ဆောင်းပါး

စစ်တွေဒေသခံတစ်ဦး၏ မိုခါမုန်တိုင်း အတွေ့အကြုံ

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်း မဝင်ရောက်မီ မေ ၁၂ မှ စတင်၍ ဖြတ်သန်းဝင်ရောက်ပြီး နောက်တစ်နေ့ မေ ၁၅ အထိ ရင်ဆိုင်ခဲ့ရသော အခြေအနေများကို စစ်တွေဒေသခံတစ်ဦး၏ အတွေ့အကြုံများကို Myanmar Now က ဖော်ပြလိုက်သည်။ 

မေလ ၁၂ ရက်

အခြားနေ့များနှင့် မတူဘဲ နံနက်မိုးလင်း အရုဏ်ခန့်တွင် မိုးဖြောက်ဖြောက် ကျလာခဲ့သည်ဟု အသက် ၄၀ ကျော်အရွယ် စစ်တွေမြို့သား ကိုထွေး (အမည်လွှဲ) က ဆိုသည်။ 

တစ်နေ့လုံး ကောင်းကင်တစ်ပြင်လုံး အုံ့မှိုင်းနေပြီး စစ်တွေဒေသခံများက ကျောက်တော်၊ မြောက်ဦး၊ မင်းပြားဘက်သို့ စတင်ပြောင်းရွှေ့ခဲ့ကြသည်။ အထူးသဖြင့် အနိမ့်ပိုင်း ရေမြုပ်နိုင်သော ရပ်ကွက်များဖြစ်သည့် အုန်းတစ်ပင်၊ ဆင်ကူးလမ်းရပ်ကွက်တို့အပြင် စစ်တွေမြို့ ဆတ်ရိုးကျချောင်းတစ်ဖက်ကမ်း ကျေးတော၊ ပိုက်ဆိပ် အစရှိသည့် ရွာများမှ ဒေသခံများ စတင်ပြောင်းရွှေ့ခဲ့ကြသည်။

ထိုနေ့က စစ်တွေမြို့စျေးကြီးလည်း နံနက်ခင်းတစ်ပိုင်းသာ ဖွင့်ပြီး ရောင်းဝယ်ရေးထက် ပစ္စည်းရွှေ့ပြောင်းခြင်းကို အများဆုံး ပြုလုပ်ကြပြီး ဆန်အိတ်များကို ကားပေါ်တင်ကာ ဘေးလွတ်ရာ ရွှေ့ပြောင်းနေသည်ကို တွေ့မြင်ရသည်။

စစ်တွေမြို့အနီး ကုလားတန်မြစ်ကမ်းဘေး ရေတက်လာပြီး လှိုင်းအနည်းငယ် ဖြစ်​ပေါ်နေသည်။

မုန်တိုင်းသတင်းကို စောင့်ကြည့်နေကြသည့် ရခိုင်ဒေသခံများက မွန်းလွဲတွင် ပိုစိုးရိမ်လာပြီး ညနေအရောက် အာကျိတ်တော်ကုန်းပေါ်၌ ရှိသည့် မုန်တိုင်းတိမ်းရှောင်မည့် စုရပ်အဖြစ် ကြေညာထားသော ဘုန်းကြီးကျောင်း နှစ်ကျောင်းသို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာကြသည်။

ညနေတစ်ပိုင်းမှာပင် တိမ်းရှောင်လာသူ ၄၀၀၀ ခန့်အထိ ရှိလာသောကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လာရောက်ပြီး စားသောက်ရေးကိစ္စ ကူညီကြသည်ကို တွေ့ရသည်။

မိုခါမုန်တိုင်း မဝင်မီ စစ်တွေမြို့ ပွိုင့်ကမ်းခြေကို မေ ၁၂ ရက် မွန်းလွဲက တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

မေလ ၁၃ ရက်

နံနက်မိုးလင်းကတည်းက စစ်တွေမြို့၊ ရပ်ကွက်များ၊ လမ်းမများပေါ်တွင် လူအများအပြား အထုပ်အပိုးများ ပြင်ဆင်ကာ ဘေးလွတ်မည်ထင်သည့် နေရာများသို့ အစုလိုက် ပြောင်းရွှေ့နေကြပြီး ကုန်းမြင့်ပိုင်းဟု ယူဆကြသည့် မြောက်ဦး၊ ကျောက်တော်ဘက်သို့လည်း ကား၊ သုံးဘီး၊ ဆိုင်ကယ်များနှင့် အလျင်စလို ရွှေ့ပြောင်းကြသည်။

မြို့ပေါ်ရှိ စျေးဆိုင်အားလုံးနီးပါး ပိတ်ထားလိုက်ပြီး ယင်းနေ့ နေ့လယ်ကတည်းက လမ်းမများပေါ်၌ လူသူကင်းမဲ့နေသည်။

လူငယ်တချို့က စစ်တွေမြို့ ကမ်းနားလမ်းရှိ အထင်ကရနေရာတစ်ခုဖြစ်သော ပွိုင့်ကမ်းခြေဘက်သို့ သွားကာ ပင်လယ်အခြေအနေ စူးစမ်းကြသလို ဓာတ်ပုံရိုက် မှတ်တမ်းတင်နေသည်ကိုလည်း တွေ့မြင်ရသည်။

ကုလားတန်မြစ်ရေသည် ယမန်နေ့ (မေ ၁၂) ထက်ပင် ရေကျနေသည်ကို ရှုခင်းသာလမ်းပေါ်မှ မြင်တွေ့ရပြီး ပွိုင့်ကမ်းခြေဘက်တွင်မူ ထူးခြားမှု မရှိသေးပေ။

ပိတ်ထားသော စစ်တွေဈေးကြီးကို မေ ၁၂ ညနေက တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

ညနေ ၅ နာရီတွင် လေအနည်းငယ် တိုက်လာသော်လည်း စစ်တွေကမ်းခြေသို့ ပင်လယ်ဒီရေ တက်မလာ၍ စိတ်အနည်းငယ် အေးသွားကြောင်း ကိုထွေးက ပြန်ပြောပြသည်။

၁၉၆၈ ခုနှစ် ရခိုင်ပြည်နယ်တွင် မုန်တိုင်း အပြင်းအထန်တိုက်ခတ်ခဲ့စဉ်က မုန်တိုင်းမလာမီ နှစ်ရက်ခန့်အလိုတွင် မိုးရွာ၊ လေတိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး မုန်တိုင်းလာချိန်၌ အရှေ့ဘက်မှ လေတိုက်ပြီးနောက် ဒီရေ ရုတ်တရက် မြင့်တက်ခဲ့ကြောင်း မြို့ခံ သက်ကြီးရွယ်အိုတချို့က ပြောပြခဲ့ပြီး မုန်တိုင်းကို မပေါ့ဆကြရန်နှင့် ဘေးလွတ်ရာ ရွှေ့ပြောင်းရန် သတိပေးခဲ့သည်ဟု ကိုထွေးက ပြောသည်။

“အနိမ့်ပိုင်းရပ်ကွက်မှာ ရေက ရင်လောက် ရောက်ခဲ့တယ်။ မုန်တိုင်းမျက်စိ ဖြတ်ချိန်မှာ လေ နာရီဝက်လောက်ကြာ ငြိမ်သက်ခဲ့ပြီးနောက် အနောက်လေကြမ်း တိုက်ခတ်ချိန်မှာ နေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်”

ည ၉ နာရီခန့်တွင် လေခပ်ပြင်းပြင်း စတိုက်လာပြီး လေနှင့်အတူ မိုးကလည်း ပါလာကာ လေငြိမ်လိုက်၊ ပြန်ပြီး လေတိုက်လိုက်နှင့် ထိုနေ့ ညတာက ကိုထွေးအတွက် ရှည်ကြာလွန်းခဲ့သည်။

စစ်တွေမြို့ အနိမ့်ပိုင်းရပ်ကွက်မှ လူအားလုံးနီးပါး စစ်တွေမြို့အမြင့်ဆုံးအပိုင်းဖြစ်သည့် အာကျိတ်တော်ကုန်းပေါ်ရှိ အဓိဋ္ဌာန်ကျောင်း၊ စိတ္တသုခကျောင်း၊ ဓာတ်လည်ကျောင်း အပါအဝင် ဘုန်းကြီးကျောင်းအားလုံးနီးပါးမှာ သွားရောက်ခိုလှုံခဲ့ကြသည်။  

တစ်ပြိုင်နက်တည်းမှာပင် ရခိုင်မြောက်ပိုင်း ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့သို့လည်း ရရာကားများဖြင့် ချက်ချင်းပြောင်းရွှေ့သွားကြသူဦးရေ သိန်းဂဏန်းရှိလိမ့်မည်ဟု သူက ယူဆသည်။

မေလ ၁၄ ရက်

နံနက် ၅ နာရီခွဲခန့်တွင် မိုးသက်လေပြင်း ဆက်တိုက် တိုက်ခတ်လာသည်။​ လေငြိမ်လိုက်၊ ပြန်တိုက်လိုက်ဖြင့် ကုန်းမြင့်ပိုင်းရပ်ကွက်တချို့မှ ဒေသခံတချို့ပင် စိုးရိမ်စိတ်ပိုလာကာ ပိုမိုလုံခြုံနိုင်မည့်နေရာသို့ ပြောင်းရွှေ့နေကြသည်။

ကုန်း​မြင့်ပိုင်းရှိ မင်းဂံရပ်ကွက်စျေးတွင် ပျံကျစျေးသည်များ ဟင်းရွက်ရောင်းနေသည်ကို မေ ၁၄ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now) 

ယင်းနေ့ နံနက် ၈ နာရီ ဝန်းကျင်ခန့်တွင် ကုန်း​မြင့်ပိုင်းရှိ မင်းဂံရပ်ကွက်စျေးတွင် စျေးဆိုင်အားလုံးနီးပါး ပိတ်ထားသော်လည်း ဟင်းရွက်ရောင်းသည့် ပျံကျစျေးသည် လေးငါးဦးခန့်သာ စိုးရိမ်မကင်းသည့် မျက်နှာများဖြင့် ဝမ်းရေးအတွက် ဈေးရောင်းနေရသည်။

စျေးလာဝယ်သူ တစ်ဦးစနှစ်ဦးစကလည်း ဈေးရောင်းပေးသည်ကို ကျေးဇူးတင်သည်၊ မုန်တိုင်းလာတော့မည်ဖြစ်၍ ဘေးလွတ်ရာသို့ အမြန်ရှောင်ကြရန် လိုအပ်သည်ဟု သတိပေးစကား ဆိုနေသည်ကို တွေ့ရသည်။

နံနက် ၉ နာရီခန့်တွင် လေ စပြင်းလာပြီး သစ်ပင်များ ယိမ်းထိုးနေပြီဟု ကိုထွေးက ဆိုသည်။

နောက်တစ်နာရီခွဲခန့်တွင် လေက ပိုပြင်းလာပြီး မိုးခြိမ်းသံများ ကြားလိုက်ရကာ လေပြင်းနှင့်အတူ မိုးရွာချလိုက်သောကြောင့် အပြင်ထွက်၍ အခြေအနေကြည့်ရှုရန်ပင် စတင်ခက်ခဲလာသည်။

နံနက် ၁၁ နာရီခွဲခန့်တွင် သစ်ရွက်များ လေနှင့်အတူ ပြုတ်ထွက် လွင့်လာကြသလို သစ်ကိုင်းအဖျားများ ကျိုးထွက်သွားသည်။ ထို့နောက် သစ်ပင်များတွင် သစ်ရွက်များ တစ်စတစ်စ ကင်းမဲ့လာသလို လေကလည်း တရစပ်တိုက်ခတ်လာသည်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ရနေသေးသောကြောင့် မုန်တိုင်း စဝင်နေပြီဟု အားလုံးက လူမှုကွန်ရက်၊ ဖုန်းများမှတစ်ဆင့် သတိပေးကြကာ သတင်းမီဒီယာများတွင်လည်း မုန်တိုင်းအပျက်အစီးသတင်းများ စတင် ပါဝင်လာသည်။

ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်မှာ နေအိမ်များ ပျက်စီးခြင်း၊ ရခိုင်ဒေသတချို့ လေပြင်းထန်နေခြင်း သတင်းများလည်း ပါဝင်သည်။

မွန်းတည့် ၁၂ နာရီခန့်တွင် ပြည်နယ်ဆက်သွယ်ရေးရုံးမန်နေဂျာ ခြံဝင်းအတွင်းမှ MPT တယ်လီဖုန်းဆက်သွယ်ရေးတာဝါတိုင် ကျိုးသွားပြီဟု မိတ်ဆွေထံမှ သတင်းဝင်လာသည်၊ လေတိုက်နှုန်း တစ်နာရီ မိုင် ၉၀ ကျော်နိုင်ကြောင်း ခန့်မှန်းမိသည်ဟု ကိုထွေးက ဆိုသည်။

လဲကျသွားသော ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို မေ ၁၅ ရက် တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

ထို့နောက် ၁၂ နာရီ ခွဲကျော်အထိ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ရနေသေးသောကြောင့် စစ်တွေမြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် မုန်တိုင်းအရှိန်ကြောင့် ဒီရေ စတက်လာပြီဖြစ်ကြောင်း အချင်းချင်း ဖုန်းဆက် သတိပေးကြသည်ဟု သိရသည်။

မွန်းလွဲ ၁ နာရီခွဲခန့်တွင် လေတိုက်နှုန်း အပြင်းထန်ဆုံးအခြေအနေသို့ ရောက်ရှိလာပြီး ထိုအချိန်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့သည်။ အိမ်ပြတင်းပေါက်များတွင် လေချွန်သံလို အသံထွက်လာပြီး လေတိုက်သံက ကြောက်မက်ဖွယ် တဝေါဝေါ ထွက်ပေါ်လာသည်။

အုန်းပင်မှ အုန်းလက်များ ကျွတ်ထွက်သည်ကို မြင်ရသလို သစ်ကိုင်းကျိုးသံများကိုလည်း အတိုင်းသား ကြားနေရသည်။ မွန်းလွဲ ၂ နာရီခန့်တွင် ကောင်းကင်က မှောင်နေရာမှ အနည်းငယ် လင်းလာသော်လည်း လေတိုက်နှုန်းက လျော့ပါးသွားခြင်း မရှိသေးပေ။

လေတိုက်နှုန်းကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အော်သံများကဲ့သို့ ကြားရနေကာ ပြတင်းမှန်များ လေကြောင့် လှုပ်ခါနေသည်မှာ ကွဲထွက်လွင့်စဉ်လာမည်ဟုပင် ထင်မှတ်ရသည်၊ ခေါင်မိုးသွပ်များ ပြုတ်ထွက်ကာ လွင့်ထွက်လာသံများ ကြားရသည်ဟု ဆိုသည်။

အရှေ့မြောက်ဘက်မှ တိုက်ခတ်နေသည့် လေက ရုတ်ချည်းငြိမ်သက်သွားကာ အနောက်တောင်ဘက်မှ ပြောင်းပြန် တိုက်ခတ်လာသည်။

ကိုထွေးတို့ နေအိမ်ခေါင်မိုးဘက်မှ ဒုန်းဆိုသည့်အသံ ထွက်ပေါ်လာပြီး နေအိမ်တစ်ခုလုံး သိမ့်သိမ့်တုန်လာကာ ဝုန်းဆိုသည့်အသံနှင့်အတူ ခေါင်မိုးလွင့်ထွက်သွားကာ ရေက အောက်ထပ်သို့ ဒလဟော စီးကျလာသည်။

မိုး၊ လေ ပြင်းထန်နေသော စစ်တွေမြို့တစ်နေရာကို မေ ၁၄ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

“အိမ်အပေါ်ထပ်က ကွန်ကရစ် ခင်းထားလို့ အောက်ထပ်ကလူတွေ အန္တရာယ်မကျရောက်တာပါ။ တံခါးရွက်တွေ ပွင့်ထွက်သွားပါတယ်။ လေက အမြင့်ဆုံးတိုက်နှုန်းနဲ့ မုန်တိုင်းဖြတ်နေပါပြီ။ မှန်ပြတင်းကနေ အပြင်ကို ကြည့်လိုက်တဲ့အခါ အပင်တွေအားလုံးမှာ အရွက်တွေ၊ အကိုင်းတွေ မရှိတော့ပါဘူး။ အိမ်နားက ဓာတ်မီးတိုင် ကျိုးကျသွားတာ တွေ့ရပါတယ်” 

ထိုနေ့ ညနေ ၃ နာရီအထိ လေအားက မလျော့သေးသလို ညနေ ၄ နာရီခန့်တွင်မူ လေအားလျော့သွားသည်ကို သတိထားမိသည်၊ မိုးကလည်း ဆက်ရွာနေသည်ဟု ကိုထွေးက ပြောပြသည်။

ထို့နောက် ညနေ ၅ နာရီခန့်တွင် လေအားလျော့သွားသောကြောင့် မိုခါမုန်တိုင်းကို ဖြတ်ကျော်ခဲ့ပြီ၊ ရင်ဆိုင် တောင့်ခံနိုင်ခဲ့ပြီဟု သက်ပြင်းချနိုင်ကြောင်း ဆိုသည်။

ထိုအချိန် လူတချို့ လမ်းပေါ်ထွက်လာကြပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုကြရာ တိမ်းရှောင်သူတချို့က ကျန်ခဲ့သည့် နေအိမ်အခြေအနေကို လာကြည့်ကြသည်။

မုန်တိုင်းဒဏ်ကြောင့် နေအိမ်များ အမိုးမရှိတော့ခြင်း၊ ပြိုလဲခြင်း၊ လဲကျနေသော သစ်ပင်များ ပိတ်ဆို့နေခြင်း၊ ဓာတ်တိုင်၊ တယ်လီဖုန်းတိုင်များ လမ်းကို ဖြတ်ပြီး လဲကျနေခြင်းများ မြင်မကောင်းအောင် တွေ့ရသည်။

အချိန် နာရီပိုင်းအတွင်းမှာပင် မုန်တိုင်းက လူအများ၏ ဘဝများကို ပြောင်းလဲသွားစေခဲ့သလို ပျက်စီးသွားသည့်အိမ်ကို ကြည့်ပြီး ငိုကြွေးကြသူ၊ ပူဆွေးနေကြသူများ ရှိပြီး အသက်မဆုံးရှုံးသည့်အတွက် တစ်ဦးကို တစ်ဦး နှစ်သိမ့်စကား ဆိုကြရသည်။

ညက မှောင်သည်ထက် မှောင်လာပြီး မိုးကလည်း တဖွဲဖွဲ ရွာနေကာ လေကလည်း တစ်ချက်ချက် ခပ်ကြမ်းကြမ်း ဝေ့၍ တိုက်ခတ်သည်။ အိမ်ခေါင်မိုးကလည်း လေတိုက်တိုင်း တဒုန်းဒုန်း တဒိုင်းဒိုင်း မြည်နေသည်။

ဖျက်အားပြင်း မိုခါမုန်တိုင်းသည် ကြိုတင် ကြေညာထားသည့် လေတိုက်နှုန်းနှင့် တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး နံနက် မိုးလင်းချိန်တွင် လူအများအပြား အန္တရာယ်ကင်းကင်းနှင့် နိုးထနိုင်ပါစေဟုသာ ကိုထွေး ဆုတောင်းနိုင်သည်။

မေလ ၁၅ ရက်

နံနက် ၅ နာရီခန့်တွင် လမ်းပေါ်မှ ဆိုင်ကယ်သံများ၊ စကားသံများ ကြားရပြီး စစ်တွေမြို့ရှိ နေအိမ်အားလုံးနီးပါး ပျက်စီးသွားကြောင်း ပြောနေကြသည်။

စစ်တွေမြို့သို့ ပြန်လာသည့် ဒေသခံတချို့ကို ယမန်နေ့ ညနေက တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

နံနက် ၇ နာရီတွင် တိမ်းရှောင်နေသည့် စုရပ်မှ အထုပ်အပိုးများဖြင့် လူအများအပြားက နေအိမ်သို့ ပြန်ရန် ပြင်ဆင်ကြသည်။

လမ်းလျှောက်ပြန်သူ၊ ဆိုင်ကယ်နှင့် ပြန်သူများ တွေ့မြင်ရပြီး လမ်းပေါ်တွင် သစ်ပင်များ ပြိုလဲ ပိတ်ဆို့နေ၍ ရှင်းလင်းသွားလာနေရသည်ကို တွေ့ရသည်။

ကား၊ သုံးဘီးယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသေးပေ။ ဆိုင်ကယ်များက သစ်ကိုင်းများ၊ ဓာတ်တိုင်များကို ကွေ့ရှောင်သွားနေကြသည်။ စစ်တွေမြို့တစ်မြို့လုံး နေအိမ်အဆောက်အအုံများ ပျက်စီးသွားသည်ကို တွေ့မြင်ရသည်။

ကွန်ကရစ်မိုး တိုက်များသာ အပျက်အစီးသက်သာပြီး သွပ်မိုးအဆောက်အအုံအားလုံး အမိုးလန်သွားကာ ၉၀ ရာခိုင်နှုန်းလောက်အထိ ပျက်စီးကြောင်း ကိုထွေးက ပြောသည်။

သို့ရာတွင် စစ်တွေမြို့၌ လူအသေအပျောက်၊ ထိခိုက်ဒဏ်ရာရသူ အလွန်နည်းပါးကြောင်း ကြားသိရ၍ ဖြေသိမ့်စရာ ရကြသည်။ စစ်တွေမြို့နယ် ကြွီတဲကျေးရွာမှာ အမျိုးသားကြီးတစ်ဦး အိမ်ပိ သေဆုံးသွားကြောင်း ကြားသိရသည်။

သစ်ပင်များ လဲကျနေသော စစ်တွေမြို့တွင်းတစ်နေရာ။ (ဓာတ်ပုံ-Myanmar Now)

စစ်တွေ အနိမ့်ပိုင်းရပ်ကွက်များ ဖြစ်သည့် လမ်းမတော်၊ ဆင်ကူးလမ်း ရပ်ကွက်များတွင် ဒီရေက ပုံမှန်ထက် ၅ ပေအထိ တက်ခဲ့ကာ မွန်းလွဲ၂ နာရီကျော်ခန့် လေပြန်တိုက်ချိန်တွင် ဒီရေက လေတိုက်ရာဘက်သို့ ပြန်ဆင်းသွားကြောင်း ပြောကြသည်။

အမြင့်ပိုင်းရပ်ကွက်ရှိ လေဘေးရှောင် ခိုလှုံကြသည့် ဘုန်းကြီးကျောင်းများ အပါအဝင် အဆောက်အအုံအားလုံး အမိုးအကာ ပျက်စီးသွားသည်။

နံနက် ၈ နာရီခွဲခန့်ကတည်းက MPT ဖုန်းလိုင်း ပြန်ရသော်လည်း ဆက်သွယ်မရသေးဘဲ မွန်းလွဲ ၁ နာရီ ၄၀ ခန့်တွင် ဖုန်းအဆက်အသွယ် လုပ်၍ ရသည်။ မွန်းလွဲ ၂ နာရီကျော်တွင် အင်တာနက်လိုင်း ပွင့်လာသော်လည်း လိုင်းတက်လိုက်ကျလိုက် ဖြစ်နေကြောင်း သိရသည်။

တယ်လီဖုန်းလိုင်းအဆက်အသွယ် ရလာသောကြောင့် မြောက်ပိုင်း ကျောက်တော်၊ ရသေ့တောင်၊ ကျောက်ဖြူဘက်မှာလည်း အပျက်အစီးများကြောင်း သိရပြီး နေအိမ်များ ပျက်စီးကြောင်း သိရသည်။

မေလ ၁၅ ရက်က ညနေက မြင်တွေ့ရသော စစ်တွေမြို့မှ နေအိမ်တစ်လုံး။ (ဓာတ်ပုံ-Myanmar Now)

ထိုနေ့ ညနေပိုင်းတွင် ကျောက်တော်၊ မြောက်ဦးဘက်သို့ သွားရောက် တိမ်းရှောင်သော စစ်တွေမြို့ခံများက ကား၊ ဆိုင်ကယ်များနှင့် နေအိမ်များဆီ ပြန်လာနေကြကာ လမ်းတစ်လျှောက် ပြည့်သိပ်နေသည်ကို တွေ့ရသည်။

“ပျက်စီးသွားတာဟာ ဘဝတစ်ခုလုံး မဟုတ်တဲ့အတွက် ပြန်လည် အားယူ၊ ထူထောင်နိုင်အောင် ကြိုးစားရဦးမှာ ဖြစ်ပါတယ်” ဟု စစ်တွေမြို့သား ကိုထွေးက မှတ်ချက်ပြုသည်။

မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့အနီး ပင်လယ်ကမ်းစပ်ဘေးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ ရေလွှမ်းမိုးခံခဲ့ရ၍ ရိုဟင်ဂျာ ၂၂ ဦး သေဆုံးပြီး ရာနှင့်ချီ ပျောက်ဆုံးနေသည်ဟု မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ရိုဟင်ဂျာဒုက္ခသည်များထံမှ သိရသည်။

၂၂ ဦးအနက် အများစုမှာ ပင်လယ်ကမ်းရိုးတန်းဘေးရှိ ဘာဆာလာ စံပြကျေးရွာ၊ ဘာဆာလာ Camp၊ ဒါးပိုင်၊ အုန်းတောကြီး၊ ဘောဒူဗနှင့် ဗေဒကျေးရွာတို့မှ ရိုဟင်ဂျာဒုက္ခသည်များဖြစ်ပြီး ရာနှင့်ချီပြီး ပျောက်ဆုံးနေဆဲဖြစ်သည်။

ဤသို့သော အခြေအနေတွင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ခွင့်ရရန် အခြေအနေမပေးသေးပေ။ ထိုအဖွဲ့များသည် စစ်ကောင်စီ၏ ခွင့်ပြုချက်ရမှ လုပ်ကြမည် ဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA)က မြန်မာဘာသာဖြင့် ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် မုန်တိုင်းဘေးဒဏ်သင့်ပြည်သူတို့ကို ကယ်ဆယ်ရေးအကူအညီများ ပေးနိုင်ရန် အသင့်ပြင်ဆင်ထားသည်ဟု ဖော်ပြထားသည်။

“ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက မုန်တိုင်းပြီးဆုံးသွားတဲ့အခါ အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်တွေ ဆောင်ရွက်နိုင်ဖို့အတွက် အဆင်သင့်ရှိနေပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

မေ ၁၅ ရက် ညနေက တွေ့သော စစ်တွေမြို့တစ်နေရာ။ (ဓာတ်ပုံ-Myanmar Now)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button