ဆောင်းပါး

စစ်ကိုင်းတိုင်းစစ်မြေပြင်မှ သတင်းထောက်၏ ကိုယ်တွေ့မှတ်တမ်း (အပိုင်း ၂) 

တစ်ရက်တွင် နာမည်ကြီးနေသည့် တော်လှန်ရေးအဖွဲ့တစ်ခု အခြေစိုက်ရာ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အနောက်ခြမ်းရှိ ရွာတစ်ရွာကို အခြားတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြင့် ကျွန်တော် လိုက်သွားဖြစ်သည်။ ကျွန်တော်ရောက်နေသည့်နေရာမှ မိုင် ၁၀ ကျော်ဝေးသည့် ထိုရွာကို ဆိုင်ကယ်များဖြင့် အဖွဲ့လိုက်သွားကြခြင်းပင်။ အကွေ့အကောက်လည်း များပြီး လမ်းဆိုးသော်လည်း လယ်ကွင်းများဖြင့် မြင်ကွင်းက စိမ်းစိမ်းစိုစိုရှိသည်။​ သီးနှံစုံစိုက်ခင်းများလည်း တွေ့ရပြီး အများဆုံးမှာ မုန်ညင်း၊ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်စိုက်ခင်းများဖြစ်သည်။

ရွာအတွင်း ဝင်လိုက်ချိန်တွင် ပထမဆုံးသတိထားမိသည်မှာ ခြောက်ကပ်နေခြင်းပင်။ အိမ်အများစု ပိတ်ထားကြသည်။ လူနေသော အိမ်အချို့နှင့် နွားလှည်းတချို့ တွေ့ရသည်။ အတန်းလိုက်ဆိုင်ကယ်များနောက် လိုက်ပါသွားရင်း ခပ်ကျဉ်းကျဉ်းလမ်းသွယ်မှတစ်ဆင့် ခြံဝင်းတစ်ခုအတွင်း ရောက်ရှိသွားသည်။ မီးလောင်ပြင်တွင် ဖြစ်သလိုပြန်ဆောက်ထားသည့် တဲငယ်များ တွေ့ရသည်။ တစ်လုံးတည်းသော နှစ်ထပ်အိမ်မှာ စောင်းနေပြီး အကာအရံများလည်း အတော်ပင် ပျက်စီးယိုယွင်းနေသည်။

ရွာအုပ်ချုပ်ရေးတာဝန်ခံမှာ ဗိုလ်လင်းရောင်ဟု အမည်ခံထားသူပင်။ အရပ်ပုပု ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ရှိသည်။ အသက် ၄၀ ကျော်သာ ဖြစ်သော်လည်း ဆံပင်ဖြူများ အထင်အရှားမြင်နေရသည်။ စကားပြောရာတွင် လူငယ်နှင့် တူသည်။ အသံအောအောဖြင့် ယဉ်ကျေးချိုသာစွာ ပြောဆိုတတ်သူပင်။

“ဒီနေရာကို (စစ်ကောင်စီတပ်များက) ဝင်ဖျက်သွားတာ။ သုံးခါမြောက်ပဲ။ အိမ်နှစ်လုံး ပြာကျသွားတယ်။ ဒီတစ်လုံးကတော့ မီးမလောင်ဘဲ ကျန်ခဲ့တာ” ဟု ဗိုလ်လင်းရောင်က ရှင်းပြသည်။​

ယိုင်နဲ့နဲ့ဖြင့် တဲသာသာ အဆောက်အအုံအတွင်း အမျိုးသမီးတစ်စုမှာ မုန်ညင်းနှင့် မုန်လာရွက်များကို ချက်ပြုတ်ရန် ပြင်ဆင်နေကြသည်။ လူငယ်တချို့ ဖုန်းသုံးနေကြကာ တချို့က အိပ်နေကြသည်။

“ရဲဘော်တစ်ယောက်ယောက် မပါဘဲနဲ့ ရွာရဲ့ ဒီဘက်အခြမ်းကို လုံးဝမသွားပါနဲ့။ ကျွန်တော်ကိုယ်တိုင်လည်း မသွားဘူး။ ဒီဘက်အခြမ်းကတော့ သွားလာလို့ရပါတယ်” ဟု ရွာကို နှစ်ပိုင်းခွဲ ညွှန်ပြကာ ဗိုလ်လင်းရောင်က သတိပေးသည်။

ခင်ဦးမြို့နယ်အနောက်ပိုင်းရှိ ရွာတစ်ရွာအသွား လမ်းခရီးတစ်နေရာကို ၂၀၂၂ ခုနှစ် အောက်တိုဘာလဆန်းပိုင်းက တွေ့ရစဉ်။

ရွာနှင့် အနည်းငယ်သာ ဝေးသည့် ရသစ်ကုန်းဆိုသောရွာတွင် စစ်သားများနှင့် ပျူစောထီးများ အထိုင်ချ တပ်စွဲထားသည်။ ရွာကို ယခင်ကလည်း ဝင်ရောက်မီးရှို့ဖျက်ဆီးဖူးရာ စစ်သားနှင့် ပျူစောထီးများ အချိန်မရွေးရောက်လာနိုင်သည်။

အာဏာသိမ်း စစ်တပ်ရန်ကြောင့် ရွာသူရွာသား သုံးပုံနှစ်ပုံခန့်မှာ ရွာတွင် နေထိုင်ခြင်း မရှိဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

ရသစ်ကုန်းရွာမှ စစ်တပ်နှင့် ပျူစောထီးများရန်ကြောင့် လူမနေတော့သည့် ရွာတစ်ခြမ်းသို့ ဘယ်သူမှမပါဘဲ မသွားရန် တားမြစ်ခြင်းဖြစ်သည်။

ထိုရွာတွင် ရက်အတန်ကြာ နေထိုင်ရမည်ဖြစ်သည်။​ ရွာရောက်ပြီး ပထမဆုံးည အတွေ့အကြုံမှာ ထူးခြားသည်။ နေဝင်ပြီး ၆ နာရီခွဲခန့် အချိန်ပင် ရှိသေးသည်။ ရသစ်ကုန်းရွာဘက်ဆီမှ အုန်းဆိုသော အသံကြားရသည်။ “စပါပြီဗျာ” ဟု အိမ်ရှင်လူကြီးက ရေရွတ်သည်။ “ဘာသံလဲဗျ၊ မိုင်းကွဲတာလား ပစ်ခံရတာလား” ဟု မေးသောအခါ “၄၀ နဲ့ ပစ်တာ။ မကြောက်နဲ့၊ ဒီထိ မရောက်ဘူး” ဟု အေးအေးဆေးဆေး ပြန်ဖြေသည်။

အိမ်ရှင်ပြောသည့် ၄၀ ဆိုသည်မှာ ၄၄ မမ ဗုံးသီးကို ဆိုလိုခြင်းပင်။ မကြာမီ လက်နက်ငယ်ပစ်သံများလည်း ကြားရသည်။ အတွဲလိုက် ဆက်တိုက်ပစ်ခတ်နေခြင်းဖြစ်သည်။ ဗုံးသီးနှင့် ပစ်သည့် အုန်းဆိုသော အသံများလည်း ငါးမိနစ်ခြားတစ်ခါ ကြားရသည်။ တစ်နေရာတည်းမှ ပစ်ခတ်နေခြင်းဖြစ်ကာ နာရီဝက်ခန့်အကြာတွင် အသံတိတ်သွားသည်။

စစ်တပ်နှင့် ပျူစောထီးများက ခြောက်လှန့်သည့်သဘောဖြင့် ညစဉ် ပစ်ခတ်နေကျဖြစ်သည်ဟု သိရသည်။ ရွာသူရွာသားများမှာ အလုပ်အကိုင်မပျက်ရှိသည်။ တစ်အိမ်နှင့်တစ်အိမ် အေးအေးလူလူပင် ကူးသန်းသွားလာနေကြသည်။ တချို့က စကားဝိုင်းဖွဲ့နေကြသည်။ အထူးတလည် စိတ်လှုပ်ရှားဟန် မရှိပေ။

ညအချိန် ပစ်ခတ်သံများ အတိုင်းသား ကြားနေရသော်လည်း အိမ်ရှင်၏ ငါးနှစ်အရွယ် သမီးလေးသည် တစ်ဖက်အိမ်သို့ သွားလိုက်ပြန်လိုက် ဆော့နေသည်။ ညအချိန်မတော် အတွေ့အကြုံသစ်ကြောင့် စိုးရိမ်မိသော်လည်း အနီးရှိ လူအားလုံး စိတ်အေးလက်အေးရှိနေကြသည်။

“နေသားကျသွားပါလိမ့်မယ်။ ကျွန်မတို့တော့ ရိုးနေပြီရယ်။ ကိုယ်လုပ်စရာရှိတာ လုပ်နေလိုက်တာပဲ။ ဒီလိုအချိန် ခွေးတွေ ဝင်မလာရဲဘူး” ဟု အိမ်ရှင်အမျိုးသမီးကြီးက လက်ဖက်သုပ်ပန်းကန် လာချပေးရင်း ပြောနေသည်။

စစ်ကိုင်းတိုင်းမှ ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ယဉ်ပါးနေကြပြီဖြစ်သည်။ မပြောမဆို စစ်ကြောင်းထိုးလာပါက အဆင်သင့်ဖြစ်နေရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ အရေးကြီးစာရွက်စာတမ်းနှင့် တန်ဖိုးရှိပစ္စည်းများကို သီးသန့်ခွဲထားသည်။ ပြေးဟယ်လွှားဟယ် အရေးကြုံလာပါက အိတ်ကောက်လွယ်ရုံပင်။

ရွာအပြင်ဘက်မှ ရာသီစာစိုက်ခင်းများအတွင်း နံနက်စောစော အလုပ်ဆင်းနေသည့် အမျိုးသမီးများ။

နောက်နေ့မနက် အိပ်ရာထချိန်တွင် ရွာသူရွာသားအများစု စိုက်ခင်းထဲ ရောက်နေကြသည်ကို တွေ့ရ သည်။ ပန်း၊ နံနံ၊ မုန်လာ၊ မုန်ညင်း စိုက်ခင်းများအတွင်း ရေလောင်းသူလောင်း၊ ပေါင်းသင်းသူပေါင်းသင်နှင့် အလုပ်များနေကြသည်။ တည်းခိုရာအိမ်မှ လမ်းထိပ်ထွက်လိုက်လျှင် စိုက်ခင်းများကို လှမ်းမြင်နေရသည်။

မနက်စာစားပြီးချိန်တွင် ရွာအုပ်ချုပ်ရေးခေါင်းဆောင်က ရွာသူရွာသားအများစု ရှောင်တိမ်းနေသည့် နေရာများကို လိုက်ပြသည်။ မနီးမဝေးရှိ ရွာနှစ်ရွာမှ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများအတွင်း ယာယီနေနေကြခြင်းဖြစ်သည်။​ လူဦးရေနှင့် နေရာ မမျှပေ။ လူများပြည့်လျှံနေသည်။ အသက်အရွယ်ကြီးရင့်သူများကို အမိုးအကာရှိ အဆောက်အအုံများအတွင်း နေရာချထားသည်။ အများစုမှာ လဟာပြင်၌ ဖြစ်သလိုပင်။ ညအချိန်မှသာ ခြင်ထောင်ချ နေရာယူကြရသည်။

ယာယီနေထိုင်သူများကို စုဝေးကာ သောက်ရေ၊​ သုံးရေမှသည် အိမ်သာအသုံးပြုမှုအထိ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးက သတိပေးဟောပြောနေသည်။ လူသာမက ကျွဲနွားများလည်း တွေ့ရသည်။ တိမ်းရှောင်နေကြသူများတွင် စစ်သားနှင့် ပျူစောထီးများရှိရာ ရသစ်ကုန်းရွာမှ လူများလည်း ပါဝင်သည်။ ထွက်မပြေးဘဲ ရွာထဲ ကျန်နေသူများကို စစ်တပ်က စစ်သင်တန်းပေးကာ သေနတ်ကိုင်စေသည်ဟု သိရသည်။

စစ်တပ်ဝင်စဉ် မီးလောင်ပြာကျခဲ့သော ရွာလယ်ရှိ စာသင်ကျောင်းကိုလည်း တွေ့ရသည်။ ရွာရှိ ကလေးများကို စာသင်ပေးရန် သစ်သားတိုင်၊ ထန်းရွက်မိုးဖြင့် တန်းလျားပုံစံ ကိုယ်ထူကိုယ်ထတည်ဆောက်ထားသည့် ကျောင်းဖြစ်သည်။ မီးလောင်ကျွမ်းထားသည့် တိုင်များအလယ်တွင် သံခုံများမှာမူ အကောင်းအတိုင်း ကျန်ရှိနေသည်။ အသစ်ထပ်ဆောက်လျှင်လည်း မီးထပ်ရှို့ခံရနိုင်သဖြင့် ရနိုင်သမျှ သစ်ပင်ရိပ်တွင် ကလေးများကို စာသင်ပေးနေသည်။

စစ်တပ်ဝင်စီးစဉ် မီးရှို့ဖျက်ဆီးခဲ့သော အင်းပက်ရွာအလယ်ရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း။

ရွာအပြင်ဘက်ရှိ အထက်တန်းကျောင်းတွင်း၌မူ အိမ်မီးရှို့ခံရသူများ ယာယီနေထိုင်လျက်ရှိသည်ကို တွေ့ရသည်။ လူဦးရေများသဖြင့် ရှိသမျှ ကျောင်းအဆောက်အအုံနှင့် မမျှမတဖြစ်နေသည်ကို တွေ့ရသည်။ အသက်ကြီးသူများရော၊ ကလေးရော အရွယ်ကောင်းအမျိုးသမီးများရော တွေ့ရသည်။

နောက်နှစ်ရက်ခန့်အကြာတွင် ရွာသို့ မြို့နယ် ပအဖ၊ ပကဖ (အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့) အရာရှိများ ရောက်လာသည်။ ရွာပေါင်း ၂၀ ကျော်မှ ကာကွယ်ရေးအဖွဲ့ဝင်များလည်း ရောက်လာကြသည်။ ခင်ဦးမြို့နယ်အတွင်း အမှတ် (၂) တိုက်နယ်၏ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ရွေးချယ်ရန် ဖြစ်သည်။

ထိုနေ့က ရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင်ကိုပင် တိုက်နယ်ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြသည်။ ရင်းနှီးသူများက အုပ်လေးဟု ခေါ်ကြသည့် ရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင်မှာ အသက် ၂၃ နှစ်သာ ရှိသေးသည့် လူငယ်တစ်ဦးဖြစ်သည်။​ ကွမ်းချိုးအထပ်ထပ်ဖြင့် ထိုလူငယ်မှာ မုံရွာတက္ကသိုလ်မှ အင်္ဂလိပ်စာဖြင့် ဘွဲ့ရထားသူဖြစ်သည်။

ထိုညတွင် ပအဖ၊ ပကဖအရာရှိများနှင့်အတူ မူလတည်းခိုရာ ခင်ဦးမြို့နယ်အရှေ့ခြမ်းရှိ လက်ပံလှရွာဘက်သို့ ပြန်လိုက်သွားဖြစ်သည်။ နောက်တစ်နေ့ မနက်တွင် ရွာဘေးရှိ ချောင်းအတွင်း ရုပ်အလောင်းတစ်ခု မျောပါလာသည်ဟု ကြားသဖြင့် သွားကြည့်ဖြစ်သည်။ ပုပ်ပွနေသည့်အလောင်းမှာ ရက်အတန်ကြာကတည်းက စွန့်ပစ်ခံထားရဟန်ရှိသည်။ အမျိုးသမီးတစ်ဦးဖြစ်ကာ လက်ပြန်ကြိုးကို ပခုံးအထိ သိုင်းကာ တုပ်နှောင်ခံထားရသည်။ ရွာဘေးရှိ ထိုချောင်းမှာ မူးမြစ်မှ သွယ်တန်းထားသည့် ရေပေးဝေရေး တူးမြောင်းဖြစ်သည်။

“တစ်ခါတလေ တစ်ရက်တည်း သုံးလောင်းလောက် မျောလာတတ်တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် နေ့တိုင်းလိုလို ပါလာတတ်တယ်” ဟု လက်ပံလှရွာကာကွယ်ရေးအဖွဲ့မှ ဦးလေးကြီးက ဆိုသည်။​

စစ်ကောင်စီဒေါက်တိုင်များကို တော်လှန်ရေးအဖွဲ့များက သတ်ဖြတ်လေ့ရှိသည့်နည်းတူ တော်လှန်ရေးကို ထောက်ခံသူများကိုလည်း စစ်တပ်နှင့် ပျူစောထီးများက မကြာခဏ ဖမ်းဆီးသတ်ဖြတ်လေ့ရှိရာ မည်သူ့လက်ချက်ဟု တပ်အပ်ပြောရန် မလွယ်ပေ။

“များသောအားဖြင့် တော်လှန်ရေးအဖွဲ့တွေက ကြိုးတုပ်လေ့မရှိဘူး။ ကြိုးတုပ်ရင်လည်း အဖြစ်ပဲ။ ကြိုးလည်း တုပ်ထားတယ်။ ကြိုးချည်တာလည်း စနစ်ကျတယ်ဆိုရင် သေချာတယ်။ မျောလာတဲ့အလောင်းက တော်လှန်ရေးရဲဘော်တစ်ယောက်ပဲ” ဟု တစ်ဦးက သုံးသပ်သည်။

ချောင်းအတွင်း မျောပါလာသည့် ရုပ်အလောင်းမှာ မည်သူမည်ဝါဖြစ်သည်နှင့် မည်သည့်အရပ်၌ အသတ်ခံရသည်ကိုမူ မသိရပေ။ မျောလာသမျှ အလောင်းတိုင်းကို မဆယ်ယူနိုင်သောကြောင့် မည်သည့်အရပ်ထိ ဆက်လက်မျောပါသွားမည်မှာလည်း မသေချာပေ။

ခင်ဦးမြို့နယ်အနောက်ပိုင်းရှိ ရွာတစ်ရွာအတွင်း ရွာကာကွယ်ရေးအဖွဲ့များကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။

ထိုနေ့ညပိုင်းတွင် ရွာကာကွယ်ရေးအဖွဲ့၏ ကင်းစခန်းတစ်ခုသို့ လိုက်သွားဖြစ်သည်။ ထိုကင်းစခန်းမှနေ၍ ညအချိန်မတော် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်များ ရွာကို တိတ်တဆိတ် အန္တရာယ်ပြုမလာနိုင်အောင် စောင့်ကြည့်ကြသည်။ စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှာ ခင်ဦးနယ်အတွင်း ကျေးရွာလေးခုတွင် အထိုင်ချတပ်စွဲထားသည်။

ထိုရွာတွင် စစ်တပ်က အထိုင်ချတပ်စွဲထားသည်။ ဆောင်းဝင်ပြီဖြစ်ရာ ညအချိန်တွင် ကင်းစောင့်ရဲဘော်များ အအေးဒဏ်ကို ရင်ဆိုင်ကြရသည်။ ထိုညက ရဲဘော်များနှင့်အတူ ကင်းစောင့်ရာနေရာမှာပင် အိပ်ရာဝင်လိုက်ရသည်။ အအေးဒဏ်ကြောင့် ကောင်းကောင်းအိပ်မပျော်ပါပေ။

နောက်နေ့တွင် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သော ရေအေးကုန်းရွာမှ ကိုဖိုးစိုး၏ ရက်လည်အခမ်းအနားသို့ ရောက်သွားသည်။​ ရဲဘော်ဖိုးစိုး၏ အရိုးပြာကို ရွာအဝင်တွင် ပြုလုပ်ထားသည့် သူရဲကောင်းကျောက်တိုင်၌ ထည့်သွင်းအလေးပြုကြသည်။ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရင်း ကျဆုံးခဲ့သူများကို အာဇာနည်သူရဲကောင်းအဖြစ် သတ်မှတ်ကာ ကျောက်တိုင်များ စိုက်ထူဂုဏ်ပြုကြသည်။ တိုက်ပွဲအတွင်း ကျဆုံးသူများသာမက ဖမ်းဆီးသတ်ဖြတ်ခံရသူ၊ မိုင်းမတော်တဆဖြင့် သေဆုံးရသူများကိုလည်း အလားတူပင် ဂုဏ်ပြုကြသည်။ ရွာတိုင်းလိုလိုတွင် အာဇာနည်ကျောက်တိုင်များ စိုက်ထူထားသည်။

အောက်တိုဘာ ၁၈ ရက်နေ့တွင် စိတ်မကောင်းစရာသတင်းတစ်ခု ကြားရပြန်သည်။​ မိုင်းမတော်တဆမှုဖြင့် နောက်ထပ်လူငယ်တစ်ဦး သေဆုံးခြင်းပင်။ ပေါက်တုံရွာမှ အသက် ၁၈ သာရှိသေးသည့် ကိုအောင်ဇော်ထက်ဆိုသူဖြစ်သည်။

ထုံးစံအတိုင်း ကင်းမိုင်းကို ဖြုတ်သိမ်းစဉ် ပေါက်ကွဲခြင်းပင်။ ရွာကာကွယ်ရေးအဖွဲ့ဝင်ဖြစ်သည်မှာ ခြောက်ရက်သာ ရှိသေးသည့် ထိုလူငယ်လေးမှာ အခြားတာဝန်ကျရဲဘော်တစ်ဦးနှင့်အတူ မိုင်းဖြုတ်သိမ်းရာ လိုက်သွားခဲ့သည်။ အတူပါရဲဘော်က မိုင်းများ လိုက်လံဖြုတ်သိမ်းနေစဉ် ကိုအောင်ဇော်ထက်ကို ရောက်တတ်ရာရာ လျှောက်မသွားဘဲ စောင့်နေရန် မှာကြားခဲ့သည်။ မိနစ် ၂၀ ခန့် ကြာပြီးနောက် ဆက်မစောင့်နိုင်တော့သဖြင့် မိုင်းဖြုတ်ရာနေရာကို လိုက်သွားခဲ့သည်။

ထိုသို့လိုက်အသွား မိုင်းတစ်လုံး၏တိုက်ကြိုးကို တိုက်မိကာ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာအပြင်းအထန်ရသည့် ကိုအောင်ဇော်ထက်ကို နေအိမ်သို့ ပြန်သယ်လာရင်း လမ်းမှာပင် သေဆုံးသွားခဲ့သည်။ နောက်ထပ်နာရေးအခမ်းအနားတစ်ခုသို့ ရောက်ခဲ့ရပြန်သည်။ စစ်ကောင်စီကို ခုခံတော်လှန်ရာတွင် လက်လုပ်မိုင်းများက အတော်ပင် အလုပ်ဖြစ်ခဲ့သည်။ ထို့အတူ စမ်းသပ်ထုတ်လုပ်ရင်း မတော်မဆ ပေါက်ကွဲသဖြင့် သေဆုံးခဲ့ရသည်များလည်း တော်လှန်ရေးအစကတည်းကပင်။

နာရေးပြီးတော့ ၂၀၂၁ အောက်တိုဘာ ၂၀ ရက်နေ့တွင် သာရေးအခမ်းအနား ကြုံရသည်။ တော်လှန်ရေးရဲဘော်များ၏ မင်္ဂလာဆောင်ပင်။ တော်လှန်ရေးတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားရင်း လူငယ်တို့သဘာဝ မေတ္တာသက်ဝင် ချစ်ကြိုးငင်ကြခြင်းဖြစ်သည်။ ထို့နေ့က ရောက်ဖြစ်ခဲ့သည်မှာ မင်္ဂလာပွဲတစ်ပွဲတည်း မဟုတ်၊ နှစ်မင်္ဂလာပင်။ လက်ပံလှနှင့် အလှမ်းမဝေးလှသည့် စဉ့်တုံရွာနှင့် ကျီးကန်ရွာသို့ သွားရောက်ကာ တော်လှန်ရေးအတွင်းက ရွာဓလေ့ အညာမင်္ဂလာဆောင်ကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးရသည်။

နောက်ရက်များတွင် ဝေးဝေးလံလံ မသွားဖြစ်ဘဲ လက်ပံရွာ၌သာ ရှိနေဖြစ်သည်။ ရွာရှိလူများနှင့် အထိုက်အလျောက် ရင်းနှီးကျွမ်းဝင်လာပြီဖြစ်ကာ ရွာပတ်ဝန်းကျင်ရှိ နိစ္စဓူဝ ကိစ္စအဝဝကို ကျက်မိလာသည်။

တစ်ပတ်ခန့်အကြာ အောက်တိုဘာ ၂၈ ရက်နေ့တွင် ခင်ဦးမြို့နယ်အနောက်ခြမ်းသို့ ပြန်ရောက်ဖြစ်သည်။ ယခင်တည်းခဲ့သောရွာကို ဒုတိယအကြိမ် ပြန်ရောက်သွားခြင်းပင်။ ထိုနေ့ညပိုင်းက ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့များ ပူးပေါင်းကာ စစ်တပ်နှင့် ပျူစောထီးများရှိရာ ရသစ်ကုန်းရွာကို ပစ်ခတ်တိုက်ခိုက်ကြသည်။ ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ကြုံရသည့် တော်လှန်ရေးအဖွဲ့များ၏ တိုက်ပွဲပင်။ တိုက်ပွဲဆိုသော်လည်း စစ်တပ်နှင့် ပျူစောထီးများရှိရာ နေရာကို လက်လုပ်စိန်ပြောင်းများဖြင့် မှန်းဆပစ်ခတ်ခြင်းသာဖြစ်သည်။

ခင်ဦးနယ်မှ ရွာကာကွယ်ရေးအဖွဲ့များ အသုံးပြုသည့် တိုက်ပွဲဝင် လက်လုပ်စိန်ပြောင်းများ။

လက်လုပ်စိန်ပြောင်း လေးငါးခုဖြင့် ပစ်ခတ်ကြသည်။ လက်လုပ်ဗုံးသီးတချို့ကို ရှော့တိုက်ပစ်ခတ်ပြီး တချို့ကို စိန်ပြောင်းအတွင်း လွှတ်ချကာ ပစ်ခတ်ခြင်းဖြစ်သည်။ စိန်ပြောင်း တစ်ခုနှင့်တစ်ခု ပေ ၅၀ ခန့် အကွာထားကာ တစ်လှည့်စီ ပစ်ခတ်ခြင်းပင်။ ဗုံးသီးတစ်လုံးပစ်ချိန်တွင် ရဲဘော်များအားလုံး အကာအကွယ်ယူထားရသည်။ လက်လုပ်ဖြစ်ရာ ထည့်ထားသည့် ယမ်းနှင့် အမှားအယွင်းတစ်ခုခု ဖြစ်နိုင်သောကြောင့် ကြိုတင်အကာအကွယ်ယူထားရခြင်းပင်။

ပစ်ပြီဆိုသည်နှင့် မြေပြင်၌ ပြားနေအောင် ဝပ်နေကြရသည်။ ပစ်လွှတ်လိုက်ပြီးနောက် ကျရောက် ပေါက်ကွဲသံ ကြားပြီးမှသာ ခေါင်းထောင်ရဲကြသည်။ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုမှာ နာရီဝက်ခန့်သာ ကြာသည်။ ပစ်ခတ်ပြီးနောက် တိုက်နယ်ခေါင်းဆောင်က ချက်ချင်းပြန်ဆုတ်ရန် ညွှန်ကြားလာသည့်အတွက် အားလုံး ပြေးပြေးလွှားလွှားပြန်ကြရသည်။

တာဝန်ကျရဲဘော်များက စိန်ပြောင်းများကို ထမ်းပြေးသည်။ သိပ်မကြာမီ စစ်တပ်နှင့် ပျူစောထီးများရှိရာ နေရာမှ အုန်းဆိုသော အသံကြားလိုက်ရသည်။ အားလုံး ရောက်သည့်နေရာမှာပင် ချက်ချင်းဆိုသလို ဝပ်လိုက်ရသည်။ စက္ကန့်ပိုင်းမျှသာထင်သည်။ မလှမ်းမကမ်းရှိ လယ်ကွင်းများအတွင်း ကျရောက်ပေါက်ကွဲသံ ကြားရသည်။ ရသစ်ကုန်းရွာဘက်မှ ပစ်ခတ်သံများ ဆက်ကြားနေရသော်လည်း စိန်ပြောင်းကို တက်သုတ်ရိုက် ဖြုတ်သိမ်းနေကြသည့် တော်လှန်ရေးရဲဘော်များက မည်သို့မျှ မတုံ့ပြန်တော့ပေ။

စစ်တပ်နှင့် ပျူစောထီးများကလည်း ခြောက်လှန့်ပစ်ခတ်ပုံရသည်။ တော်လှန်ရေးရဲဘော်များမှာ ပစ်ခတ်သည့်အသံကို နားစွင့်ရင်း မည်သည့်လက်နက်ဖြင့် ပစ်ခြင်းဖြစ်ကြောင်း၊ မည်သည့်နေရာအထိ ရောက်နိုင်ကြောင်း ခန့်မှန်းထားပြီးဖြစ်သည်။

လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုမှာ မည်မျှထိရောက်သည်ကို မသိရပေ။ ထိုညက ကျရောက်ပေါက်ကွဲသံများအရ စစ်တပ်စခန်းချရာ နေရာအတွင်း ကျနိုင်သည်၊ မကျနိုင်သည်ဖြင့် တော်လှန်ရေးရဲဘော်များ ခန့်မှန်းပြောဆိုနေကြသည်။ အနည်းဆုံး တော်လှန်ရေးရဲဘော်များက ပစ်လိုက်သည့် စိန်ပြောင်းနှစ်လုံး ရန်သူ့စခန်းအတွင်း တိုက်ရိုက်ကျသည်ဟု ဆိုကြသည်။

နောက်တစ်နေ့တွင် ဒီပဲယင်းမြို့နယ်အတွင်းသို့ သွားရောက်ဖြစ်သည်။​ လမ်းမကြီးအတိုင်း သွားခြင်းမဟုတ်ဘဲ လယ်ကွင်းများအကြား၊ စိုက်ခင်းများအကြား တောလမ်းအတိုင်း သွားရခြင်းပင်။ အချို့သောနေရာများတွင် လယ်ကန်သင်းရိုးကို လမ်းအဖြစ် အသုံးပြု သွားလာရသည်။ လယ်ကွင်းစိမ်းစိမ်းနှင့်အတူ နွားအုပ်များ၊ ဆိတ်အုပ်များ၊ မြေပဲခင်းများ မြင်တွေ့ရသည်။

ဒီပဲယင်းမြို့နယ်အတွင်းရှိ နာမည်ကျော် ရွှေလင်ပင်ဘုရား။

ခင်ဦးမြောက်ပိုင်းတွင်ရှိသည့် နာမည်ကျော် ရွှေလင်းပင်ဘုရားရှိရာ စည်ပုတ္တရာရွာသို့ ရောက်ခဲ့သည်။​ ရှေးဟောင်းအနုပညာလက်ရာများဖြင့် သွားရောက်လည်ပတ်သင့်သည့် နေရာတစ်ခုပင်။ တိုင်းပြည်ငြိမ်းချမ်းသော အခါသမယတွင် သာယာကြည်နူးဖွယ်ရှုခင်းများနှင့် ချစ်စရာဓလေ့စရိုက်များ လေ့လာရင်း မရောက် အရောက်သွားလည်ရမည့် နေရာဖြစ်ပေမည်။

ရှေးခေတ်လက်ရာ ကျွန်းတိုင်များဖြင့် ဆောက်လုပ်ထားသည့် ကျောင်းဆောင်နှင့်အတူ ဆင်းတုတော်များလည်း တွေ့ရသည်။ မှန်ဘောင်ခတ်ပြီး သေချာသိမ်းထားသည့် ကျမ်းစာတစ်စောင်လည်း ရှိသည်။ ထိုရှေးဟောင်းကျမ်းစာမှာ တန်ခိုးကြီးလွန်းသဖြင့် အစစ်ကို သီးသန့်သိမ်းထားကာ ကျမ်းစာမိတ္တူကိုသာ ပြသထားသည်ဟုလည်း ဒေသခံတို့က ဆိုသည်။ ကိစ္စကြီးငယ်များတွင် ထိုကျမ်းစာဖြင့် ကျမ်းကျိန်လေ့ရှိရာ ကျမ်းစူးသည်ဟုလည်း ဒေသခံများ အယုံအကြည်ရှိကြသည်။

လက်ရှိအချိန်တွင် ဒေသခံများအနေဖြင့် ရှေးဟောင်းပစ္စည်းမဆိုထားဘိ ကိုယ့်အသက်ကိုပင် မငဲ့ကွက်နိုင်ဖြစ်နေရာ တစ်ပိုင်းတစ်စဖြင့် ပြုပြင်လက်စ ရှေးဟောင်းတံတိုင်းလည်း တွေ့ရသည်။ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးသည်သာ ပဓာနလုပ်ငန်းစဉ်ဖြစ်နေပေသည်။

တစ်ရက်တွင် မိုင်းအန္တရာယ် အသိပေးဟောပြောပွဲကြုံရသည်။ မြေမြှုပ်မိုင်းအပါအဝင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များကို ကိုင်တွယ်ခြင်းမပြုရန်၊ တိုက်ပွဲဖြစ်ရာနေရာများအတွင်း သွားလာသည့်အခါ သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့များ၏ မိုင်းရှင်းလင်းပြီးဖြစ်ကြောင်း အသိမပေးမချင်း သွားလာခြင်းမပြုရန် သတိပေးသည်။ မိုင်းနှင့်ဆိုင်သော မှတ်ဖွယ်မှတ်ရာ ဗဟုသုတများပါသော လက်ကမ်းစာစောင်များလည်း ဖြန့်ဝေသည်။​

နိုဝင်ဘာ ၃ ရက်နေ့တွင် ခင်ဦးနယ်အနောက်ပိုင်းရှိ တော်လှန်ရေးအဖွဲ့များ စုပေါင်းကာ ရသစ်ကုန်းရွာရှိ စစ်တပ်ကို ထပ်မံတိုက်ခိုက်ကြသည်။ နေရာအပြောင်းအလဲရှိသော်လည်း အရင်တစ်ခေါက်လို ညအချိန် တိုက်ကြခြင်းပင်။ ယခုတစ်ကြိမ်တွင် ထူးခြားချက်မှာ တစ်နေရာတည်းမှ မဟုတ်ဘဲ အခြားနေရာတစ်ခုမှ ပစ်ခတ်မည့်အဖွဲ့လည်း ရှိနေသည်။ တစ်လှည့်စီ ပစ်ခတ်ကြမည်ဖြစ်သည်။ ဘေးရှိ ရဲဘော်၏ စကားပြောစက်မှတစ်ဆင့် တိုက်နယ်ခေါင်းဆောင်၏ ညွှန်ကြားချက်များ ကြားနေရသည်။

“နံပါတ် ၁ ပစ်မယ်” အောင်အောင်မြင်မြင်ပင်။ ဗုံးသီးထွက်သွားကာ အုန်းခနဲ ကျရောက် ပေါက်ကွဲသံကြားရသည်။ နောက်ထပ်ညွှန်ကြားသံ ထွက်လာသည်။

“နံပါတ် ၂ အသင့်ဖြစ်ပြီလား”

“ဖြစ်ပြီ။ ပစ်မယ်”

“ဖြစ်ရင် ပစ်”

လက်လုပ်ပြောင်းအတွင်း ပေါက်ကွဲသွားပုံ။

ပစ်ဆိုသော်လည်း နောက်ဆက်တွဲ အသံမကြားရဘဲ တိတ်ဆိတ်နေသည်။ မြေပြင်တွင် ဝပ်စောင့်နေသည့် ရဲဘော်က ဘာဖြစ်တာလဲဟု မေးမြန်းနေစဉ် ပေ ၅၀ အကွာခန့်ရှိ လက်လုပ်စိန်ပြောင်းဆီ ရဲဘော်တစ်ဦး ပြေးတက်လာသည်။ စက္ကန့်ပိုင်းသာကြာပြီး ထိုရဲဘော် ပြန်ပြေးဆင်းသွားသည်။ “ဖောက်၊ ရှူး” ဆိုသော အသံနှင့်အတူ မီးပွားတစ်ခုပွင့်လာသည်။

“ကွဲပြီ။ ပြောင်းထဲ ကွဲပြီ”။ ဘေးမှ ရဲဘော်က ပြောခြင်းပင်။ ပြောပြောဆိုဆို သူအပါအဝင် ရဲဘော်အားလုံး ထပြေးကာ နီးစပ်ရာ မြောင်းတစ်ခုထဲ ပစ်လှဲချလိုက်ရသည်။ ပက်လက်အနေအထားဖြင့် မြောင်းထဲ ပစ်လှဲရင်း ကင်မရာကို ရင်ဘတ်ပေါ် တင်ကာ ပြောင်းရှိရာ ထိုးချိန်လိုက်သည်။

“အုန်း” “ဖူး၊ ဖူး၊ ဖူး” ဆိုသော အသံများ ဆူညံသွားသည်။ တစ်ဦးတစ်ယောက်မှတော့ ထိခိုက်ခြင်း မရှိပေ။

အသင့်ဖြစ်ပါက နောက်ထပ်စိန်ပြောင်းတစ်လက် ပစ်ရန် အမိန့်ပေးနေသည်ကို စကားပြောစက်မှ ကြားရသည်။ နီးရာ လယ်ကန်သင်းရိုးကို အကာအကွယ်ယူကာ မြေပေါ် ဝပ်လိုက်သည်။ ပစ်ခတ်သံ၊ ပေါက်ကွဲသံများ ကြားရသည်။ ခေါင်းထောင်ကြည့်ရန် ကြိုးစားသော်လည်း စစ်တပ်စခန်းဘက်မှ ပြန်လည်ပစ်ခတ်သံများ ကြားရသည်။

“တန်ပြန်လာတယ်”။ စကားပြောစက်အတွင်း တိုက်နယ်မှူး၏ အသံထွက်လာသည်။ ရသစ်ကုန်းရွာအတွင်းရှိ စစ်တပ်က ၄၀ မမ ဗုံးသီးများဖြင့် ပြန်လည်ပစ်ခတ်ရာ စိန်ပြောင်းပစ်ရဲဘော်များအနီး ကျရောက် ပေါက်ကွဲသည်။ စစ်သားများထံမှ သေနတ်ပစ်သံများ ဆက်တိုက်ထွက်လာသည်။ ဗုံးသီးထပ်ပစ်သံလည်း ကြားရသည်။ ပထမဗုံးသီး ကျသည့်နေရာမှာပင် ပေါက်ကွဲသည်။ ပထမတစ်လုံး ကျပြီးကတည်းက ထပြေးလာသည့် ကျွန်တော်မှာ ထန်းပင်တစ်ပင်ကို အကာအကွယ်ယူလိုက်သည်။ စစ်သားများထံမှ ဗုံးသီးတစ်လုံး ထပ်ပစ်လိုက်သံ ကြားရသည်။ အတော်ကြာသည်အထိ ကျရောက်ပေါက်ကွဲသံ မကြားရပေ။ ရဲဘော်များထံမှ “မကွဲဘူး၊ မကွဲဘူး” ဆိုသော အသံများ ထွက်လာသည်။

“စိန်ပြောင်းတာဝန်ယူထားသူတွေနဲ့ ဗုံးသီးသယ်သူတွေကလွဲရင် အကုန်နောက်ဆုတ်မယ်” ဆိုသော တိုက်နယ်ခေါင်းဆောင်အသံ ထွက်လာသည်။

နောက်ဆုတ်ရန် ပြင်ရသည်။ လရောင်ဖွေးဖွေးအောက်တွင် လမ်းဖြူဖြူ မြင်သည်။ ရှေ့တွင် ရဲဘော်လေးငါးဦး ကုန်းကုန်းကွကွ ပြေးနေကြသည်။ နောက်က လိုက်ပြေးရသည်။ စစ်တပ်စခန်းမှ လက်နက်ကြီးပစ်သံ မကြားရတော့သော်လည်း သေနတ်သံများ ထပ်ကြားရသည်။ အသံက ပိုနီးလာသလို ရှိသည်။ ဆက်ပြေးရင်း တော်လှန်ရေးရဲဘော်တွေဆီ ရောက်သွားသည်။ အားလုံးနားစွင့်ကာ ထိုင်နေလိုက်ကြသည်။ သေနတ်သံများ ဆူညံနေသည်။

ကျွန်တော့်နာမည်ခေါ်လျက် လူတစ်ယောက်ကပ်လာသည်။ မြို့နယ်ပကဖမှ တပ်စိတ်မှူး ကိုအောင်ကြီး။ ကျွန်တော့်အတွက် စိုးရိမ်နေဟန်။ နေရာရွှေ့ခိုင်းသည်။ ရဲဘော်တစ်ယောက် လိုက်ပို့သည်။ နောက်တန်းစုရပ်သို့ ရောက်လာသည်။ သေနတ်သံများ ဆူညံနေဆဲပင်။

သိပ်မကြာခင် တော်လှန်ရေးရဲဘော်များဆီမှ သေနတ်သံများ အဆက်မပြတ်ထွက်လာသည်။ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်နေသည်ဟု ယူဆရသည်။ မိနစ်ပိုင်းကြာပြီးနောက် တိတ်ဆိတ်သွားသည်။ နောက် မိနစ် ၂၀ ခန့်အကြာတွင် တိုက်ခိုက်ရေးကို ဦးဆောင်ခဲ့သူ တိုက်နယ်ခေါင်းဆောင်နှင့်အတူ စိန်ပြောင်းတာဝန်ယူထားသူ ရဲဘော်များ ပြန်ရောက်လာကြသည်။ စစ်သားများ ၎င်းတို့စခန်းတွင်းမှ ထွက်လာသည့်အတွက် တိုက်နယ်ခေါင်းဆောင်နှင့် ရဲဘော်သုံးဦး ရှေ့တိုးကာကွယ်ခဲ့ရသည်ဟု ဆိုသည်။​

ကျည်တစ်ပစ်အကွာအဝေးတွင် အပြန်အလှန်ပစ်ခတ်ကြခြင်းဖြစ်ကာ ရန်သူပြန်ဆုတ်သွားချိန်တွင် တော်လှန်ရဲဘော်များလည်း ပြန်ဆုတ်လာနိုင်ခဲ့သည်။ မိနစ်ပိုင်းသာ ကြာသော ပစ်ခတ်မှုအတွင်း M16A4 အမျိုးအစား ရိုင်ဖယ်သေနတ်တစ်လက်တည်းအတွက်ပင် ကျည်တစ်ရာခန့် အသုံးပြုခဲ့ရပြီး နောက်ထပ် မောင်းပြန်သေနတ်သည်လည်း အလားတူ ကျည်အရေအတွက် အသုံးပြုခဲ့ရသည်။ စုရပ်သို့ ပြန်ရောက်သည်နှင့် တိုက်နယ်ခေါင်းဆောင်က ပလုတ်ပလောင်း ကွမ်းဝါးရင်း ကျည်ဖိုးကုန်ကျစရိတ် ခုနှစ်သိန်းဖိုး ကုန်ပြီဟု ညည်းလေသည်။

နောက်နေ့မနက်တွင် တော်လှန်ရေးအဖွဲ့ကို ရွာခံမိသားစုတစ်စုက ပလာတာ၊ ပဲပြုတ်၊ လက်ဖက်ရည်တို့ဖြင့် နံနက်စာ ဒါနပြုသည်။ နေ့စဉ် ထမင်းကြော်၊ ဆန်ကြမ်းထမင်းနှင့် ဖြစ်သလိုဟင်းလျာများဖြင့် နှစ်ပါးသွားနေရသည့် တော်လှန်ရေးရဲဘော်များအတွက် အပြောင်းအလဲဖြစ်စေသော နံနက်စာပင်။ တော်လှန်ရေးရဲဘော်များကို လှုပ်ရှားသွားလာရာ လမ်းတစ်လျှောက် ရွာခံများက အထူးတလည်ဖိတ်ခေါ်ကျွေးမွေးလေ့ရှိသည်။ သို့သော် တစ်ခါတရံမှသာ။ အများဆုံး တစ်လမှ သုံးကြိမ်ခန့်သာဖြစ်သည်။

ရွာကာကွယ်ရေးအဖွဲ့၏ ရှိစုမဲ့စု လက်နက်ထုတ်လုပ်ရေးစက်ရုံ။

ထိုနေ့က ရွာအခြေစိုက် တော်လှန်ရေးအဖွဲ့၏ ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာဖြစ်သည်။ တော်လှန်ရေးအဖွဲ့ဝင်များက စက်ရုံဟု အလွယ်ခေါ်သော်လည်း သံတိုသံစ၊ ပိုက်တိုပိုက်စများ စုစည်းထားရာ နေရာသာဖြစ်သည်။ လက်နက်ထုတ်လုပ်ရေးစက်ရုံဆိုသည်ထက် အမှိုက်ပုံတစ်ခုနှင့် ပိုတူသည်။ နွားတင်းကုပ်ဖြစ်သော တဲအတွင်း ကျောက်စက်၊ ဖြတ်စက်၊ ဂဟေဆော်ကိရိယာ၊​ ပြုတ်တူတို့ဖြင့် မရှိသုံး သုံးနိုင်ရေး လက်လုပ်လက်နက်လေးများ ထုတ်လုပ်ကြသည်။ ပြုတ်တူသည်ပင်လျှင် စက်ရုံထုတ်မဟုတ်ဘဲ လက်လုပ်ဖြစ်နေသည်။

နွားတင်းကုပ်အတွင်း သံတိုသံစ၊ ပိုက်တိုပိုက်စများဖြင့် အလုပ်ရှုပ်နေသည့် ရဲဘော်သုံးဦးကို တွေ့ရသည်။ တစ်တောင့်ထိုးသေနတ်၊ စိန်ပြောင်း၊ ဗုံးသီးနှင့် မိုင်းတို့ကို အဓိကထား ထုတ်လုပ်ကြသည်။ အဓိကလက်နက်ထုတ်လုပ်ရေးတာဝန်ခံမှာ အသက် ၂၀ ဝန်းကျင်သာ ရှိသေးသည့် လူငယ်တစ်ယောက်ပင်။ သေနတ်၏ ဒင်ပိုင်း၊ ကိုယ်ထည်ပိုင်း၊ ခလုတ်မောင်း၊ ပြောင်းနှင့် မောင်းတုံးတို့ကို သူ့စိတ်ကူးအတိုင်း ထုတ်လုပ်နေခြင်း ဖြစ်သည်ဟု သိရသည်။

အခြားရဲဘော်နှစ်ဦးမှာ ညပိုင်းက ပစ်ခတ်ရင်း ကွဲထွက်သွားသည့် စိန်ပြောင်းကို ပြုပြင်နေကြသည်။ စိန်ပြောင်းလုပ်ထားသည်မှာ စစ်တပ်ပိုင် မိုင်တဲလ်ကုမ္ပဏီ၏ ဆက်သွယ်ရေးတာဝါတိုင် သံပိုက်များ ဖြစ်သည်။ တော်လှန်ရေးအဖွဲ့များ၏ လက်လုပ်စိန်ပြောင်းများမှာ မိုင်တဲလ်မမဟု ကျော်ကြားသည်။

နောက်တစ်ရက်တွင် ရွှေဘို – မြစ်ကြီးနားလမ်းဘေးရှိ တမုတ်ကျေးရွာသို့ ရောက်ဖြစ်သည်။ အာဏာမသိမ်းမီလေးကပင် အိမ်ခြေ ၁၀၀ ကျော်ကျော်ဖြင့် စည်စည်ကားကားဖြစ်လာသော ရွာလေးပင်။​ လက်ရှိအချိန်တွင် လူနေနိုင်သော အိမ်တစ်လုံးစနှစ်လုံးစ ကျန်ရှိတော့သည့် မီးလောင်တစပြင်ကြီး ဖြစ်နေသည်။ ၂၀၂၂ ခုနှစ် မတ်လအတွင်း စစ်တပ်ဝင်စီးစဉ် ရွာလုံးကျွတ်မီးရှို့ခံရကာ ရွာသူရွာသားများ ယနေ့အချိန်ထိ အိမ်မပြန်နိုင်ကြသေးပေ။

ကြည့်လေရာတိုင်းတွင် မီးသွေးခဲများသာဖြစ်သည်။ မီးလောင်ထားသည့် သစ်သားချောင်းများ၊ အုတ်ကျိုးအုတ်ပဲ့များ၊ ကွန်ကရစ်ကျောက်ခုံများနှင့် အိမ်မိုးသွပ်ပြားများ တွေ့ရှိသည်။ တစ်နေရာတွင် အပိုင်းအစဖြစ်နေသည့် သစ်သားချောင်းများနှင့် သွပ်ပြားများ စုပုံထားသည်ကိုလည်း တွေ့ရသည်။ မီးကျွမ်းထားသည့် အလွန်ကြီးမားသော သစ်ပင်ကြီးတစ်ပင်လည်း တွေ့ရသည်။ အချို့သစ်ပင်များမှာ ပင်ခြေရင်းမှ လဲပြိုနေသည်။ အိုးကွဲပန်းကန်ကွဲများ မီးလောင်ပြင်အနှံ့ မြင်ရသည်။ တမုတ်ရွာမှာ အိမ်ခြေတစ်ရာကျော်ကျော်သာ ရှိသည့် ရွာငယ်လေးဖြစ်သည်။

“ရွာမှာ အိမ်ကြီးအိမ်ကောင်းရယ်လို့ ဆောက်ပြီးနေနိုင်ကြတာ မကြာသေးဘူး။ တစ်နှစ် နှစ်နှစ်ပဲ ရှိသေးတာ။ အခုမှ ရွာရယ် အိမ်ရယ်လို့ ပီပီပြင်ပြင်ဖြစ်စ၊ အခုကတော့ ပြာပုံဖြစ်သွားပြီပေါ့ဗျာ” ဟု တမုတ်ရွာကာကွယ်ရေးခေါင်းဆောင်က ဆိုသည်။

မီးလောင်သွားသည့် အိမ်အဟောင်းနေရာများတွင် နေဖြစ်ရုံဆောက်ထားသည့် တဲများ တွေ့ရသည်။ ထန်းရွက်မိုးထားသည့် တဲများပင်။ ခေါင်နေရာတွင် မီးကျွမ်းသွပ်ပြားများကို အသုံးပြုထားသည်။ မီးကျွမ်းသွပ်ပြားများဖြင့် ကာရံထားသည်လည်း ရှိသည်။​

ခင်ဦးမြို့နယ်အတွင်း ရွာလုံးကျွတ်မီးရှို့ခံရသည့် တမုတ်ရွာမှ အကောင်းပကတိကျန်နေသည့် ရွာလယ်မှ နတ်စင်။

တမုတ်ရွာတစ်ခုလုံးတွင် အထိအခိုက်မရှိ အကောင်းအတိုင်း ကျန်နေသည့် အဆောက်အအုံတစ်ခုသာ ကျန်ရှိသည်။ ရွာလယ်လမ်းမဘေး သစ်ပင်ကြီးတစ်ပင်အောက်မှ နတ်စင်ဖြစ်သည်။ ရွာအဝင်မှစ၍ ရွာအနောက်ဘက်ခြမ်း ယာတောကြားရှိ အိမ်များ မီးလောင်ပြာကျခဲ့သော်လည်း ထိုနတ်စင်မှာ ယနေ့ထက်တိုင် ခလုတ်မထိ ဆူးမငြိ ရှိနေသည်။

တမုတ်ရွာသူရွာသား အများစုမှာ မီးလောင်ပြင်အတိပြီးသော ရွာတွင် နေမရကြတော့ဘဲ၊ ရွာနှင့် ဝေးရာ ယာခင်းများအကြား ယာယီတဲများ ဆောက်လုပ်ကာ နေထိုင်နေကြသည်။​ သူ့မိသားစု ကိုယ့်မိသားစု ခွဲမနေတော့ဘဲ တဲများအတွင်း ဖြစ်သလို စုပေါင်းနေနေကြရခြင်းဖြစ်သည်။ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ရွာပအဖတို့က စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စ စီမံပေးထားသည်ကို တွေ့ရသည်။​

တမုတ်ရွာနှင့် နှစ်ရက်သာ ခြားပြီး မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကုလားလူးကျေးရွာသို့လည်း ဆက်တိုက်ဆိုသလို ရောက်ဖြစ်ခဲ့သည်။ တမုတ်ရွာနည်းတူ ရွာလုံးကျွတ် မီးလောင်ပြင်အတိ ဖြစ်နေသည်။ မီးလောင်ပျက်စီးထားသည့် အိမ်များ၊ ဆန်စက်များ၊ လယ်ယာသုံး စက်ပစ္စည်းကိရိယာများ မြင်ရသည်။ ကုလားလူးကျေးရွာသူ ကျေးရွာသားများလည်း တောအတွင်း တဲထိုးနေနေရသည်။

ထိုရက်များအတွင်း ခင်ဦးမြို့နယ်အနောက်ပိုင်းရှိ ကျေးရွာများကို လှည့်လည်သွားလာရင်း ရှိနေခဲ့သည်။ နိုဝင်ဘာ ၁၁ ရက်နေ့တွင် သတင်းထူးတစ်ခု ကြားရသည်။ စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာမြို့ဆီမှ တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စီး၊ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နှစ်စီး ခင်ဦးနယ်အနောက်ပိုင်းကို ဦးတည်လာနေခြင်းပင်။

တစ်ရွာလုံး အုတ်အော်သောင်းနင်းဖြစ်ကာ ချက်ချင်းဆိုသလို ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်ကြသည်။ အထုပ်အပိုးများကို ဆိုင်ကယ်နှင့်တစ်မျိုး၊ နွားလှည်းနှင့်တစ်ဖုံ နိုင်သလို သယ်ကြသည်။ တချို့က ကလေးငယ်များကို လက်ဆွဲကာ အထုပ်ခေါင်းပေါ်တင်လျက် ထွက်ကြရသည်။ မိနစ်ပိုင်းအကြာတွင် ရဟတ်ယာဉ်သုံးစီး ရွာတောင်ဘက်ဆီ ပျံသန်းလာနေကြောင်း သိရသဖြင့် ရွာကာကွယ်ရေးအဖွဲ့ဝင်များ အသင့်နေရာယူကြသည်။

ရွာကို စွန့်ခွာထွက်ပြေးမည်လား၊ ခုခံတိုက်ခိုက်ကြမည်လားဆိုသည်ကို ခေါင်းဆောင်ပိုင်းက ညွှန်ကြားချက် မပေးသေးပေ။ နောက်ပိုင်းတွင် ရဟတ်ယာဉ်များ ရွာဘက်သို့ ရောက်မလာဘဲ မြောက်ဘက်အရပ်ဆီ ပျံသန်းသွားသည်။​ ပြန်ကွေ့လာနိုင်သလား၊ မလာနိုင်သလား သဲသဲကွဲကွဲ မဆုံးဖြတ်နိုင်ကြသေးပေ။

ရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင်နှင့်အတူ ရှေ့တန်းကင်းတစ်ခုဆီ လိုက်သွားဖြစ်သည်။ ကင်းနေရာအရောက် ရဲဘော်တစ်ဦးထံမှ ရုတ်တရက် အသံထွက်လာသည်။

“ရပ်၊ ရပ်။ ရောက်တဲ့နေရာရပ်” ဟု အထိတ်တလန့် လှမ်းအော်ပြောသည်။​

လက်တစ်ဖက်ဖြင့် ဖုန်းပြောလက်စဖြစ်နေသည့် ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ရပ်တန့်လိုက်သည့်နည်းတူ ကျွန်တော်လည်း တုတ်တုတ်မျှမလှုပ်ရဲပေ။ ကင်းစခန်းပတ်လည်တစ်ဝိုက် မိုင်းများ ဆင်ထားသောကြောင့်ဖြစ်သည်။ စစ်တပ်က စစ်ကြောင်းထိုးလာပါက အဆင်သင့်ဖြစ်စေရန်ပင်။

“ခင်ဗျားခြေထောက်နားကို ကြည့်လိုက်၊ မြင်ပြီလား။ နောက်ဆုတ် ဟိုဘက်ကနေ ပတ်လာ။ ခင်ဗျား ကံကောင်းလို့ဗျာ” ဟု တော်လှန်ရေးရဲဘော်က လှမ်းပြောသည်။ နောက်ကို တစ်လှမ်းဆီ ဆုတ်လိုက်ပြီး လွတ်ပြီ ရပြီဆိုမှ သက်ပြင်းချနိုင်တော့သည်။ ကင်းစခန်းဝန်းကျင်တစ်ခုလုံး မိုင်းဆင်ထားသည့် ကြိုးများ ဟိုမှသည် ရှုပ်ယှက်ခတ်နေသည်။

ကင်းတာဝန်ကျသူများက သစ်ပင်ပေါ် တက်ကာ ရဟတ်ယာဉ်ကို စောင့်ကြည့်ကြသည်။ ရဟတ်ယာဉ်က နယ်မြေချင်းထိစပ်နေသော ရေဦးနယ်ထဲ လိုက်လံပစ်ခတ်နေသည်ဟု သစ်ပင်ပေါ်မှ ကင်းသမားက အသိပေးသည်။ ပစ်ခတ်သံများ ခပ်သဲ့သဲ့ကြားနေရသည်။ မိနစ် ၂၀ ခန့်အကြာတွင် ရဟတ်ယာဉ်များ ခင်ဦးဘက် ပြန်လှည့်လာသဖြင့် တော်လှန်ရေးရဲဘော်များ အသင့်ပြင်ကြပြန်သည်။

သစ်ပင်ပေါ် တက်ကာ စစ်ကောင်စီရဟတ်ယာဉ်များကို စောင့်ကြည့်နေစဉ်။

သို့သော် ထိုနေ့က ခင်ဦးနယ်ကို စစ်ကောင်စီရဟတ်ယာဉ်များ တိုက်ခိုက်ခြင်းမပြုခဲ့ပေ။ လာလမ်းအတိုင်း လှည့်ပြန်သွားခဲ့သဖြင့် တစ်နေ့တာ စိတ်အေးခဲ့ရသည်။​

နိုဝင်ဘာလလယ်ပိုင်း ရောက်လာသဖြင့် ရာသီဥတုက အအေးဒဏ်ကဲလာသည်။ တစ်နေ့ထက်တစ်နေ့ ပို၍ အေးလာသည်ဟု ခံစားရသည်။ နံနက်ခင်းအချိန်များတွင် ရွာပတ်လည် စိုက်ခင်းများမှာ မြူနှင်းများ ဖုံးလွှမ်းနေတတ်ပြီး ညအချိန်များတွင် အအေးဓာတ်က စိမ့်နေသည်။

နောက်သုံးလေးရက်အကြာတွင် ရေဦးမြို့နယ်ဘက်မှ အင်အား ၁၀၀ ခန့်ပါသည့် စစ်တပ်စစ်ကြောင်းတစ်ကြောင်း ခင်ဦးနယ်အနောက်ပိုင်းကို ဝင်ရောက်လာသည်ဟု ကြားသိရသည်။ ထိုစစ်ကြောင်းမှာ ကားသုံးစီးဖြင့် မိမိတည်းခိုနေထိုင်ခဲ့ရာ ရွာဘက်ကို ဦးတည်လာသည်ဟု သိရချိန်တွင် ကျွန်တော်မှာ ခင်ဦးနယ်အရှေ့ပိုင်းကို ရောက်ရှိနေသည်။

စစ်ကြောင်းကို ခင်ဦးနယ်အနောက်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းခုခံတိုက်ခိုက်ကြသည်။ တော်လှန်ရေးအဖွဲ့များကို ဆက်သွယ်မေးမြန်းရာတွင် ရွာသူရွာသားများ ပြေးလွှားနေကြရပြီဟု သိရသည်။ ရင်းနှီးနေသည့် ရွာသန်းကျေးရွာ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး၏ အကူအညီဖြင့် ခင်ဦးနယ်အနောက်ပိုင်းသို့ လိုက်သွားဖြစ်သည်။

ဆိုင်ကယ်ဖြင့် တစ်နာရီခန့် သွားပြီးနောက် ညောင်ပင်ကြီးစုရွာ မရောက်ခင်မှာပင် ထွက်ပြေးတိမ်းရှောင်လာသူများကို လှမ်းမြင်နေရသည်။ လမ်းဘေးတစ်လျှောက် ရနိုင်သမျှ အပင်ရိပ်များအောက် နားနေကြသည်။ ရှေ့တန်းတော်လှန်ရေးအဖွဲ့များကို ဆက်သွယ်မေးမြန်းပြီး သွားလို့ရနိုင်သမျှ ရှေ့တိုးခရီးဆက်ဖြစ်ခဲ့သည်။ ရွာကြီးတစ်ရွာအစပ်တွင် တိုက်ခိုက်ရန် ပြင်နေသည့် တော်လှန်ရေးအဖွဲ့များကို မြင်ရသည်။​ ထွက်ပြေးတိမ်းရှောင်လာသူများလည်း တွေ့ရသည်။ ခရီးဆက်ခဲ့ရာ လမ်းကြောင်းပေါ်မှ  ရွာတစ်ခု ရောက်ချိန်တွင် ဘုန်းကြီးကျောင်းဝင်းအတွင်း ပုန်းခိုနေသူများ တွေ့ရပြန်သည်။​

စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်ရန် တော်လှန်ရေးအဖွဲ့များ နေရာယူထားသည့် ရှေ့တန်းခံစစ်နေရာအထိ အရောက်သွားဖြစ်ခဲ့သည်။​ ရန်သူ့ဘက်မှ လှုပ်ရှားမှုအခြေအနေ မသိရသေးပေ။ မြို့နယ်ပကဖအဖွဲ့၏ တပ်စိတ်နှင့် ခင်ဦးနယ်အနောက်ပိုင်းရှိ တော်လှန်ရေးမဟာမိတ်အဖွဲ့များ စောင့်ကြည့်နေကြသည်။ ခံစစ်ပြင်ထားရာနေရာအထိ ရောက်လာပါက တိုက်ခိုက်ကြမည်ဖြစ်သည်။

သို့သော် စစ်ကောင်စီစစ်ကြောင်း ရှေ့တိုးမလာဘဲ နောက်ပြန်လှည့်သွားခဲ့သည်။ မနီးမဝေးရှိ ရသစ်ကုန်းရွာတွင် အထိုင်ချထားသည့် စစ်သားများနှင့် ပျူစောထီးများအတွက် ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ လာရောက်ပို့ဆောင်ခြင်းသာဖြစ်သည်ဟု သိရသည်။ ထောက်ပံ့ရေးပစ္စည်းများ သယ်လာသည့် ကားများ တိုက်ခိုက်ခံရမည်စိုးသဖြင့် မြေပြင်စစ်ကြောင်း ခြံရံလိုက်ပါလာခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုနေ့က ရသစ်ကုန်းရွာသို့ ရောက်လာခဲ့သော စစ်ကောင်စီစစ်ကြောင်းမှာ ခုခံတိုက်ခိုက်ရန် ပြင်ဆင်ကာ စောင့်ကြိုနေသည့် တော်လှန်ရေးအဖွဲ့များနှင့် မထိတွေ့ခဲ့သော်လည်း ထောက်ပံ့ရေးပစ္စည်းများပို့ရမည့် ရသစ်ကုန်းရွာမရောက်ခင်ကပင် ခင်ဦးနယ်အနောက်ပိုင်းရှိ အခြားဒေသခံတော်လှန်ရေးအဖွဲ့များ၏ စောင့်ကြိုတိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ရသစ်ကုန်းရွာသို့ မရောက်မီ မိုင်အချို့အလိုမှာကတည်းကပင် တိုက်ခိုက်ခံခဲ့ကြရခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button