင်းကို အသုံးပြုပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲဖြစ်ပွားရာ မြောက်ပိုင်းဒေသများသို့ စစ်လက်နက်နှင့် ရိက္ခာများ ပို့မည်ဟု တော်လှန်ရေးတပ်များဘက်က ယူဆနေကြသည်။ ထို့ကြောင့် ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ်နှင့် ရထားလမ်းကို မကြာခဏ တိုက်ခိုက်နေသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီတပ် ရက်ပေါင်း ၂၀ ကျော်ကြာ တပ်စွဲပြီးနောက် ထွက်ခွာသွားခဲ့သည့် ဝက်လက်မြို့နယ်မှ သုံးဆင့်ကန်ကျေးရွာအတွင်းမှ မီးကျွမ်းရုပ်အလောင်းများ တွေ့ခဲ့သေးသည်။

စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ဒေသခံများ သေဆုံးရသည်ဆိုသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ အရာရှိများကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button