
ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ညောင်ပင်သာရွာရဲစခန်းကို ယနေ့ (ဒီဇင်ဘာ ၁၃) နံနက်အစောပိုင်းတွင် တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၂) စစ်ဒေသခွဲမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ် ဖြူးမြို့တောင်ဘက် ၅ မိုင်ခန့်အကွာမှ ညောင်ပင်သာရွာရဲစခန်းကို နံနက် ၄ နာရီခန့်တွင် စတင်တိုက်ခိုက်ပြီးနောက် တစ်နာရီခန့်အကြာတွင် စခန်းကို သိမ်းယူနိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
“ဖြူး ညောင်ပင်သာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ရန်သူဘက်က သေဆုံးမှုနဲ့ လက်နက်သိမ်းဆည်းရမိမှုတွေလည်း ရှိပါတယ်။ ဒီဟာကိုတော့ မကြာခင် ထုတ်ပြန်ပေးသွားပါမယ်” ဟု အမှတ် (၂) စစ်ဒေသခွဲ၏ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ဆိုသည်။
ထိုရဲစခန်းကို BPLA နှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကြောင်းများ စသည့် ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ညောင်ပင်သာရဲစခန်း တိုက်ခိုက်ခံနေရစဉ် စစ်ကောင်စီဘက်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ကူပေးခဲ့ပြီး တိုက်ပွဲတွင် ပါဝင်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ အဖွဲ့ဝင် ၄ ဦး ဒဏ်ရာရပြီး ဒေသခံတချို့ ထိခိုက်မှုရှိသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။
ရဲဘော် ၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကိုမူ မသိရှိရသေးဟု BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခက ပြောသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ ဖြူးမြို့နှင့် ကညွတ်ကွင်းမြို့အကြားတွင် ရှိသော ညောင်ပင်သာရွာတွင် လူဦးရေ ၁၃,၀၀၀ ဝန်းကျင်ခန့် နေထိုင်ပြီး ရဲစခန်းတွင် ရဲနှင့် စစ်သား ပူးပေါင်းအင်အား ၆၀ ခန့်ရှိသည်ဟု သိရသည်။

ရဲစခန်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများမှာ RPG ထိပ်ဖူး၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉ မမကျည် ၈၀ တောင့်၊ ၆၀ မမ ဗုံးသီး ၂၇ ခု၊ G2 ၁ လက်၊ G3 ၂ လက်၊ ပြောင်းချော ၄ လက်၊ BA 94 ၂ ခု၊ MA-13 ၁ လက်၊ Tear Gas Gun ၂ ခု၊ လက်ပစ်ဗုံး ၆ လုံး၊ G3 ကျည် ၂၃၁ တောင့်၊ 5.56 ကျည် ၁၄၃ တောင့်၊ လက်ထိပ် ၄ ခု၊ Laptop ၁ လုံး၊ မျက်ရည်ယိုဗုံး ၄၆ လုံး၊ အသံဗုံး ၁လုံး၊ ကျည်ကာ ၂ခု၊ ဦးထုပ် ၅လုံး၊ G3 ကျည်ဘောက် ၆ ခု၊ ကိုးလုံးကျည် ၂၀၁ တောင့်တို့ ရရှိခဲ့သည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် NUG လက်အောက်ခံ Royal Peacock Column က ထုတ်ပြန်သည်။
ဖြူးမြို့နယ်အနီး ရောက်ရှိနေသည့် တောင်ငူဒေသခံတစ်ဦးက လက်ရှိ မွန်းလွဲပိုင်းအချိန်ထိ ပစ်ခတ်သံများကြား နေရကြောင်း ပြောသည်။
“အခုတောင် အတော်ကြမ်းနေတယ်။ တဒုန်းဒုန်းနဲ့ အသံတွေတော့ ကြားနေရတယ်” ဟု ထိုသူက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ညောင်ပင်သာရွာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက် ပစ်ခတ်ခဲ့စဉ်က ရဲ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သေးသည်။
ပဲခူးအရှေ့ခြမ်း စစ်တောင်းမြစ်ကြောင်းတစ်လျှောက် နယ်မြေစိုးမိုးနိုင်ရေးရည်ရွယ်၍ ဒီဇင်ဘာလအစမှစတင်၍ ကျောက်ကြီးမြို့နယ် မုန်းမြို့အပါအဝင် စစ်ရေးပစ်မှတ်များကို တော်လှန်ရေးအင်အားစုများက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး မုန်းမြို့ရဲစခန်း၊ မုန်းသာစည်တံတားကင်း၊ ခြေမြန်တပ်ရင်းဌာနချုပ်များဖြစ်သည့် ခမရ ၅၉၀၊ ၅၉၉ ၊ ကော့ပြင်းတပ်စခန်းတို့ကို တိုက်ခိုက်သိမ်းယူကာ မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်ခွာခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် ဗိုလ်ကြီး ၂ ဦး၊ အခြားအဆင့် ၂၁ ဦး လက်နက်ချကာ တပ်မိသားစုဝင် ၅၈ ဦးကို ထိန်းသိမ်းခဲ့ကြောင်း အမှတ် (၂) စစ်ဒေသခွဲက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။ တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ သေဆုံး၊ ထိခိုက်မှုများလည်းရှိကြောင်း သိရသည်။
မုန်းမြို့တိုက်ပွဲများသည် ဖားစည်ဟိန်းသံနှင့် ဆယ်လ်မွန်စစ်ဆင်ရေးအဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် NUG တောင်ပိုင်းတိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲအနေဖြင့် စစ်တောင်မြစ်ဝှမ်းတစ်ခုလုံး စစ်ဆင်ရေးတိုးမြှင့်မည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ရေးအရ အချက်အချာကျသည့် ဒေသဖြစ်သည့် ပဲခူးရိုးမ ခြေကုပ်ယူနိုင်ရန် တော်လှန်ရေးအင်အားစုများက ကြိုးစားနေပြီး အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ပဲခူးရိုးမကို လက်လွှတ်ရပါက ယင်းတို့ အခြေစိုက်ရာ နေပြည်တော်ကို ကောင်းစွာ ခြိမ်းခြောက်နိုင်စွမ်းရှိသည့်အတွက် လက်မလွှတ်ရစေရန် အပြင်းအထန် ခုခံနေသည်။
NUG ၏ PDF တပ်များက ယမန်နှစ် ဒီဇင်ဘာမှ စတင်၍ ပဲခူးတိုင်းအရှေ့ခြမ်းနှင့်အနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာပြီးနောက် KNU နှင့် နယ်မြေထိစပ်နေသော ပဲခူးအရှေ့တွင် စစ်ဆင်ရေးများ တိုးမြှင့်လုပ်ဆောင်လာကာ BPLA အပါအဝင် ကျောင်းသားတပ်မတော် (ABSDF) လည်း လှုပ်ရှားနေသည်။
