သတင်း

မကွေးတိုင်းအတွင်း ရဲစခန်းသိမ်းတိုက်ပွဲတွင် ရက္ခိုင့်တပ်တော် ပါဝင်တိုက်ခိုက်နေ

နိုင်ငံအလယ်ပိုင်း တောတောင်ထူထပ်သည့် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ အင်အားကောင်းသော ရဲစခန်းငယ်တစ်ခုကို သိမ်းပိုက်နိုင်ရန် ရက္ခိုင့်တပ်တော် (AA) အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့က ၄ ရက်ဆက်တိုက် အပြင်းအထန် တိုက်ခိုက်နေသည်။

ထီးလင်းမြို့နယ် မြောက်ဖျားရှိ ရေမျက်နီရွာအခြေစိုက် ရဲစခန်းကို တိုက်နေသည့် အဖွဲ့များထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ရင်းများ၊ ဒေသခံကာကွယ်ရေးတပ်များလည်း ပါဝင်သည်။ ထိုတိုက်ပွဲတွင် AA ရွေ့လျားတပ်ဖွဲ့လည်း ပူးပေါင်းလုပ်ဆောင်နေကြောင်း AA ပါဝင်သည့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ယနေ့ (ဒီဇင်ဘာ ၇) တွင် သတင်းထုတ်ပြန်ထားသည်။

ရေမျက်နီရွာ အရှေ့မြောက်ဘက် ၂ ဖာလုံခန့်တွင် ရှိသည့် အဆိုပါ ရဲစခန်းတွင် စစ်သားနှင့် ရဲ အင်အား ၇၀ ခန့် တပ်စွဲထားသည်ဟု ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ထီးလင်းမြို့နှင့် ကျောမြို့အကြား ရေမျက်နီရွာသည် ကလေး-ဂန့်ဂေါ-ပခုက္ကူလမ်းပိုင်းပေါ်တွင် ရှိသည့် အချက်အချာနေရာတစ်ခုဖြစ်သည်။

ယမန်နေ့ (ဒီဇင်ဘာ ၆) တွင် အဆိုပါ ရဲစခန်း ပင်မဘန်ကာတစ်ခုသာ ချေမှုန်းရန် ကျန်တော့သော်လည်း လေကြောင်းရန်ကြောင့် စခန်းအပြီးသတ်သိမ်းဆည်းနိုင်ခြင်းမရှိသေးဟု ထိုတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ရေမျက်နီရဲစခန်းကို ဝိုင်းထားတယ်။ ပင်မဘန်ကာတစ်ခုလောက်ပဲ ကျန်တော့တယ်။ တော်လှန်ရေးအဖွဲ့တွေ အကုန်လုံးက ဒရုန်းတို့၊ လက်နက်ကြီးတို့နဲ့ ပိတ်ဆို့ထားတယ်။ ရန်သူဘက်ကလည်း လေကြောင်းနဲ့ သူတို့ရဲ့လူတွေ ထွက်ပေါက်ရဖို့အရေး ကြိုးစားနေကြတယ်” ဟု ၎င်းက ယမန်နေ့တွင် ပြောသည်။

မြေပြင်စစ်ကူမပေးနိုင်သည့် စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်နေရာ ရေမျက်နီရဲစခန်းကို အပြီးသတ်သိမ်းဆည်းနိုင်ရန် အဟန့်အတားဖြစ်နေရကြောင်း အထက်ပါ ထီးလင်း PDF တာဝန်ရှိသူထံမှ သိရသည်။

ယမန်နေ့ (ဒီဇင်ဘာ ၆) က နယ်မြေချင်း ဆက်စပ်နေသည့် ဂန့်ဂေါမြို့နယ်၊ ကျောမြို့အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် ၂၃ မှ အင်အား ၃၀ ကျော်ပါ စစ်ကြောင်း ထိုနေရာသို့ စစ်ကူလာရန် ကြိုးပမ်းခဲ့သေးသော်လည်း လမ်းတွင် တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့၍ နောက်ပြန်ဆုတ်သွားကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်မှုကို အတည်မပြုနိုင်သော်လည်း MA3 သေနတ်တစ်လက် သိမ်းဆည်းရမိကြောင်း ထီးလင်း PDF တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲစဖြစ်ပြီး ရက်ပိုင်းအတွင်း စခန်းဝန်းကျင်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၁၀ ကြိမ်ထက်မနည်း၊ ရဟတ်ယာဉ်ဖြင့် ၅ ကြိမ်ဝန်းကျင် လာရောက် တိုက်ခိုက် ဗုံးကြဲခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့က ဘန်ကာကောင်းတယ်။ နှစ်ရှည်လများ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေနဲ့ ခံစစ်ပြင်ထားတော့ ကျွန်တော်တို့ဘက်ကလည်း ဆက်ပြီး တိုးဖို့ အဆင်မပြေသေးဘူး။ ….. သူတို့စခန်းပတ်ချာလည် အကုန်လုံးကို ကြဲတာ။ လက်ရှိအချိန်ထိတော့ ကျွန်တော်တို့ဘက်က အားကောင်းကောင်းပဲ သူတို့ကို ပိတ်ဆို့တိုက်ခိုက်တုန်းပဲ”

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများကို အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါ။

ဒီဇင်ဘာ ၄ ရက်ကလည်း မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အနောက်ပိုင်းရှိ ကန်ဇွန်းမရွာ ရဲစခန်းကို NUG အမှတ် ၁ စစ်ဒေသလက်အောက်ခံတပ်ရင်းများနှင့် ဒေသခံကာကွယ်ရေးတပ်တို့က သွားရောက်တိုက်ခိုက်ခဲ့ကြသေးသည်။ ကန်ဇွန်းမရွာ ရဲစခန်းတွင် စစ်သားနှင့် ရဲ ၂၅ ဦးဝန်းကျင် တပ်စွဲထားသည်ဟု ဒေသခံ တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ပုသိမ်-မုံရွာလမ်းပေါ်ရှိ ကန်ဇွန်းမရွာရဲစခန်းကို တစ်နာရီအတွင်း သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်သား ၅ ဦး၊ ရဲ ၂ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရသွားကြောင်း၊ စခန်းအတွင်းရှိ အဆောက်အအုံများကို မီးရှို့နေစဉ် စစ်ကောင်စီ စစ်ကူတပ်များရောက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း NUG ၏ အမှတ် ၁ စစ်ဒေသက ဒီဇင်ဘာ ၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“ကန်ဇွန်းမက ရလိုက်တယ်။ စစ်ကူအင်အားကောင်းလို့ ကျွန်တော်တို့ ပြန်ဆုတ်ခဲ့တယ်။ စစ်xxအထိုင်ဂိတ်နဲ့လည်း နီးတယ်” ဟု မကွေးတိုင်း PDF တာဝန်ခံ ကိုတံခွန်က ပြောသည်။

ကန်ဇွန်းမရဲစခန်းမှာ ဆိပ်ဖြူမြို့အနောက်ဘက် မိုင် ၃၀ ခန့်တွင် ရှိပြီး လေယာဉ်ပစ်ဗုံး အဓိကထုတ်လုပ်သည့် စစ်တပ်ကာကွယ်ရေးပစ္စည်းစက်ရုံး အမှတ် (၂၁) နှင့်လည်း ၁၅ မိုင်ခန့်အကွာတွင် တည်ရှိသည်။

ထိုရဲစခန်းကို ပခုက္ကူခရိုင် PDF တပ်ရင်း ၃ ရင်း၊ မင်းဘူခရိုင် PDF တပ်ရင်း ၆ ရင်းနှင့် ချောက် သခင်ဖိုးလှကြီးတပ်ခွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းပြီး သုံးနှစ်နီးပါးအတွင်း နိုင်ငံအနှံ့ ခုခံတိုက်ခိုက်မှုများ အရှိန်မြင့်နေသည်။ ရှမ်းပြည်မြောက်ပိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီဒေသများရှိ မြို့၊ စစ်စခန်းနှင့် ရဲစခန်းတချို့ကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ထားနိုင်သည်။

Show More

Related Articles

Back to top button