သတင်း

လက်လွှတ်လိုက်ရသည့် ထန်တလန် ရဲစခန်းကို ပြန်သိမ်းမည် စစ်ကောင်စီပြော

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ချင်းပြည်နယ် ထန်တလန်မြို့ ရဲစခန်းစီးနင်းခံရပြီး လက်နက်တချို့ ဆုံးရှုံးကြောင်း စစ်ကောင်စီအာဘော်သတင်းစာများက ယနေ့ (ဖေဖော်ဝါရီ ၁၀) ရေးသားထားကြသည်။ 

“ပြုပြင်ရန်လိုအပ်သည့် လက်နက်ငယ်တချို့” ဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြထားသည်။ 

အကြိမ်ကြိမ် မီးရှို့ခံရပြီး ဒေသခံတို့ စွန့်ခွာထားသည့် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ ရဲစခန်းကို စီးနင်းခဲ့ပြီးနောက် G 3၊ လောင်ချာအပါအဝင် လက်နက်ငယ် ၄၀ ကျော် သိမ်းဆည်းရမိကြောင်း ချင်းအမျိုးသားတပ်မတော် (CNF) ပြန်ကြားရေးတာဝန်ခံ ဆလိုင်းထက်နီက ပြောသည်။

“ရန်သူ့ဆီကရတဲ့ လက်နက်တွေ သုံးလို့မရတဲ့လက်နက်ဆိုတာ ဒီနေ့အထိ တစ်လက်မှ မရှိသေးပါဘူး။ ပြန်လည်ပြီးအသုံးပြုလို့ရတဲ့ ဟာတွေချည်းပါပဲ။ အခုရရှိထားတဲ့ လက်နက်ကတော့ ပြန်လည်စိစစ်ရမှာပေါ့။ ဒါပေမဲ့ ကြည့်ရတာတော့ အားလုံးနီးပါးတော့ ပြန်လည်အသုံးပြုလို့ရတယ်” ဟု သူက ပြောသည်။

ရဲစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ည ၁၀ နာရီတွင် သာလွန်အင်အားကို ရင်ဆိုင်ရပြီး ဒဏ်ရာရလာသည့် ရဲတပ်ဖွဲ့ဝင်များက နံနက် ၂ နာရီခန့်တွင် လေကြောင်းပစ်ကူနှင့် အမြောက်ပစ်ကူများယူကာ မြို့တောင်ဘက်ရှိ တပ်စခန်းသို့ စနစ်တကျ ဆုတ်ခွာခဲ့သည်ဟု စစ်ကောင်စီသတင်းထုတ်ပြန်ချက်က ဆိုသည်။

ဆလိုင်းထက်နီကမူ အမြောက်ပစ်ခတ်မှုကို မကြုံခဲ့ရကြောင်း၊ ရဲစခန်းနှင့် စစ်တပ်စခန်းကုန်းမှာလည်း များစွာ ဝေးကွာခြင်းမရှိကြောင်း ပြောသည်။

“ကျွန်တော်တို့ သိမ်းတဲ့ စခန်းနဲ့ တပ်ကုန်းကတော့ အများဆုံးက ၄ ဖာလုံလောက်ပဲ ဝေးတယ်။ လက်နက်ကြီးပစ်ကူတွေ ရောက်နိုင်ပေမဲ့ သူတို့ အဲ့ဒီလို လှုပ်ရှားမှုတော့ မရှိဘူး” ဟု ဆလိုင်းထက်နီက ပြောသည်။

စခန်းသိမ်းပြီး နာရီပိုင်းအကြာ နံနက် ၅ နာရီဝန်းကျင်ခန့်မှသာ စစ်လေယာဉ် လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဆလိုင်းထက်နီက ဆိုသည်။

ထန်တလန်မြို့ ရဲစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကူပို့မည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စခန်းသိမ်းပြီးနောက် ယနေ့ (ဖေဖော်ဝါရီ ၁၀ ရက်) နံနက်ပိုင်းအထိ မြေပြင်တိုက်ပွဲ မရှိသေးသော်လည်း ယနေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ရိက္ခာနှင့် အင်အားဖြည့်တင်းသည်၊ စစ်လေယာဉ် လာရောက်တိုက်ခိုက်သည်ဟု ဆလိုင်းထက်နီက ပြောသည်။

ထန်တလန်မြို့အဝင်ရှိ စစ်ကောင်စီ နေရာယူထားသည့် စခန်းကုန်းမှအပ တစ်မြို့လုံးနီးပါးကို ချင်းကာကွယ်ရေးအဖွဲ့များက နေရာယူထားပြီး ၉၅ ရာခိုင်နှုန်း နယ်မြေစိုးမိုးထားသည်ဟု ဆလိုင်းထက်နီက ဆိုသည်။

ချင်းပြည်နယ် ထန်တလန်၊ ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီမြို့တို့ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ အာဏာသိမ်းပြီး လပိုင်းအကြာ ၂၀၂၁ မေလကတည်းက စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button