သတင်း

ဝက်လက် PDF စခန်း လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခံရ၊ ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ဒေသကာကွယ်ရေး သင်တန်းကျောင်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်ခဲ့ရာ PDF ၃ ဦး၊ ပြည်သူ ၃ ဦး သေဆုံး၍ လက်နက်အချို့ ဆုံးရှုံးသွားသည်။ 

မြို့အရှေ့ပိုင်း ဘုရားလေးကုန်းကျေးရွာနှင့် အရှေ့တောင်ဘက် နှစ်မိုင်ခန့်အကွာတွင် ရှိသည့် သင်တန်းကျောင်းကို အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်းတွင် တိုက်ခိုက်ရေးရဟတ်ယာဉ် (Mi 35) ၂ စီးဖြင့် ပစ်ခတ်၊ တိုက်လေယာဉ် ၂ စီးသုံး၍ ဗုံးကြဲကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက အတည်ပြုသည်။ 

နာရီဝက်ခန့် လေကြောင်းမှ ပစ်ခတ်ပြီးချိန်တွင် ပို့ဆောင်ရေး ရဟတ်ယာဉ် (Mi 17) ၄ စီးဖြင့် လေးနေရာခွဲ၍ ဆင်းသက်ကာ စစ်သား ၁၀၀ နီးပါးကို မြေပြင်သို့ ချ၍ စခန်းကို ၂ နာရီကြာ ထိုးစစ်ဆင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

“မြေပြင်ထိတွေ့မှုမရှိဘဲ ဝေဟင်ကနေ လာပစ်တာ။ သင်တန်းဆင်းပွဲမဟုတ်ဘူး။ သင်တန်းပေးနေရင်း တန်းလန်းပေါ့။ မိုးရွာနေတော့ ကိုယ့်အလုပ်ကို လုပ်နေတဲ့အချိန်မှာ လာပစ်သွားတာ။ သင်တန်းကွင်းကို အဓိကပစ်တယ်၊ လူချတဲ့အချိန်မှာ ဘေးရွာတွေကို ပစ်တယ်။ တောစုစုတွေကို ပစ်တယ်” ဟု ပကဖ တာဝန်ခံက ဆိုသည်။ 

PDF လေ့ကျင့်ရေးကျောင်း တိုက်ခိုက်ခံရသည့် ထိုဖြစ်စဉ်အတွင်း ပြည်သူ ၁၀ ဦးကျော် ဖမ်းခံရကာ M79, ၆၀ မမ ဗုံးပစ်လောင်ချာ နှစ်လက်နှင့် လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့သည်ဟု ၎င်းက အတည်ပြုသည်။ 

“(စခန်းက PDF တွေက) ကာပစ်လောက်ပဲ လုပ်နိုင်တာ။ (လက်နက်) အများကြီး ပေးမထားဘူး။ သင်တန်းကျောင်းဆိုတော့” ဟု ထိုသူက ပြောသည်။ 

“စာသင်ကျောင်းကတော့ တော်တော်ထိခိုက်သွားတယ်” 

လေကြောင်းမှ ပစ်ခတ်ချိန်တွင် ဘုရားလေးကုန်းရွာ စာသင်ကျောင်းကို ပစ်မှတ်ထားခဲ့ကြောင်း၊ တရစပ်ပစ်ခတ်ခံရသော်လည်း ထမင်းစားကျောင်းဆင်းချိန်ဖြစ်၍ ကလေး၊ လူကြီး ထိခိုက်မှု မရှိကြောင်း ၎င်းက ဆက်ပြောသည်။ 

စာသင်ကျောင်းနံရံနှင့် မျက်နှာကြက်တို့ ကျည်ထိမှန်ထားပြီး ကျောင်းဝင်းအတွင်း လက်နက်ကြီး (သို့မဟုတ်) ဗုံးကျရောက် ပေါက်ကွဲထားသည့် မှတ်တမ်းဓာတ်ပုံများကို ဝက်လက်ပကဖ၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း အောက်တိုဘာ ၈ ရက် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအပြီး ဘုရားလေးကုန်းရွာတွင် လက်နက်ကြီး သို့မဟုတ် ဗုံး ကျရောက်ပေါက်ကွဲထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့

စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုများအတွင်း သင်တန်းနေရာနှင့် သုံးမိုင်ခန့်အကွာ သစ်ဆိမ့်ကုန်းကျေးရွာပါ ထိမှန်ခဲ့၍ ရွာခံအားလုံး ထွက်ပြေးခဲ့ရကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

“ဗုံးကြဲသံ အရင်ကြားရတယ်။ ပြီးမှ လေယာဉ်သံတွေ ဆူညံနေအောင် ကြားရတာ။ ဗုံးသုံးလုံးလောက် ကြဲသံကြားပြီးမှ ရဟတ်ယာဉ်တွေ ရောက်လာတာ” ဟု ထိုဒေသခံက ပြောသည်။ 

“တအားကို ကြောက်ကုန်ကြတာ၊ အရင်ကတော့ တစ်ကြိမ်ပစ်ဖူးတယ်၊ အဲတုန်းက (ရဟတ်ယာဉ်) တစ်စီးတည်းဆိုတော့ ကြောက်ရကောင်းမှန်း မသိဘူး။ ခုက လေယာဉ်ပေါ်က (ဗုံး) ကြဲတဲ့ အသံကြီးက တအားကြီးကို၊ မိုးတအားကြီးခြိမ်းလိုက်သလို တစ်ရွာလုံး ကယ်ပါ၊ ယူပါနဲ့၊ ဘာမှမသယ်ကြဘဲ ထွက်ပြေးရတာ” ဟု ၎င်းက ဆက်ပြောသည်။ 

လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် Mi 35 နှစ်စီးမှာ စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ MI 17 နှစ်စီးမှာ ရွှေဘို၊ MI 17 နောက်ထပ် ၂ စီးမှာ စစ်ကိုင်းမြို့ ရှိ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်တို့မှ တက်လာခြင်းဖြစ်ကြောင်း မြေပြင်သတင်းထောက်လှမ်းမှုများကို ကိုးကား၍ ပကဖဘက်က ပြောသည်။ 

ဝက်လက်မြို့နယ်အတွင်း လေကြောင်းမှ တိုက်ခိုက်မခံရမီ တစ်ရက်အလိုတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လေကြောင်းရန်ကို ခုံခံနိုင်မည့် လက်နက်အတန်အသင့် ပိုင်ဆိုင်ထားပြီးပြီဟု ဆိုထားသည်။ 

‘သူတို့လည်း ကြိုးစားနေတယ်ဆိုတာ ကိုယ်လည်း သိနေတာပဲ။ ကျွန်တော်တို့လည်း သည်းခံရမှာပေါ့။ ဘယ်တတ်နိုင်မှာလည်း တစ်မြို့နယ်တစ်လက်ဆိုဖို့လည်း ခက်ခဲမှာပါ” ဟု ဝက်လက် ပကဖတာဝန်ခံက မှတ်ချက်ပြုသည်။ 

စစ်ကောင်စီတပ်ဖွဲ့မှာ သင်တန်းကျောင်းကို မီးရှို့ပြီးနောက် အရှေ့ဘက် ၃ မိုင်အကွာ ဓုတင်တောင်တွင် ယနေ့ (အောက်တိုဘာ ၁၀) အထိ တပ်စွဲထားကြောင်း၊ PDF တို့နှင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသတွင်းရင်းမြစ်တို့ထံမှ သိရသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း အောက်တိုဘာ ၈ ရက် စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်ခံရသည့် ဒေသကာကွယ်ရေးသင်တန်းကျောင်း။ ဓာတ်ပုံ- ပေးပို့

ဝက်လက်မြို့နယ်အတွင်း လေကြောင်းမှ တိုက်ခိုက်သည့် တစ်ရက်တည်းတွင်ပင် မြောက်ဘက် မူးမြစ်အရှေ့ဘက်ကမ်းရှိ တန့်ဆည်မြို့နယ်တွင်လည်း စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ခဲ့ရာ PDF ဘက်မှ ၇ ဦးသေသည်ဟု သိရသည်။ 

ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်အစပ် ဒယ်ရောက်ကျေးရွာအနီးတွင် စစ်ကောင်စီလှုပ်ရှားမှုကို ထောက်လှမ်းသည့် PDF ၃ ဦးနှင့် မိုင်းသွားထောင်သည့် ၄ ဦးကို စစ်တပ်က ဖမ်း၍ သတ်ဖြတ်ခဲ့ကြောင်း၊ သေဆုံးသူတို့မှာ ဒေသခံ PDF ငါးဦး၊ ရွှေဘိုခရိုင်PDF တပ်ရင်း ၁၁ မှ နှစ်ဦးဖြစ်ကြောင်း ထိုဒေသရှိ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။ 

“ချိတ်ဆက်မှု အားနည်းသွားတာပေါ့ဗျာ။ သုံးယောက်ကတော့ ဆိုင်ကယ်တစ်စီးနဲ့ မူးဘောင်ပေါ်မှာ ပစ်ခံလိုက်ရတာ။ ကြားလမ်း(တောတွင်းတစ်နေရာမှ လမ်း) မှာ ဆိုင်ကယ်နှစ်စီးနဲ့ လေးယောက် သတ်ခံလိုက်ရတာ” ဟု ၎င်းက ဆက်ပြောသည်။ 

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း နေရာအနှံ့တွင် ရရာလက်နက်ဖြင့် ခုခံနေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများကို စစ်ကောင်စီက လေကြောင်းပါသုံး၍ တိုက်ခိုက်လေ့ရှိသည်။ 

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းကို စက်တင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်ခဲ့၍ ကလေး ၇ ဦး၊ လူကြီး ၆ ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်မှာ ထင်ရှားသည်။ လက်ရှိအချိန်အထိ လက်ယက်ကုန်းမှ ကလေး ၇ ဦး၊ လူကြီး ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ထိုအထဲမှ အချို့ ဒဏ်ရာပြင်းထန်သည်ဟု သတင်းများထွက်နေသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီထံ မေး၍မရသေးပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button