ဆောင်းပါး

ဘုရားကျောင်းများ မီးရှို့ခံရသည့် ခရစ္စမတ်မှာ မပျော်နိုင်ပါ

ခရစ်ယာန်ဘာသာဝင် အများအပြားရှိသည့် အနောက်နိုင်ငံများတွင်   ဒီဇင်ဘာလ၏ နောက်ဆုံးပတ်တွင် ကျရောက်သည့် ခရစ္စမတ်ပွဲတော်ကို အကြီးအကျယ် ကျင်းပလေ့ရှိသော်လည်း ကမ္ဘာ့အရှေ့ဖျား မြန်မာနိုင်ငံတွင်မူ ပူဆွေးစရာများဖြင့် ခရစ္စမတ်ပွဲတော်သည် ပျော်စရာမဟုတ်တော့ပေ။

နိုင်ငံတကာတွင် ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ  အားလပ်ရက်ရှည် ခရီးထွက်သူ အများအပြား ရှိသော်လည်း ကယားပြည်နယ် ခေါ် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ စစ်ဘေးရှောင်စခန်းတစ်ခု၏ အခန်းကျဉ်းလေးတွင် ဒေါ်အိန်ဂျယ်လာအတွက်မူ ခရစ္စမတ်ကာလတွင် ကိုယ့်ဇာတိကိုပင် မပြန်နိုင်ဘဲ အရွယ်မရောက်သေးသည့် သားငယ်နှစ်ဦးနှင့်အတူ စစ်ဘေးရှောင်နေရသည်။

ယမန်နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်က ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့သည့် တိုက်ပွဲကြောင့် စစ်ပြေးရှောင်လာကြသည့် ဒေသခံ ၃၅ ဦးတွင် ဒေါ်အိန်ဂျယ်လာ၏ ခင်ပွန်းဖြစ်သူ ဦးလွီးဇီလည်း ပါဝင်သွားခဲ့သည်။ 

ခရစ္စမတ်ကာလတွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်ခြင်းတစ်နှစ်ပြည့်  အောက်မေ့ဖွယ် အစီအစဉ်တစ်ခု အကျဉ်းချုံး လုပ်ချင်သော်လည်း အရပ်သားများကို  ပစ်ခတ်ဖမ်းဆီးနေသည့် စစ်ကောင်စီတပ်ရန်ကို ကြောက်နေရသည်ဟု ဒေါ်အိန်ဂျယ်လာက ဆိုသည်။ 

“တစ်နှစ်ပြည့်နှစ်ပတ်လည်အတွက် ကျွန်မ တစ်ခုခုလုပ်ပေးချင်တယ်။ သူဆုံးခဲ့တဲ့ နေရာကိုသွားပြီးတော့ပေါ့။ သူများတွေပြောတယ် အဲ့နေရာက အခု ခြုံတွေနွယ်တွေနဲ့ ပိတ်နေပြီတဲ့။ ဒါပေမယ့် ကျွန်မ မသွားရဲဘူး။ စစ်ကောင်စီတပ်တွေက နေရာတိုင်းမှာရှိနေတဲ့အတွက်။ ခရစ္စမတ်က ပျော်စရာမကောင်းတာ အခုဆို နှစ်နှစ်ပြည့်ပါပြီ” ဟု   ဒေါ်အိန်ဂျလာက ငိုရင်း ပြောပြသည်။

ယခုနှစ်  ခရစ္စမတ်ကာလတွင်လည်း လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံ၊ စစ်လေယာဉ်သံတို့သည် ခရစ္စမတ်သီချင်းသံများနေရာတွင် ဆက်လက် နေရာယူနေသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် အရပ်သားများ၊ စစ်ရှောင်ဒုက္ခသည်များ စီးနင်းလာသည်ကားများ မီးရှို့ခံထားရစဉ်

ကရင်နီပြည်နယ်ရှိ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ  ခရစ်ယာန်ဘာသာကို ကိုးကွယ်သူများဖြစ်ကြပြီး ယခင်က ဒေသတွင်း ခရစ္စမတ်အစီအစဥ်များကို  အခြားဘာသာဝင်များပါ ပါဝင်ဆင်နွှဲလေ့ ရှိကြသည်။

သို့သော် အရပ်သား ၄၀ ဝန်းကျင် တစ်နေရာတည်း၊ တစ်ချိန်တည်းတွင် မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် အရိပ်ဆိုးရှိနေပြီး စစ်ကောင်စီ လေတပ်ရန်ကိုလည်း ကြောက်ရွံ့နေကြရခြင်းကြောင့် လုံခြုံသည်ဟု ယူဆရသည့် နေရာတွင်ပင် ခရစ္စမတ်ပွဲတော် ကျင်းပရန် မဝံ့ရဲကြတော့ပေ။

ခရစ္စမတ်ကာလတွင် သီချင်းသံ၊ ပျော်ပွဲရွှင်ပွဲတို့အစား ပစ်ခတ်သံ၊ လေကြောင်းမှ ဗုံးကြဲမှု၊ မီးရှို့မှုတို့ ဆက်တိုက် ဖြစ်ပေါ်နေရာ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက  အန္တရာယ်သည် ခရစ္စမတ်ကာလတွင်လည်း ရောက်လာနိုင်ကြောင်း သတိပေးနေရသည် ဟု ပြောသည်။

“စစ်ဘေးရှောင်စခန်းတွေမှာလည်း ခရစ္စမတ်ပွဲကို ကြီးကြီးကျယ်ကျယ်တွေမလုပ်ဖို့ ကျွန်တော်တို့ ကြိုတင်သတိပေးထားရတယ်။ ဘာလို့လဲဆိုရင် ရန်သူရဲ့ အချိန်မရွေးဗုံးကြဲတိုက်ခိုက်ခံရနိုင်တဲ့ အကြောက်တရားအောက်မှာ နေနေရတဲ့အတွက်ရော၊ ငွေကြေးဓနအားတွေလည်း ကုန်ခမ်းလာတာကြောင့်ရော ခရစ္စမတ်ကို သိုသိုသိပ်သိပ်ပဲ ကျော်ဖြတ်ကြဖို့ စီစဉ်ထားကြပါတယ်” ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခရစ္စမတ်သည် မိသားစုဝင်များ ဆုံဆည်းကြသည့် ကာလဖြစ်သော်လည်း အာဏာသိမ်းမှုနောက်ဆက်တွဲ ပစ်ခတ်သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ အိမ်မီးရှို့မှုများကြောင့် တကွဲတပြား ဖြစ်နေကြသော၊ နေရပ်စွန့်ခွာနေရသော မိသားစု အများအပြား ရှိလာနေသည်။ နေစရာအိမ် ပြာပုံဖြစ်သွားသော မိသားစုများလည်း ရှိလာသည်။

ကရင်နီတိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုဂျေပီသည်   ခရစ္စမတ်ပွဲတော်ကာလ အေးချမ်းသည့် ဆောင်းညများတွင် ဂီတာကိုင်ကာ တစ်အိမ်တက် တစ်အိမ်ဆင်း ကျေးဇူးတော်ချီးမွမ်းခဲ့ဖူးသည်။  ယခုမူ ကိုဂျေပီ ရှေ့တန်းတစ်နေရာရောက်နေပြီး ဂီတာကိုင်ခဲ့သည့်သူ့လက်က သေနတ်ကိုင်ကာ စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်တစ်ဦးဖြစ်လာသည်။စစ်အာဏာရှင်ကို တော်လှန်ရင်း မိသားစုမစုံညီသည့် ခရစ္စမတ်ပွဲတော်ကို ဒုတိယအကြိမ်မြောက် ဖြတ်ကျော်ရဦးမည်ဟု သူကဆိုသည်။ 

“ပျော်စရာကောင်းမှာမဟုတ်တော့ပါဘူး။ မနှစ်က ခရစ္စမတ်ကတော့ မိုဆိုအဖြစ်အပျက်ဆိုးနဲ့ ကြုံခဲ့ရတဲ့အတွက် ကရင်နီအမျိုးသားတစ်ဦးအနေနဲ့ ခရစ္စမတ်ကို ဝမ်းနည်းစွာဖြတ်သန်းခဲ့ရတယ်။  ဘယ်တော့မှလည်း ပျော်စရာကောင်းမှာမဟုတ်တော့ဘူး။ စိတ်ထဲမှာ နာကြည်းချက်တွေရှိနေတဲ့အတွက် လာမယ့်ခရစ္စမတ်ကိုတော့ ထွေထွေထူးထူးကြိုဆိုဖို့ မရှိဘူး။ ဒါပေမဲ့ ယေရှုခရစ်တော် ဖွားမြင်တာကိုတော့ ရင်ထဲကတော့ ကြိုဆိုမှာပါ။ မိုဆိုကျေးရွာက စစ်တပ်ရဲ့ လူသားမျိုးနွယ်စုပေါ် ကျူးလွန်တဲ့ အဖြစ်အပျက်ဆိုးကြောင့် အာဏာမသိမ်းခင်ရခဲ့တဲ့ ခရစ္စမတ်မျိုးကို ဘယ်တော့မှ ပြန်ရမှမဟုတ်တော့ဘူး” ဟု ဂျေပီက ဆိုသည်။ 

ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ကိုဖြတ်ကာ စစ်ဘေးရှောင်နေကြရသည့် ဒုက္ခသည်များကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်

မြန်မာပြည်တောင်ပိုင်းက စစ်ဒဏ်ကို အလူးအလဲ ခံနေရသည့် ကရင်နီပြည်နယ်နည်းတူ နိုင်ငံ၏မြောက်ပိုင်းတွင်တည်ရှိသည့် ကချင်ပြည်နယ်မှ စစ်ဘေးရှောင်များသည်လည်း တိတ်ဆိတ်သည့် ခရစ္စမတ်ကာလများကို ဖြတ်သန်းနေရသည်။

မြစ်ကြီးနားမြို့နှင့် ၈ မိုင်ခန့်အကွာ  တြီနီတီ စစ်ရှောင်စခန်းမှ အမျိုးသားတစ်ဦးကလည်း   ကျေးဇူးတော်ချီးမွမ်းသည့် ဆုတောင်းပွဲငယ်များလုပ်ရန်ပင် ခက်ခဲလာသည်ဟု ဆိုသည်။ “အာဏာသိမ်းပြီးနောက် ခရစ္စမတ်ကတော့ ပိုဆိုးတယ်။ ပစ်ခတ်သံတွေက အမြဲပဲကြားနေရတာ အခုလာမည့် ခရစ္စမတ် မိသားစု ဆုတောင်းပွဲလေးတောင် အနိုင်နိုင်” ဟု သူက ပြောသည်။

ခရစ်ယာန်ဘာသာဝင် အများအပြား နေထိုင်သည့် ချင်းပြည်နယ်တွင်လည်း စစ်ကောင်စီတပ်က ခရစ်ယာန်ဘာသာရေးအဆောက်အအုံ ၃၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ချင်းဒေသ လူ့အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

ဝတ်ပြုရန်ဘုရားကျောင်း မရှိ၊ မိသားစု မစုံလင်တော့သည့် အခြေအနေတွင် ခရစ္စမတ်ပွဲတော်ကို မည်သို့ ပျော်ရမည်လဲဟု အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် စစ်ရှောင်စခန်းတစ်ခုတွင် ရောက်ရှိနေထိုင်နေသည့် ချင်းလူငယ်တစ်ဦးက မေးခွန်းထုတ်သည်။

“အရင် ခရစ္စမတ်ဆို မိသားစုနဲ့အတူအမြဲရှိခဲ့တာ။ အမြဲ ပျော်ပျော်ရွှင်ရွှင်ကျော်ဖြတ်ခဲ့ရတာ။ မိသားစုလည်း ဘာမှမရှိဘူးဆိုတော့ ခရစ္စတ်က မပျော်ရပါဘူး။ အရမ်းလည်းဝမ်းနည်းတယ်။ စိတ်လည်းနာတယ်။ ဘယ်လိုပျော်နိုင်မလဲ” ဟု သူက ဆိုသည်။

စစ်ကောင်စီတပ်က  ပြည်သူ့အိုးအိမ်ပေါင်း သောင်းနှင့်ချီကို မီးရှို့ဖျက်ဆီးခဲ့ကြသလို ဘာသာရေးအဆောက်အအုံများကိုလည်း မီးရှို့ကြရာ ကရင်နီပြည်နယ်တွင် စစ်တပ်ဖျက်ဆီးခဲ့သော ဘုရားရှိခိုးကျောင်း ၇ ခုနှင့်အထက်ရှိသည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။ဘုရားကျောင်း ဖျက်ဆီးခံရမှုကြောင့် အစားထိုးမရသည့် ဆုံးရှုံးမှုများ ရှိလာသည်ဟု ကရင်နီပြည်နယ်က အသက် ၃၅ နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“ဘုရားရှိခိုးကျောင်းကို ဖျက်ဆီးတယ်ဆိုတာ အဆောက်အအုံကို ဖျက်ဆီးတယ်လို့ပြောနိုင်ပေမယ့် ဘုရားကျောင်းရဲ့ အထောက်အထားနဲ့ သမိုင်းကြောင်းတွေဟာ မီးထဲပါသွားတာဖြစ်တဲ့အတွက် ပြန်မရနိုင်တဲ့ ဆုံးရှုံးမှုတွေပါပဲ။ ခရစ္စမတ်ကတော့ ဝတ်ပြုဆုတောင်းဖို့ ဘုရားရှိခိုးကျောင်း မရှိတော့တဲ့အတွက် ယေရှုခရစ်တော်ဖွားမြင်တဲ့နေ့ကိုတော့ ရင်ထဲနှလုံးသားထဲကနေပဲ ဆုတောင်းဝတ်ပြုပါမယ်” ဟု သူက ဆိုလိုက်သည်။

စစ်ကောင်စီတပ်များ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ငြိမ်းချမ်းရေးသခင်မ ဘုရားကျောင်း မီးရှို့ခံထားရသည်ကို ၂၀၂၁ ဇွန်လ ၉ က တွေ့ရစဉ်

Show More

Related Articles

Back to top button