ဆောင်းပါးလေ့လာသုံးသပ်ချက်

မင်းအောင်လှိုင်၏ ပြည်ဖျက်ခေါင်းဆောင်မှုနှင့် ပြည်တွင်းစစ်မီး၏ အဆုံးမဲ့လားရာ

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်လာသည်အထိ တိုင်းပြည်ကို စစ်အင်အားသုံး အကြမ်းဖက်ထိန်းချုပ်ရန် ကြိုးပမ်းနေရဆဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပြည်ဖျက်ခေါင်းဆောင်မှု (Destructive Leadership) ထဲတွင် နောက်ဆုံးဖြစ်ရပ်တစ်ခုမှာ ကလေးငယ်များစွာ စာသင်ကြားနေသော စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ထဲမှ စာသင်ကျောင်းတစ်ခုကို ရုရှားလုပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များက သွားရောက်ပစ်ခတ်ခြင်း ဖြစ်သည်။

အာဏာသိမ်းပြီး လပေါင်း ၂၀ အတွင်း ဥပဒေမဲ့သတ်ဖြတ်ခြင်း (Extrajudicial Killing)၊ မတရားဖမ်းဆီး ချုပ်နှောင်ခြင်း (Arbitrary Detention)၊ ညှဥ်းပန်းနှိပ်စက်ခြင်း (Torture)၊ ရပ်ရွာများကို မီးရှို့ဖျက်ဆီးခြင်းဖြင့် ပြည်သူကို ကျယ်ကျယ်ပြန်ပြန်နှင့် စနစ်တကျ တိုက်ခိုက်နေခြင်း (Widespread and systematic attack on a civilian population) တို့ကို နေ့စဉ်ကျူးလွန်လျက်ရှိသည်။

အထက်ပါ ကျူးလွန်မှုများသည် နိုင်ငံတကာဥပဒေအရ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ (Crimes against Humanity) ဖြစ်သည်။ ထိုရာဇဝတ်မှုများ၏ ကျယ်ပြန့်ပြင်းထန်မှု အတိုင်းအတာကို အောက်ပါဇယားတွင် ဖော်ပြထားသော ကိန်းဂဏန်းများက သက်သေခံနေသည်။ ထို့အပြင် ထိုကိန်းဂဏန်းများသည် နေ့စဥ်နှင့်အမျှ တိုးပွားနေသဖြင့် စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းအသီးသီးက ကမ္ဘာ့အသိုင်းအဝန်းကို အချိန်နှင့် အမျှ အသိပေးလျက်ရှိသည်။

မြန်မာနိုင်ငံ၏ လူသားကပ်ဘေးဆီ ဦးတည်နေသော အညွှန်းကိန်းများ

မင်းအောင်လှိုင်၏ ပြည်ဖျက်လုပ်ရပ်များကို စောင့်ကြည့်မှတ်တမ်းပြုစု၍ အထက်ပါ ကိန်းဂဏန်းများကို ထုတ်ပြန်ခဲ့သော ပြည်တွင်းနှင့် နိုင်ငံတကာရှိ ယုံကြည်ထိုက်သော အဖွဲ့အစည်းများမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ Data for Myanmar, ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) နှင့် ကမ္ဘာ့ဘဏ်တို့ ဖြစ်သည်။

ထိုကိန်းဂဏန်းများထဲ စစ်ကောင်စီ၏ ဥပဒေမဲ့သတ်ဖြတ်မှုများ ဆိုရာတွင် စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြကြသော ပြည်သူများကို လမ်းမများပေါ်တွင် စစ်မြေပြင်ကဲ့သို့ ပစ်ခတ်သတ်ဖြတ်မှုများ၊ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် နှိပ်စက်ညှင်းပန်း သတ်ဖြတ်မှုများနှင့် ထိုသတ်ဖြတ်မှုများကို စနစ်တကျ သက်သေဖျောက်ဖျက်မှုများ စသည့် နည်းလမ်းအမျိုးမျိုးဖြင့် ကျူးလွန်ခဲ့မှုများ ဖြစ်သည်။ ဖမ်းဆီသွားပြီး ပျောက်ဆုံးသွားသူ အများအပြားသည် ယနေ့အချိန်ထိ အသက်ရှင်နေသေးသလား၊ အသတ်ခံရပြီးလား မသိနိုင်ပါ။

AAPP သည် အထောက်အထားဖြင့် အတည်ပြုနိုင်သော စာရင်းကိုသာ ထုတ်ပြန်ခြင်းပြီး၊ နိုင်ငံအနှံ့ ဖြစ်ပွား လျက်ရှိသော တိုက်ပွဲများကြောင့် သေဆုံးရသော အတည်မပြုနိုင်သေးသည့် အရပ်သားပြည်သူဦးရေ များစွာ ကျန်ရှိနေပါသေးသည်။ ထို့အတူ ဖမ်းဆီးထိန်းသိမ်းခံရသူ ဦးရေသည် မှတ်တမ်းတင်ထားသည်ထက် ပိုမိုများပြားနိုင်ပါသည်။

ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး လူမှုကွန်ယက်စာမျက်နှာ

ထို့အတူ နိုင်ငံအနှံ့ ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ပြည်တွင်းနှင့် နယ်စပ်ဖြတ်ကျော် နေရပ်စွန့်ခွာ ထွက်ပြေး ကြရသော ပြည်သူဦးရေကို OCHA-Myanmar က မြေပြင်သို့ ကွင်းဆင်းပြုစုထားနိုင်ခြင်းမရှိဘဲ စစ်ပွဲဖြစ်ပွားရာ ဒေသအသီးသီးမှ အဖွဲ့အစည်းအသီးသီး၏ ထုတ်ပြန်ချက်များကိုသာ အခြေခံထားသဖြင့် အမှန်တကယ် နေရပ်စွန့်ခွာထွက်ပြေးနေရသူဦးရေ ပို၍များနိုင်ပါသည်။

စစ်တပ်ကို လက်နက်စွဲကိုင် တိုက်ခိုက်နေသော PDFs များသည် ပြည်သူများဖြစ်နေသည်ကို သိရှိထားသော စစ်တပ်သည် ၎င်းတို့နေထိုင်သော မြို့ရွာများကို မီးရှို့ရှင်းလင်းသော စစ်နည်းဗျူဟာကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေရာ ကျေးရွာ/ဒေသပေါင်း ၆၄၅ နေရာက အိမ်ခြေပေါင်း သုံးသောင်းနီးပါးကို မီးရှို့ဖျက်ဆီးခဲ့မှုကိုသာ Data for Myanmar က မှတ်တမ်းတင်နိုင်သေးပြီး၊ ထိုအရေအတွက်ထက် များပြားသော ဖြစ်ရပ်များ မြေပြင်တွင် ဖြစ်ပွားလျက်ရှိနေနိုင်ပါသည်။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခု နိုင်ငံရေးအပြောင်းအလဲများကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရလဒ်များသည် လွန်ခဲ့သော ၂ နှစ်အတွင်း ပျောက်ဆုံးသွားခဲ့ပြီဟု ကမ္ဘာ့ဘဏ်က အစီရင်ခံစာ ထုတ်ပြန်ထားသည်။ ရလဒ်အနေဖြင့် နိုင်ငံ၏ လူဦးရေ ထက်ဝက်နီးပါး ဆင်းရဲနွမ်းပါးသွားခဲ့ပြီ ဖြစ်သည်။

တစ်နည်းပြောရလျှင် နိုင်ငံလူဦးရေ ၅၄ သန်းကျော်၏ ၄၃ ရာခိုင်နှုန်း (၂၃.၂၂ သန်း) သည် ဆင်းရဲနွမ်းပါးမှု အမှတ် (လူတစ်ဦးလျှင် တစ်ရက်ဝင်ငွေ ၁၅၉၀ ကျပ်) အောက် ရောက်ရှိသွားပြီ၊ စစ်အာဏာသိမ်းမှုကြောင့် ဆင်းရဲ နွမ်းပါးသူဦးရေ တိုးပွားမှုသည် ၄၃ ရာခိုင်နှုန်းထဲမှ ၁၀ ရာခိုင်နှုန်း (၅.၄ သန်း) ဖြစ်သည်။

စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်နေသဖြင့် စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေစဉ်။ (ဓာတ်ပုံ – ပေးပို့)

အထက်ဖော်ပြပါ လူတစါဦး၏ တစါရက်ဝင်ငွေ စံနှုန်းသတ်မှတ်ချက်သည် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်း တိုင်းတာသည့် ကမ္ဘာဘဏ်၏ စံသတ်မှတ်ချက်ဖြစ်ပြီး၊ လတ်တလောဖြစ်ပွားနေသော မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေခြင်းနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်း အဆမတန်မြင့်တက်နေခြင်း ဂယက်ကြောင့် လူမှုစီးပွားအဆောက်အအုံတစါခုလုံး ပြိုဆင်းလာနေသော အန္တရာယ်အကျိုးဆက်ကို မဝေးလှသော ရှေ့ကာလများတွင် ကြုံတွေ့လာရနိုင်ပါသည်။

နယ်မြေ အစိတ်အပိုင်းတစ်ခုကိုသာ ထိန်းချုပ်နိုင်တော့သည့် မင်းအောင်လှိုင်

“အရေးပေါ်အခြေအနေ” ကြေညာပြီး အာဏာသိမ်းချိန်တွင် တိုင်းပြည် တည်ငြိမ်အေးချမ်းလျက်ရှိသည်။ အာဏာသိမ်းမှ တည်ငြိမ်မှုပျက်ပြားပြီး ပြည်တွင်းစစ်မီး တောက်လောင်စေခဲ့သူမှာ မင်းအောင်လှိုင် ဖြစ်သည်။

အာဏာမသိမ်းမီ ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်များတွင်သာ တိုက်ပွဲများ မကြခဏဖြစ်ပွားလေ့ရှိပြီး၊ ရှမ်းပြည်နယ် တိုက်ပွဲများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းဖြစ်ပွားသော တိုက်ပွဲများ ဖြစ်သည်။ ကရင်နီ၊ ကရင်နှင့် ချင်းပြည်နယ်များတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) ရှိသော်လည်း၊ စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် နိုင်ငံရေး အဖြေရှာရန်ကိုသာ ကြိုးပမ်းခဲ့ကြသည်။

အာဏာသိမ်းခြင်းသည် စစ်တပ်၏ လက်နက်အားကိုး အနိုင်ကျင့်ဗိုလ်ကျသည့် လုပ်ရပ်ဟု ပြည်သူတစ်ရပ်လုံးက ခံစားခဲ့ရပြီး၊ ထိုခံစားချက်ဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ရုန်းကန်တိုက်ပွဲဝင်လာသော ERO များသည် ပြည်သူများ ၏ ခံစားချက်ကို ချက်ချင်းထပ်တူ နားလည်နိုင်ခဲ့သည်။

ထို့ကြောင့် ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်း EROs များသည် ပြည်သူ့ခုခံစစ်ကို အားပေးထောက်ခံ ကူညီခဲ့ကြပြီး၊ ၎င်းတို့ ဒေသများတွင် စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။ အထူးခြားဆုံးမှာ လက်နက်ကိုင်အဖွဲ့များ လုံးဝမရှိဘဲ တည်ငြိမ်အေးချမ်းမှု အပြည့်အဝရှိခဲ့သော စစ်ကိုင်းနှင့် မကွေတိုင်းဒေသကြီးတို့သည် စစ်တပ်၏ စိုးမိုးထိန်းချုပ်မှု အပြည့်အဝရှိနေရာမှာ ထိုဒေသရှိ ပြည်သူ့ခုခံစစ် အရှိန်အဟုန်ကြီးမားမှုကြောင့် စစ်တပ် ဆုံးရှုံးလက်လွှတ်ရသော နယ်မြေများ ဖြစ်လာသည်။

ဩဂုတ်လအတွင်းက စစ်ကိုင်းတိုင်းအတွင်း ဇာတိရွာတွင် မီးရှို့ဖျက်ဆီးခံထားရသည့် မိဘများ နေအိမ်ကို ကြည့်ရှုနေသည့် ရဟန်းတစ်ပါး။ (ဓာတ်ပုံ – ပေးပို့)

အာဏာသိမ်းပြီး ကာလတစ်လျှောက် ငြိမ်သက်ခဲ့သော ရခိုင်ပြည်နယ်တွင် ရက္ခိုင်တပ်တော်နှင့် စစ်တပ်အကြား မြောက်ပိုင်းတွင် တိုက်ပွဲများ အသစ်တဖန် ပြင်းထန်စွာ ပေါ်ပေါက်လာခဲ့သည်။ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်း ဒေသကြီးအတွင်း မကျယ်ပြန့်သေးသော်လည်း PDFs များက စစ်တပ်ကို စိန်ခေါ်သည့် ခပ်စိပ်စပ် တိုက်ပွဲများ တွေ့မြင်လာရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုအနက် ၉ ခုတွင် ပြည်တွင်းစစ်မီး ကျယ်ပြန့်လာနေသည်မှာ အထင်အရှား တွေ့နေရသည်။ မင်းအောင်လှိုင်သည် စစ်မျက်နှာပေါင်းများစွာနှင့် ရင်ဆိုင်တိုက်ခိုက်နေရသည်မှာ လပေါင်း ၂၀ ကြာလာချိန်တွင် စစ်ရှုံးနိမ့်မှုများနှင့်သာ ကြုံတွေ့နေရပြီး၊ စစ်တပ်ထိန်းချုပ်နိုင်သော နယ်မြေ တဖြည်းဖြည်း နည်းပါးလာသည်ကို နိုင်ငံတကာ က တွေ့မြင်လာ ရသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (Special Advisory Council – Myanmar) က စက်တင်ဘာ ၅ တွင် အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာက မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များ နယ်မြေထိန်းချုပ်နိုင်မှု အမျိုးအစား (၈) မျိုး ခွဲခြားထားသည်ကို အောက်ပါဇယားတွင် တွေ့နိုင်ပါသည်။

SAC-M က ထုတ်ပြန်ခဲ့သော အောက်ဖော်ပြပါဇယားထဲမှ ထိန်းချုပ်နယ်မြေ အရေအတွက်နှင့် ရာခိုင်နှုန်းများ အပေါ် မတူညီသော အမြင်များ ရှိနိုင်ပါသည်။ သို့သော် မငြင်းနိုင်သော အချက်မှာ အပြန်အလှန်ထိန်းချုပ်ရန် ကြိုးစားနေသော နယ်မြေများ (Contested Land Areas) သို့မဟုတ် အစိုးရတစ်ရပ်၏ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားများ ကောင်းစွာလည်ပတ်နိုင်ခြင်း မရှိတော့သည့် နယ်မြေများသည် ယခင် ဆယ်စုနှစ်များစွာက ကြုံ တွေ့ဖူးခြင်းမရှိလောက်အောင် ကျယ်ပြန့်ရှုပ်ထွေးလာပြီ ဆိုသည့်အချက် ဖြစ်သည်။

ကျယ်ပြန့်လာနေသော ပြည်တွင်းစစ်မီး အဆုံးမဲ့လားရာ

လတ်တလော အာဏာသိမ်းစစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်မှု အများဆုံးဒေသများမှာ ကရင်၊ ကရင်နီ၊ ချင်း၊ စစ်ကိုင်းနှင့် မကွေး ဒေသများဖြစ်ပြီး၊ ထိုဒေသများရှိ နယ်မြေများကို စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်နိုင်ရေး အပြန်အလှန် ကြိုးစားသည့် အခြေအနေဖြစ်သည်။

ထိုဒေသများ၏ တိုက်ပွဲဖြစ်ပွားမှုအခြေအနေအမျိုးမျိုးကို ခွဲခြားပြသထားသော မြေပုံကို SAC-M အစီရင်ခံစာက ဖော်ပြထားပြီး၊ ထိုမြေပုံကို သေချာဖတ်ရှုလေ့လာမည်ဆိုလျှင် အနိမ့်ဆုံး ကောက်ချက်ဆွဲနိုင်သည့် အချက်မှာ မည်သူက မည်မျှနယ်မြေထိန်းချုပ်နိုင်နေ ပြီဆိုသည်ထက် နိုင်ငံအနှံ့ ပြည်တွင်းစစ်မီး မည်မျှကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပါသည်။

ပြည်တွင်းစစ်မီး ကျယ်ပြန့်လာရသည့် အကြောင်းမှာ မင်းအောင်လှိုင်သည် ERO များကို အခွင့်အရေးပေးပြီး ဆွဲဆောင်မည်ဆိုပါက PDFs များကို အကူအညီမပေးရန် ခွဲထုတ်နိုင်မည် ဆိုသည့် တွက်ကိန်းဖြင့် ယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု စည်းရုံးခဲ့သည်။

သို့သော် စစ်အာဏာသိမ်းမှု နောက်ပိုင်း ပေါ်ပေါက်လာသော လက်နက်စွဲကိုင် တော်လှန်နေကြသည့် PDFs အဖွဲ့များကို “အကြမ်းဖက်သမားများ” ဖြစ်၍ ဆွေးနွေးညှိနှိုင်းမှု မလုပ်ဘဲ အပြတ်ချေမှုန်းသွားမည်ဟု ကျိန်းဝါး ထားသည်။

PDFs များ၏ ဇစ်မြစ်သည် မင်းအောင်လှိုင်၏ လက်နက်အားကိုး အနိုင်ကျင့်ဗိုလ်ကျ အာဏာသိမ်းမှုကို မခံနိုင်သဖြင့် ဆန့်ကျင်သော ပြည်သူများ ရရာလက်နက်စွဲကိုင်ခုခံရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ PDFs ကို အမြစ်ဖြတ်ချေမှုန်းရန် ကြိမ်းဝါးနေသော မင်းအောင်လှိုင်နှင့် ပူးပေါင်းခြင်းသည် ကိုယ့်ပြည်သူကိုသတ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သည်။

ထို့ကြောင့် ယနေ့အချိန်ထိ ပြည်သူနှင့်အတူ ရပ်တည်နေသော EROs များသာမက မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို လက်ခံပြီး၊ နေပြည်တော်သို့ သွားရောက်ဆွေးနွေးခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါ မင်းအောင်လှိုင်အလိုကျ PDFs များကို တိုက်ခိုက်ခြင်း မရှိသည်ကို လေ့လာတွေ့ရှိရသည်။

ထို့ကြောင့် EROs နှင့် PDFs များအကြား အင်အားစုစည်းမသွားစေရန် သွေးခွဲသည့် မင်းအောင်လှိုင်၏ စစ်နည်းဗျူဟာသည် မအောင်မြင်ဘဲ၊ တိုင်းပြည်တွင် ပြည်တွင်းစစ်မီး ပို၍ ကျယ်ပြန့်နေပြီ အဆုံးမဲ့လားရာသို့ ဦးတည်နေခြင်းမှာ မြေပြင်ပကတိ အခြေအနေ ဖြစ်သည်။

စစ်တပ်သည် နိုင်ငံကိုကာကွယ်သောလက်နက်ကိုင်တပ် အဖြစ်မှ အကြမ်းဖက်အုပ်စုအဖြစ် အသွင်ပြောင်းသွား ခြင်းမှာ မင်းအောင်လှိုင်၏ ပြည်ဖျက်ခေါင်းဆောင်မှုကြောင့် ဖြစ်သည်။ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မည့် နည်းလမ်းမှာ မင်းအောင်လှိုင်၏ ထိုပြည်ဖျက်ခေါင်းဆောင်မှုကို အဆုံးသတ်ခြင်းမှတစ်ပါး အခြားမရှိပြီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button