သတင်း

ရဲစခန်းကို ဝင်တိုက်သည့် ဝက်လက်ဒေသကာကွယ်ရေးအဖွဲ့များ ရဟတ်ယာဉ်ဖြင့် အပစ်ခံရ

ယနေ့ (အောက်တိုဘာ ၁၇) နံနက်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဒေသခံ ကာကွယ်ရေးအဖွဲ့များ ပူးပေါင်း၍ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်နေစဉ် စစ်ကောင်စီဘက်မှ ရဟတ်ယာဉ်နှင့် တိုက်လေယာဉ် ရောက်လာကာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ရွှေပန်းကုန်းကျေးရွာ နယ်မြေရဲစခန်းကို နံနက် ၆ နာရီခန့်မှစ၍ ဒေသခံ ကာကွယ်ရေးအဖွဲ့လေးခု ပေါင်းတိုက်နေချိန် လေကြောင်းပစ်ကူ ရောက်လာခြင်း ဖြစ်သည်။

စစ်ကောင်စီက လေယာဉ်နှစ်စီးဖြင့် လှည့်လည်ပတ်ခတ်ခဲ့၍ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးနှင့် အနီးဝန်းကျင်ရွာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

အင်အား ၃၀ ကျော်ရှိ နယ်မြေရဲစခန်းကို တိုက်ခိုက်နေစဉ် တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ်သည့်အပြင် Mi-35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်လည်း ရောက်လာသဖြင့် ဆုတ်ခွာခဲ့ရကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။​

“မြေပြင်တိုက်ပွဲမှာ ကျွန်တော်တို့အားသာချက်တွေ အများကြီးရှိတယ်။ လေယာဉ်တွေ မလာရင် ခဏလေးနဲ့ ပွဲပြီးတယ်။ လေယာဉ်တက်လာပြီဆိုတော့ ကျွန်တော်တို့ ပြန်ဆုတ်ရတာပေါ့” ဟု သူက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကို ကြိုတင်သတင်းရသဖြင့် အချိန်မီပြန်ဆုတ်နိုင်ခဲ့သောကြောင့် ၎င်းတို့ဘက်မှ အထိအခိုက်မရှိခဲ့ကြောင်းလည်း အထက်ပါ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။

သို့သော် ရဲစခန်းကို ဝင်တိုက်စဉ် အပြန်အလှန်ပစ်ခတ်ရင်း ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး စက်သေနတ်ကျည် ထိမှန်သေဆုံးခဲ့ပြီး အခြားတစ်ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း သိရသည်။ 

စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာများကို လှည့်ပတ်ပစ်ခတ်သွားကြောင်း၊ ရွှေပန်းကုန်းရွာနှင့် ကပ်လျက်ရှိ ယင်းမတောရွာမှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ပြောသည်။

“အမျိုးသမီးတစ်ယောက် ပွဲချင်းပြီးသေတယ်။ အိမ်ရှေ့မှာ ထမင်းချက်နေတုန်း ထိပြီးသေသွားတာ” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းမှ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တချို့ကို အောက်တိုဘာ ၁၀ က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

စစ်ကောင်စီ၏ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်သည် တစ်နာခွဲနီးပါး ကြာသည်အထိ ကျေးရွာသုံးခုကို ပစ်ခတ်ပြီးမှ ပြန်သွားကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာများအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေကိုမူ မသိရသေးပေ။ 

ယခုလ ၈ ရက်ကလည်း ဝက်လက်မြို့နယ်အတွင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သင်တန်းကျောင်းတစ်ခုကို စစ်ကောင်စီက ရဟတ်ယာဉ် နှစ်စီး၊​ တိုက်လေယာဉ် နှစ်စီးဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။

ထိုသို့ တိုက်ခိုက်ခံရစဉ် PDF အဖွဲ့ဝင် ၃ ဦးနှင့် ပြည်သူ ၃ ဦး သေဆုံးပြီး လက်နက်အချို့လည်း ဆုံးရှုံးခဲ့သည်။

ထိုနေ့က တိုက်ခိုက်မှုကြောင့် အနီးအနားရှိ ၎င်းတို့စခန်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း နယ်မြေထိစပ်နေသော မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှ တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုအပြီး ရဟတ်ယာဉ်ဖြင့် ချထားသည့် စစ်သားများက စစ်ကြောင်းထိုးစဉ် ၎င်းတို့သင်တန်းကျောင်း စီးနင်းခံရပြီး လက်နက်အချို့အပါအဝင် ကျပ်သိန်း ၁၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့ကြောင်း တောဆင်ရိုင်းအဖွဲ့က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button