သတင်း

ဝက်လက်မြို့နယ်ကောင်စီဥက္ကဋ္ဌ စစ်တပ်အရာရှိ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံး 

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ကောင်စီဥက္ကဋ္ဌဖြစ်သူ စစ်တပ်အရာရှိမှာ ဒီဇင်ဘာ ၂၉ ရက်က မိုင်းရှင်းလင်းနေစဉ် ဖောက်ခွဲခံရကာ သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံတစ်ဦးက အတည်ပြုသည်။

မြို့နယ်ကောင်စီဥက္ကဋ္ဌဖြစ်သူ အသက် ၃၈ နှစ်အရွယ် ဗိုလ်ကြီးမိုးဇော်လတ်ဆိုသူမှာ အခြားတပ်ဖွဲ့ဝင်များနှင့်အတူ ဒီဇင်ဘာ ၂၉ ရက်က ဝက်လက်မြို့မှ မိုင် ၃၀ ခန့်အကွာ မန္တလေး – ရွှေဘိုလမ်းပိုင်းတွင် ဒေသခံ PDF အဖွဲ့ထောင်ထားသည့် မိုင်းကို လာရောက်ရှင်းလင်းစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“အဲ့ဒီနေ့ မနက်က စစ်ကောင်စီတပ်တွေ စိုင်နိုင်ကြီးရွာအနီးမှာ မိုင်းရှင်းလင်းဖို့လာတာ။ မိုင်းက မြင်သာထင်သာ ရှိတဲ့နေရာမှာ ချထားတော့။ ပထမ အဲဒီစစ်ဗိုလ်က သေနတ်နဲ့ မိုင်းကို ပစ်တာ။ မကွဲတာနဲ့ ရှေ့တိုးပြီး မိုင်းကို ဖြုတ်တဲ့အချိန် ဗိုလ်သံမဏိအဖွဲ့က ခွဲချပစ်တာ” ဟု ဝက်လက်မြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။​

ဗိုလ်သံမဏိအမည်ရ အဖွဲ့မှာ ဝက်လက်မြို့နယ်အတွင်း PDF နှင့် ပူးပေါင်းကာ စစ်ကောင်စီကို ခုခံတိုက်နေသည့် ပြောက်ကျားတပ်ဖွဲ့ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ 

“(စစ်ဗိုလ်) အလောင်းကောက်ပြီး မသေသေးဘူး။ နေ့လယ် ၂ နာရီမှ ဆေးရုံမှာ သေသွားတာ” ဟုလည်း အဆိုပါ  PDF တပ်ဖွဲ့ဝင်က ဆိုသည်။ ထိုတိုက်ခိုက်ခံရမှုအတွင်း စစ်သားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟုလည်း ၎င်းက ဆက်ပြောသည်။ 

ဗိုလ်ကြီးမိုးဇော်လတ်သည် ထိုနေ့မွန်းလွဲပိုင်း ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝက်လက်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။​

ဝက်လက်မြို့နယ်ကောင်စီ ဥက္ကဋ္ဌ သေဆုံးသည်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည့်နည်းတူ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များကို အစဉ်တစိုက်ဖော်ပြနေသည့် People Media ကလည်း အတည်ပြုရေးသားထားသည်။​

စစ်ကိုင်းတိုင်းအလယ်ပိုင်း ဝက်လက်မြို့နယ်တွင် ဒီဇင်ဘာ ၂၈ မှစ၍ သုံးရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ အသွားအလာများနေသဖြင့် ပြည်သူများ ခရီးသွားလာခြင်း မပြုရန် ဒေသခံ PDF အဖွဲ့က ယနေ့ ထုတ်ပြန်သည်။​ 

မြို့နယ်ကောင်စီဥက္ကဋ္ဌ စစ်တပ်အရာရှိ မိုင်းဆွဲလုပ်ကြံခံရသည့် လမ်းပိုင်းတွင် မိုင်းရှင်းလင်းရေးလုပ်ရန် လာသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းတစ်ခုလည်း ယမန်နေ့ (ဒီဇင်ဘာ ၃၀) က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။​

“ရှိန်းမကားမှာ ခြေလျင်တက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဗိုလ်သံမဏိအဖွဲ့က မိုင်းထပ်ဆွဲတာ။ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာ ၁၅ ချက်လောက်ရှိပြီ ”ဟု ဝက်လက် PDF၊ တပ်ရင်း (၂) အဖွဲ့ဝင် ကိုနိုင်လင်းဆိုသူက ပြောသည်။​

အကြိမ်ကြိမ်မိုင်းခွဲခံနေရသဖြင့် ဝက်လက်မြို့နယ်အတွင်း ထိုလမ်းပိုင်းရှိ စိုင်နိုင်ကြီး၊ စိုင်နိုင်လေးနှင့် ရှိန်းမကားစသည့် ရွာများအနီးတွင် စစ်တပ်က တောနင်းရှာဖွေလျက်ရှိသည်ဟု ကိုနိုင်လင်းက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ တော်လှန်တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၇ မှ ဒီဇင်ဘာ ၆ အတွင်း စစ်ကောင်စီနှင့် ၂၈၆ ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူ ရာချီရှီကြောင်း NUG က ထုတ်ပြန်ထားသည်။​

စစ်ကိုင်းတိုင်းအတွင်း မြို့ရွာများကို မြေပြင်စစ်ကြောင်းများအပြင် လေကြောင်းဖြင့်ပါ အပြင်းအထန်ဖိနှိပ်လျက်ရှိသည်။ ဝက်လက်မြို့နယ်ကောင်စီဥက္ကဋ္ဌ စစ်တပ်အရာရှိ မိုင်းဆွဲခံရပြီး သေဆုံးခဲ့ခြင်းအပေါ် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button