သတင်း

ကြည်းတပ်၊ လေတပ်နှင့် ပျူစောထီးတို့ ဝက်လက်မြို့ပြင်ကို စစ်ဆင်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် နေ့စဉ် တိုက်ပွဲဖြစ်နေပြီး ယနေ့ (ဒီဇင်ဘာ ၃) တွင် စစ်ရဟတ်ယာဉ်တစ်စီး ညောင်ပင်ကြီးတောကျေးရွာအနီး လှည့်ပတ်ပစ်ခတ်ခဲ့သည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ၏ တပ်ရင်း ၂ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

မွန်းလွဲ ၂ နာရီကျော်တွင် မြို့အရှေ့ဘက် ၁၀ မိုင်အကွာ ညောင်ပင်ကြီးတောကျေးရွာအနီးရှိ ရက္ကန်းတောင်ဘုန်းကြီးကျောင်းဝန်းကျင်သို့ စစ်သားအင်အား ၅၀ ခန့်က စစ်ရဟတ်ယာဉ်များနှင့် ရောက်လာသည်ဟု ၎င်းက ဆိုသည်။

“သုံးစီးက လူချနေတဲ့အချိန်မှာ တစ်စီးက ပတ်လည်လှည့်ပစ်နေတာ။ ပစ်တာက သူတို့ကို တိုက်ခိုက်တာလဲ မရှိဘဲ ပစ်နေတာ။ စက်သေနတ်တွေ၊ ဗုံးသီးတွေ ပစ်နေတာ”ဟု ထိုအမျိုးသားက ဆက်ပြောသည်။

ကျေးရွာအပြင်ဘက်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ထိခိုက်မှု ရှိမရှိ လတ်တလော အတည်မပြုနိုင်သေးကြောင်း ၎င်းက ပြောသည်။ 

ထိုရွာဒေသခံတစ်ဦးကလည်း ယနေ့ လေကြောင်းပစ်ခတ်မှုကြောင့် ညောင်ပင်ကြီးတောရွာတွင် နေထိုင်သူများ ဘေးလွတ်ရာ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရဟတ်ယာဉ်နှင့် ရောက်ရှိလာသည့် စစ်သားများက ရွာအတွင်း တပ်စွဲလိုက်သည်ဟု ပြောသည်။ 

“ရွာထဲ တပ်စွဲဖို့ တပ်ချထားတာ။ ရွာကဗျာ ခွေးပြေးပြေးနေရတာ။ ဘယ်သူမှ မနေရဲဘူး။ လက်နက်ကြီးက စလာကတည်းက ထုတာ” ဟု ထိုရွာသားက ဆိုသည်။ 

“အခုလိုလုပ်မယ်လို့ တွေးမထားဘူး။ အခုလို လေကြောင်းကြီးနဲ့ ပစ်တာတော့ ယုတ်မာတယ်ဗျာ”

လူအတင်အချလုပ်သော ထောက်/ပို့ ရဟတ်ယာဉ်တစ်စီးတွင် သရုပ်ပြနေသော စစ်ကောင်စီ၏ စစ်သားများကို နေပြည်တော်၌ ၂၀၁၆ မတ် ၂၇ က တွေ့ရစဉ်။ (ဓာတ်ပုံ-EPA) 

ဒီဇင်ဘာ ၃၁၊ နံနက်တွင် စစ်တပ်ထောက်ခံသူ အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင် ၇၀ ခန့်သည် ရှိန်းမကားကျေးရွာမှ ရေကြောင်းအတိုင်း ဘုရားလေးကုန်းကျေးရွာသို့ လာရောက်စခန်းချခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

PDF နှင့် ရက်ဆက်တိုက်ပွဲ ဖြစ်နေခဲ့ရာ ဇန်နဝါရီ ၁ တွင် စစ်တပ်က လေကြောင်းမှ ပစ်ကူခဲ့သောကြောင့် ဒေသခံ ၂၀၀၀ ခန့် ထွက်ပြေးနေရခြင်း ဖြစ်သည်။ 

ယင်းနေ့ (ဒီဇင်ဘာ ၃၁) မွန်းလွဲ ၂ နာရီခန့်မှ ၄ နာရီခန့်အထိ အပြန်အလှန်တိုက်ပွဲဖြစ်ကြပြီး ပျူစောထီး ၁၂ ဦးခန့် သေဆုံးသွားခဲ့ပြီး တိုက်ပွဲပြီးဆုံးသွားကြောင်း၊ ပျူစောထီးများက ကျေးရွာအတွင်းမှ နေအိမ်များကို မီးရှို့ခဲ့သည်ကို မြင်တွေ့ခဲ့ရကြောင်း အထက်ပါ ဝက်လက် PDF ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

“သူတို့ဘက်ကတော့ လက်နက်ကြီးတွေနဲ့ တအားပစ်တယ်။ အချက်ပေါင်း ၃၀ လောက်ရှိတယ်။ ကျွန်တော်တို့ ကပ်မရအောင်ပေါ့” ဟု ၎င်းက ယနေ့ ပြောပြသည်။

“အဲဒီနေ့မှာပဲ သူတို့က ရွာထဲက အိမ်တွေကို မီးရှို့တယ်။ တိုက်ပွဲကတော့ ပြီးသွားတယ်။ နောက်တစ်နေ့ မနက်ကျတော့လည်း မီးထပ်ရှို့ပြန်ရော၊ ကျွန်တော်တို့လဲ တိုက်ခိုက်ဖို့ပဲ စဉ်းစားရတော့တယ်”

ထိုတိုက်ပွဲတွင် ဝက်လက် PDF ဘက်မှ ထိခိုက်မှုမရှိဟု ဆိုသည်။

ဇန်နဝါရီ ၁ နံနက် ၁၁ နာရီခန့်တွင် ဝက်လက်မြို့အနယ်အရှေ့ပိုင်းရှိ အခြား PDF မဟာမိတ်တပ်ဖွဲ့များက ဘုရားလေးကုန်းကျေးရွာအတွင်း ဝင်ရောက်နေရာယူထားသော ပျူစောထီးတို့ကို တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့သည်။

PDF က ပျူစောထီးတို့ကို ပိတ်ဆို့ထားစဉ် ညနေ ၆ နာရီခန့်၌ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးက လာရောက်ပစ်ကူပေးခဲ့သည်ဟု ဝက်လက် PDF ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“ကျွန်တော်တို့ ရွာထဲကို ကျားထိုးတက်ပြီးတော့ ငြာသံပေးပြီး လုပ်တဲ့အချိန်မှာ သူတို့ဘက်က ကျန်တဲ့ အယောက် ၃၀ လောက်က ထွက်ပြေးတယ်။ ကျွန်တော်တို့ မဟာမိတ်ကလည်း ရွာအပြင်က စောင့်နေတဲ့အဖွဲ့လဲ ရှိတော့ နောက်က လိုက်ပစ်၊ ရှေ့က ကြိုတဲ့လူကကြိုနဲ့ လိုက်ဖမ်းကြတယ်” ဟု ထိုသူက ဆိုသည်။ 

“၆ နာရီလောက်ကျတော့ ရွာအရှေ့ဘက်က တောထဲ ဝိုင်းထားတဲ့အချိန် ဟတ်စကီးတစ်စီး လာပစ်တယ်။ စက်လက်နဲ့ ပစ်တယ်။ ဗုံးသီးတွေ ပစ်တယ်။ နာရီဝက်လောက် အပြင်းအထန်ပစ်တယ်။ ရွာထဲရော၊ ရွာပတ်ပတ်လည်ရော ချတာ”

လေကြောင်းတိုက်ခိုက်ခံရချိန်တွင် တပ်ရင်း-၂ မှ ရဲဘော် ငယ်လေးဆိုသူ သေဆုံးခဲ့ကြောင်း၊ ဝိုင်းပိတ်ခံထားရသည့် ပျူစောထီး အယောက် ၃၀ ခန့် လွတ်မြောက်သွားခဲ့ကြောင်း၊ ဘုရားလေးကုန်းရွာပတ်လည်နှင့် ရွာအတွင်း PDF က ဝင်ရောက်ကာ နယ်မြေရှင်းလင်းပေးခဲ့ကြောင်း သူက ဆက်ပြောသည်။  

“ဒေသခံတွေအတွက်တော့ နယ်မြေရှင်းလင်းရေးလုပ်ပေးထားတယ်။ မိုင်းထောင်တာတော့ မတွေ့ရဘူး။ ရွာထဲ ဝင်ပြီးတော့ စစ်ဆေးရေးလုပ်ပေးထားပေမဲ့ ရွာသူရွာသားတွေက မပြန်နိုင်ကြသေးဘူး။ လေကြောင်းရန်ကို ကြောက်လို့ “ဟု အထက်ပါပြန်ကြားရေးအမျိုးသားက ပြောသည်။ 

ဒီဇင်ဘာ ၂၉ တွင် ဝက်လက်မြို့နယ်ကောင်စီဥက္ကဋ္ဌဖြစ်သူ စစ်တပ်အရာရှိ ဗိုလ်ကြီးတစ်ဦး မိုင်းပေါက်ကွဲမှုတစ်ခုတွင် သေဆုံးခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button