သတင်း

တိုက်ပွဲဆက်နေသည့် စစ်ကိုင်း-ကချင်နယ်စပ်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

တိုက်ပွဲများဖြစ်ပွားနေသည် စစ်ကိုင်း-ကချင်နယ်စပ်တစ်လျှောက်တွင် နိုဝင်ဘာ ၂၁ မှစ၍ စစ်ကောင်စီလေတပ်က ကချင်လွတ်လပ်ရေးတပ်မတော်( KIA) နှင့် ပူးပေါင်းတပ်များ၏ လှုပ်ရှားနယ်မြေကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

နိုဝင်ဘာ ၂၂  မွန်းလွဲ ၃ နာရီခွဲခန့်တွင် အင်းတော်မြို့နယ်အနောက်ဘက် အောင်းကုန်းရွာနှင့် အင်ပင်ရွာအနီး တောထဲတွင် ဗုံးကျရောက်ပေါက်ကွဲခဲ့သည်၊ ဒေသခံများ ထိခိုက်ဒဏ်ရာရမှုမရှိဟု အင်းတော်-PDF အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“အရင်ရက်တွေက တိုက်ပွဲမှာ သူတို့ (စစ်ကောင်စီ) အထိနာထားလို့ လာကြဲတဲ့သဘောပေါ့၊ ကျွန်တော်တို့ ရှိမယ်ထင်ပြီး ကြဲတာ။ ၂၁ ရက်ကလည်း မြို့ထဲကနေ ကျွန်တော်တို့ရှိမယ်ထင်တဲ့ တောထဲကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်ကြတယ်” ဟု သူက ပြောသည်။

နိုဝင်ဘာ ၁၈ က အင်းတော်မြို့နယ်အရှေ့မြောက်ဘက် မိုင်အနည်းငယ်ခန့် ကွာသည့် နဘားကျေးရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် အယောက် ၂၀ ခန့် သေဆုံးခဲ့ကြောင်း အင်းတော်-PDF အဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာ ၁၆ တွင်လည်း ဗန်းမောက်မြို့နယ် မန်ထုံကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အလယ်တန်းအဆင့်စာသင်ကျောင်းမှ အဆောင်တစ်ခု ထိမှန်ပျက်စီးသလို အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရသွားသည်။

နိုဝင်ဘာ ၂၁ တွင်လည်း လေယာဉ်နှစ်စီးက ဗန်းမောက်မြို့နယ် ပမုံရွာသို့ လာရောက် ဗုံးကြဲခဲ့သည်ဟု အင်းတော်-PDF အဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ နယ်နိမိတ်ချင်း ထိစပ်နေသော ဗန်းမောက်၊ အင်းတော်၊ ကသာ စသည့် မြို့နယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ် အထိနာခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၁ ရက်ကလည်း ကသာမြို့နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ KIA တပ်မဟာ(၈) ဌာနချုပ်အနီးကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုအတွင်း တပ်မဟာ(၈)ဌာနချုပ်အနီးရှိ ဒါဝယ်ကျေးရွာကို ဗုံးကျပြီး ဒေသခံအချို့ ဒဏ်ရာရသည်ဟု ကသာ(ပကဖ)အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မြို့လှကနေ အထက်နည်းနည်းတက်လိုက်ရင် ကောက်ကွေ့ချောင်းအတိုင်း တက်သွားရတာပေါ့၊ အဲဒီနေရာကို လေးလုံးလောက် ကြဲသွားတယ်၊ နေရာမှားကြဲတာလည်း ဖြစ်နိုင်တယ်” ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ယခုနှစ် အောက်တိုဘာ ၂၀ က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရသော အင်းတော်မြို့နယ်၊ အောင်းကုန်းရွာမှ နေအိမ်တစ်ခု။ (ဓာတ်ပုံ- Indaw Revolution)

ယမန်နေ့ကလည်း ကသာမြို့နယ် မြောက်ဘက် မိုင် ၂၀ ခန့် အကွာတွင် ရှိသည့် မိုးတားလေးရွာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA, ကသာ(ပကဖ) အဖွဲ့နှင့် မိုးတာလေးတိုက်နယ်(ပကဖ) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးသူ ရှိနိုင်သည်ဟု ကသာ(ပကဖ) အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက‌ ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းအဆက်မပြတ်ထိုးနေသည့်အတွက် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သလို စစ်ရေးတင်းမာမှုမြင့်တက်နေသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ကချင်ပြည်နယ်အခြေစိုက် PDF များလှုပ်ရှားမှုရှိသော အင်းတော်မြို့နယ်အတွင်း ယခုနှစ် ဩဂုတ်လမှစတင်၍ စစ်ကောင်စီတပ်က ဝေဟင်မြေပြင် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ အပြင်းအထန်ဖြစ်နေသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ဖြစ်ပွားလာသည့် လက်နက်ကိုင်တော်လှန်ရေးများတွင် စစ်ကိုင်းတိုင်းက အားကောင်းလျက်ရှိသည်။

ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့် စသည့် မြို့နယ်များမှာ KIA ၏ ထောက်ပံ့ကူညီမှုများနှင့် စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button