သတင်း

ဝက်လက်နယ်မှ ရဲစခန်းကို PDF အဖွဲ့ ဝင်တိုက်၊ ရိုင်ဖယ် ၁၂ လက်ရ

ဝက်လက်မြို့အနောက်ဘက် ၁၁ မိုင်အကွာရှိ ထိုရဲစခန်းတွင် ရဲအင်အား ၂၀ ခန့်ရှိပြီး ယနေ့ နံနက် ၄ နာရီခန့်တွင် ရွှေဘိုခရိုင် PDF တပ်ရင်းများဦးဆောင်ပြီး ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ရွှေပန်းကုံးရွာ ရဲစခန်းကို ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့ (နိုဝင်ဘာ ၂၁) ဝင်ရောက်တိုက်ခိုက်ပြီးနောက် ရိုင်ဖယ်သေနတ် ၁၂ လက် သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

ဝက်လက်မြို့အနောက်ဘက် ၁၁ မိုင်အကွာရှိ ထိုရဲစခန်းတွင် ရဲအင်အား ၂၀ ခန့်ရှိပြီး ယနေ့ နံနက် ၄ နာရီခန့်တွင် ရွှေဘိုခရိုင် PDF တပ်ရင်းများ ဦးဆောင်ပြီး ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်ဖြင့်ပါ တုံ့ပြန်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။

ရဲစခန်းတွင်းရှိနေသူများအနက် ၇ ဦး သေဆုံးကာ အရှင်တစ်ဦး ဖမ်းမိကြောင်း၊ ထွက်ပြေးသွားသည့် ကျန်လက်နက်ကိုင်များကို ဖမ်းမိနိုင်ရေး ဆက်လက်ရှာဖွေနေကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“(စကစဘက်က) ပြန်တော့ပစ်သေးတယ်..ပြီးတော့ အကုန်ထွက်ပြေးသွားတာ။ အကုန်တပ်ဖြန့်ထားတာဆိုတော့ အနှေးနဲ့အမြန် မိမှာပဲ” ဟု ၎င်းက ဆိုသည်။

ကနဦးရရှိသော အချက်အလက်များအရ ရဲစခန်းအတွင်းမှ မောင်းပြန်ရိုင်ဖယ် ၁၂ လက် သိမ်းဆည်းရမိပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်နှင့် စာသင်ကျောင်းများ ပျက်စီးသည်ဟုလည်း သိရသည်။

“ရွှေပန်းကုန်းရွာပတ်ချာလည်ကို ဗုံးကြဲသွားတယ်။ ၁၅ မိနစ်လောက်နေတော့ ရဟတ်ယာဉ်ရောက်လာပြီး ထပ်ပစ်သွားတာ၊ သမ္မရိုးရွာဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတာ” ဟု နောက်ထပ် ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။

ယမန်နှစ် အောက်တိုဘာလအတွင်းကလည်း ရွှေပန်းကုန်းရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များ ဝင်တိုက်ကာ သိမ်းယူရန်ကြိုးစားခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် မအောင်မြင်ခဲ့ပေ။ 

ထိုစဉ်က ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့သည်။

ရှမ်းမြောက်အခြေစိုက် တိုင်ရင်းသားတော်လှန်ရေးအဖွဲ့များ၏ ထိုးစစ်ကြောင့် စစ်ကောင်စီဘက်မှ စစ်စခန်းအမြောက်အမြား ဆုံးရှုံးနေချိန် စစ်ကိုင်းတိုင်းအတွင်းရှိ PDF အဖွဲ့များကလည်း မဟာအမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းကာ တိုက်ပွဲများဖော်ဆောင်နေသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ခရိုင်မြို့တစ်မြို့ဖြစ်သော ကောလင်းနှင့် စစ်ကိုင်းတိုင်းအနောက်ပိုင်းရှိ ခမ်းပတ်မြို့ကို တော်လှန်ရေးအဖွဲ့များက သိမ်းယူထားသည်။

Show More

Related Articles

Back to top button