
“ငြိမ်းချမ်းရေးကို လိုချင်ရင် ဒီအခမ်းအနားကို လာတက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလို့ရအောင် လမ်းခင်းဖို့ လိုပါတယ်။ အမုန်းတရားတွေ ဖြစ်နေပြီး လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်နစ်နာဖို့ပဲ ရှိတယ်။ ကျွန်တော်တို့ကတော့ moving forward ပဲ၊ ရှေ့ကို သွားမှာပဲ။ ရသလောက် ကျွန်တော် လုပ်သွားမှာပဲ၊ ရအောင်လုပ်သွားမယ်”
အထက်ပါစကားများကို စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့သော စစ်ကောင်စီအစည်းအဝေး (၄/၂၀၂၃) တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုစကား၏ အသွားအလာအရ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေး ကမ်းလှမ်းသလိုလိုနှင့် “ငြိမ်းချမ်းရေးမလိုချင်ရင် အပြတ်ချေမှုန်းပစ်မယ်” ဟု ကြုံးဝါးသံမျိုး ပါဝင်နေခြင်းကို သတိပြုမိပါသည်။
ထိုသို့ ပြောဆိုပြီး ၁၁ ရက်အကြာ၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့/ တပ်မတော် (KIO/KIA) ဌာနချုပ်တည်ရှိရာ တရုတ်နယ်စပ်အနီး လိုင်ဇာဒေသရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းတွင် ကချင်စစ်ရှောင်ဒုက္ခသည် အရပ်သားပြည်သူများ အိပ်မောကျနေစဉ် ညသန်းခေါင်းယံအချိန်တွင် ဖျက်အားပြင်းလက်နက်များနှင့် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၁ ဦးအပါအဝင် အပြစ်မဲ့ စစ်ဘေးရှောင် ၂၉ ဦး သေဆုံးခဲ့ပြီး ၅၇ ဦးထက်မနည်း ဒဏ်ရာခဲ့သည်။
ထိုဖြစ်ရပ်သည် အာဏာသိမ်းပြီးနောက် ကချင်ပြည်သူများအပေါ် မင်းအောင်လှိုင် ကျူးလွန်ခဲ့သည့် ဒုတိယအကြိမ် အစုအပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်သည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်းတွင် “အနန့်ပါ အစုအပြုံလိုက် သတ်ဖြတ်မှုကြီး” ကို မင်းအောင်လှိုင် ကျူးလွန်ခဲ့သည်။

ထိုစဉ်က ဖားကန့်မြို့၊ ကံဆီးကျေးရွာအနီး အနန့်ပါအရပ်တွင် KIO ဖွဲ့စည်းတည်ထောင်မှု နှစ်ပတ်လည်နေ့ အကြိုနေ့ တေးဂီတဖျော်ဖြေပွဲကို ကချင်အရပ်သားပြည်သူများ ပါဝင်ဆင်နွှဲနေချိန်၊ စစ်ရေးပစ်မှတ်မဟုတ်မှန်း ကြိုတင်သိရှိပါလျက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၈၀ ဝန်းကျင် သေဆုံးခဲ့သည်။
မင်းအောင်လှိုင်သည် ယခုရက်ပိုင်းအတွင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ကို နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပသွားမည်ဟု တစ်ဖက်က လေလုံးထွားပြီး၊ သူ့လောက် ငြိမ်းချမ်းရေးကို လိုလားသူ မရှိသယောင် ပြောဆိုနေသော်လည်း၊ အာဏာသိမ်းမှု ကျူးလွန်ခဲ့ကတည်းက ၎င်း၏ အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်ရပ်များက သက်သေအများအပြားရှိနေပြီး၊ ယခုနောက်ဆုံး “မုန်လိုင်ခက် အစုအပြုံလိုက် လူသတ်မှု” ဖြင့် ၎င်း၏ဇာတိရုပ်ကို ထပ်မံဖော်ပြလိုက်ခြင်း ဖြစ်သည်။
လူသတ်ပြပြီး ငြိမ်းချမ်းရေးစကား ပြော၍ မရနိုင်ပါ။ စစ်မိစ္ဆာဘီလူးခေါင်းကို ငြိမ်းချမ်းရေးမင်းသား ခေါင်းစွပ်ပြပြီး လှည့်စားနေသော မင်းအောင်လှိုင်၏ သရုပ်မှန်ကို သိမြင်ပြီး၊ NCA ဗန်းပြပြီး မင်းအောင်လှိုင်နှင့် ပူးပေါင်းနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်အားလုံးသည် ၎င်းတို့၏ လုပ်ရပ်နှင့် ရပ်တည်ချက်ကို ပြန်လည်စဉ်းစားဆင်ခြင်သင့်ပြီး ကချင်ပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသရန် အချိန်ရောက်ပြီ ဖြစ်သည်။
ငြိမ်းချမ်းရေးဗန်းပြ စစ်မိစ္ဆာမင်းအောင်လှိုင်နှင့် ဆွေးနွေးနေခြင်းဖြင့် နောက်ဆက်တွဲ ရရှိလာမည့်အရာမှာ ဂုဏ်သိက္ခာရှိသော ဖက်ဒရယ်နိုင်ငံရေးစနစ်နှင့် တိုင်းရင်းသားတန်းတူအခွင့်အရေး မဟုတ်ဘဲ၊ မင်းအောင်လှိုင် ပေးကမ်းသည့် အောက်တန်းစား လုပ်ပိုင်ခွင့်အာဏာနှင့် ဒေသစီးပွားရေးကို လက်ဝါးကြီးအုပ်ခွင့် အခွင့်အလမ်းများသာ ဖြစ်ပါလိမ့်မည်။
ထိုမင်းအောင်လှိုင်ထံမှ နို့သက်ခံအာဏာနှင့် စီးပွားရေးအခွင့်အလမ်းအမျိုးမျိုး ရလိုရငြား မျှော်ကိုးချက်ဖြင့် ၎င်းနှင့် ဆက်လက်ပူးပေါင်းနေလျှင်၊ ၎င်းတို့ကိုယ်စားပြုပါသည်ဟု ပြောနေသော တိုင်းရင်းသားပြည်သူများအတွက် မဟုတ်ဘဲ၊ လက်နက်ကိုင်အဖွဲ့တစ်ခု၏ ကိုယ်ကျိုးရှာလုပ်ရပ်သာ ဖြစ်ပေလိမ့်မည်။

NCA စာချုပ်ကို ဖျက်ဆီးခဲ့သူ မင်းအောင်လှိုင်
“တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်” ကို NCA ဟု အတိုကောက်အခေါ်အဝေါ်ဖြင့် လူသိများကြပြီး၊ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နှင့် ထိုစဉ်က ဦးသိန်းစိန်အစိုးရအကြား လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပါသည်။ အဆိုပါ ၈ ဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) လည်း ပါဝင်သည်။
KNU သည် စစ်တပ်နှင့် လွယ်လွယ် အပစ်အခတ်ရပ်စဲခဲ့ခြင်းမဟုတ်သလို၊ တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် နိုင်ငံရေးဂုဏ်သိက္ခာရှိရှိ အလေးထားရပ်တည်လာခဲ့သော အဖွဲ့အစည်းအဖြစ် သမိုင်းတစ်လျှောက် ထင်ရှားသည်။ အဆိုပါ KNU အဖွဲ့ကိုယ်တိုင် ယခုအခါ NCA ကို စစ်တပ်က နင်းချေဖျက်ဆီးပစ်ခဲ့ပြီဟု တရားဝင် ထုတ်ဖော်ပြောဆိုလာပြီ ဖြစ်သည်။
ဩဂုတ်လ ၁၀ ရက်နေ့တွင် “First 100 Days: KNU in New Era” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် KNU ၏ လက်ရှိအထွေထွေအတွင်းရေးမှူးချုပ် ဖဒိုစောတာဒိုမူးက “NCA နဲ့ ပတ်သက်လို့ ကျွန်တော်တို့ လိုက်နာစရာအကြောင်းမရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း (၁) “အခြေခံမူ” ကို နင်းချေဖျက်ဆီးလိုက်တာက စစ်တပ်ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
သို့ဖြစ်ရာ NCA ၏ အခန်း (၁) အခြေခံမူများတွင် ဖော်ပြထားသော “နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ပြီး၊ လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင်ရွက်ရန်” ဟု အတိအလင်းဖော်ပြထားသည်။
အဆိုပါ ပြောဆိုချက်ကို ဖဒိုတာဒိုမူးအနေဖြင့် လက်လွတ်စပယ် ပြောခဲ့ခြင်းမဟုတ်ပေ။ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရ စတင်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစပိုင်းမှ NCA စာချုပ် ပေါ်ပေါက်လာခဲ့သည်အထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံး ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံအထိ ပြည်ထောင်စုသဘောတူစာချုပ်များ အပိုင်းလိုက် ချုပ်ဆိုမှုများတွင် နက်နက်ရှိုင်းရှိုင်းပါဝင်ခဲ့သော KNU ၏ NCA စာချုပ်အပေါ် တရားဝင်ရပ်တည်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအရပ်သားအစိုးရထံမှ နိုင်ငံတော်အာဏာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ရေးနည်းလမ်းဖြင့် အင်အားသုံး အတင်းအဓမ္မလုယူခဲ့သော မင်းအောင်လှိုင်သည် ၂၀၀၈ ခြေ/ဥကို ချိုးဖောက်ခဲ့သလို၊ NCA ၏ အနှစ်သာရကိုလည်း ဖျက်ဆီးခဲ့သူဖြစ်သည်။
ထိုအချက်ကို မသိချင်ဟန်ဆောင်ပြီး မင်းအောင်လှိုင်အလိုကျ စစ်တပ်က NCA အခြေခံမူများကို ဖောက်ဖျက် ကျူးလွန်သည်ဟု လူသိထင်ရှား ထုတ်ဖော်ပြောဆိုရဲခြင်းမရှိဘဲ၊ စစ်အာဏာသိမ်းမှုကို သွယ်ဝိုက် အားပေးနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှိနေသေးသည်။ ထို့ပြင် NCA စာချုပ် အခန်း (၃) ပါ “အရပ်သားများကို အကာအကွယ်ပေးခြင်း” ခေါင်းစဉ်အောက်တွင် အချက် (၁၇) ချက်ရှိရာ ထိုအချက်အားလုံးနီးပါးကို အာဏာသိမ်းပြီးချိန်မှစ၍ မင်းအောင်လှိုင်နှင့် စစ်တပ်က နေ့စဉ် ချိုးဖောက်လျက်ရှိသည်ကို တွေ့ရမည် ဖြစ်သည်။ အဆိုပါ အချက် ၁၇ ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

နိုင်ငံတော်ကို ကိုယ်ပိုင်ပစ္စည်းသဖွယ် သိမ်းပိုက်ထားသော သန္ဓေမမှန် စစ်ဗိုလ်တစ်သိုက်
မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်အာဏာရှင်အဆက်ဆက်၏ စရိုက်လက္ခဏာကို လေ့လာမည်ဆိုလျှင်၊ စစ်ဗိုလ်တစ်သိုက်၏ သန္ဓေမမှန်သော စိတ်ကြီးဝင်ရောဂါ စွဲကပ်လျက်ရှိသည်ကို တွေ့ရမည် ဖြစ်သည်။
စစ်ခေါင်းဆောင်များသည် နိုင်ငံတော်ကို ၎င်းတို့၏ အမွေရ ကိုယ်ပိုင်ပစ္စည်းဥစ္စာသဖွယ် စိတ်တိုင်းကျ ပြုမူလာခဲ့ကြပြီး၊ နိုင်ငံ၏ ဥပဒေများနှင့် စာချုပ်များကို ၎င်းတို့က ဖန်တီးသူ၊ ပြည်သူများက လိုက်နာရမည့်သူ၊ လိုအပ်လျှင် ထိုဥပဒေများကို ပြင်ဆင်လိုက ပြင်၊ ဖျက်လိုက ဖျက်ကြသည်၊ လိုက်နာရန်မှာမူ ၎င်းတို့၏အလုပ်ဟု မထင်ကြပေ။
အဆိုပါ သန္ဓေမမှန် စိတ်ရောဂါကို အောက်တိုဘာလ ၇ ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာ “မြန်မာ့အလင်း” တွင် ဆောင်းပါးရှင် “မိုးမြင့်” အမည်ဖြင့် ရေးထားသော “ငြိမ်းချမ်းရေးတံခါး ဆက်ပြီး ဖွင့်ထားဆဲပါ” ဆောင်းပါးတွင် အထင်အရှားတွေ့မြင်ရမည် ဖြစ်သည်။
ဆောင်းပါးအဖွင့်၌ပင် “ခေတ်အဆက်ဆက် နိုင်ငံရေးအယူဝါဒအမျိုးမျိုး ကွဲခဲ့ကြ၍ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစပြီး နိုင်ငံရေးဖြေလျှော့မှုများ ပေးခဲ့သည်။ တစ်ပါတီစနစ်မှ ပါတီစုံ၊ ဆိုရှယ်လစ်စနစ်မှ ဒီမိုကရေစီစနစ်သို့ တပ်မတော်ခင်းပေးသည့်လမ်းအတိုင်း လျှောက်ခဲ့ကြသည် မဟုတ်ပါလား” အစချီ ရေးသားထားရာ မြန်မာနိုင်ငံတော်ကြီးကို စစ်ဗိုလ်စစ်သားများကသာ ပိုင်ဆိုင်သည်ဆိုသော သန္ဓေမမှန် စိတ်ရောဂါကို၊ ထိုဆောင်းပါးတွင် လတ်လတ်ဆတ်ဆတ် ထပ်မံတွေ့မြင်ရခြင်း ဖြစ်သည်။
စစ်အာဏာရှင်များသည် ၎င်းတို့၏ အဇ္ဈတ္တစိတ်ပုံသဏ္ဌာန်တွင် ဖြစ်ပေါ်နေသော အချင်းအရာများကို ယခုကဲ့သို့ ဝါဒဖြန့်သတင်းစာများတွင် အမည်ဝှက်အမျိုးမျိုးဖြင့် ရေးသားလျက် ပြည်သူကို အသိပေးတတ်ပုံကို လွန်ခဲ့သော အာဏာရှင်ဟောင်းသန်းရွှေလက်ထက် ၂၂ နှစ်လုံးလုံး မြန်မာပြည်သူများ လေ့လာသိရှိခဲ့ပြီး ဖြစ်သည်။
ယခုလည်း NCA ၈ နှစ်ပြည့် အကြိုကာလတွင် ဆောင်းပါးအမျိုးမျိုးဖြင့် ၎င်းတို့၏ အတွင်းစိတ်သဏ္ဌာန်ကို ဖော်ပြလျက်ရှိသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တချို့သည် ၎င်းတို့လိုလားမျှော်မှန်းနေသော ဖက်ဒရယ်နိုင်ငံရေးစနစ်မျိုးကို မင်းအောင်လှိုင်နှင့် ပေါင်းဖက်နေသရွေ့ မည်သည့်အခါမျှ ရရှိမည်မဟုတ်ကြောင်း သဘောပေါက်ချိန်တန်ပြီ ဖြစ်သည်။

ကျားနာ မင်းအောင်လှိုင်တွင် နိုင်ငံရေးအဖြေမရှိ၊ ရက်စက်ယုတ်မာမှုများသာ ရှိ
မအောင်မြင်သော အာဏာသိမ်းမှုနှင့်အတူ ပြည်သူတစ်ရပ်လုံး၏ အမုန်းတရား မြားချက်ပေါင်း သန်းနှင့်ချီ စူးနစ်နေသော မင်းအောင်လှိုင်ကို လေ့လာလျှင် အာဏာလက်မလွှတ်ရရေး ဘာမဆို ရက်စက်ယုတ်မာစွာ လုပ်မည့်လက္ခဏာများ မြင်နေရပြီ ဖြစ်သည်။ ကျားနာတစ်ကောင်၏ သွေးရူးသွေးတန်း ရန်မူသော လုပ်ရပ်မျိုးကဲ့သို့ လုပ်လာပေတော့မည်။
ပြည်သူတို့၏ လက်နက်ကိုင်တော်လှန်ရေးကို အလွယ်တကူဖြင့် နှိမ်နှင်းနိုင်လိမ့်မည်ဟု အထင်ရှိခဲ့သော မင်းအောင်လှိုင်သည် လွန်ခဲ့သော ၂ နှစ်ခွဲကျော်လုံးလုံး အထင်နှင့်အမြင် လုံးဝခြားနားစွာ နိုင်ငံအနှံ့ ပြည်သူ့တော်လှန်စစ်များတွင် ရှုံးနိမ့်ခြင်းနှင့်သာ ရင်ဆိုင်ခဲ့ရသည်။
စစ်ခေါင်းဆောင်တစ်ဦး၏ ဦးဆောင်နိုင်စွမ်း အရည်အချင်းမဲ့မှုက တစ်နေ့တခြား ထင်ရှားလာရာ စစ်အုပ်စုအတွင်း၌ပင် လေးစားထိုက်သောဂုဏ်ရည် ကင်းမဲ့သည့် စစ်ဗိုလ်တစ်ယောက်အဖြစ် အဆင့်အတန်းကျဆင်းနေသည်။
ထို့ကြောင့် ၎င်း၏အမိန့်ကို အာခံမှုများ စစ်တပ်အတွင်း တစ်နေ့တခြား များပြားလာနေပြီး၊ တိုင်းမှူး တပ်မမှူး အဆင့်မှသည် စစ်ကောင်စီအဖွဲ့ဝင် ထိပ်တန်းဗိုလ်ချုပ်ကြီးများအဆင့်ထိ ဖြုတ်-ထုတ်-ရှင်း နေရပြီ ဖြစ်သည်။
၎င်း၏ သန္ဓေမမှန်သော အပြုအမူမှာ အပြစ်မဲ့ပြည်သူများ အိပ်မောကျနေချိန် ညသန်းခေါင်းယံအချိန်တွင် ပြည်ပကျူးကျော်စစ်မှသာ အသုံးပြုရသော လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ယင်းသို့ အစုအပြုံလိုက်သတ်ဖြတ်မှုမျိုး အကြိမ်ကြိမ်ကျူးလွန်ခြင်းဖြင့် အစုအပြုံလိုက်သတ်ဖြတ်ခြင်းကို ပျော်မွေ့နေသူ ဖြစ်နေပြီ ဖြစ်သည်။
မင်းအောင်လှိုင်သည် ကိုယ့်ပြည်သူများကို မြိန်ရေရှက်ရေသတ်ဖြတ်နေသော ကမ္ဘာ့ကြောက်စရာအကောင်းဆုံး စစ်ရာဇဝတ်ကောင်တစ်ဦးသာ ဖြစ်သည်။ ငြိမ်းချမ်းရေးခေါင်းဆောင်တစ်ဦးမဟုတ်သည်က လွန်စွာသေချာပေသည်။
လူသတ်လက်နှင့် ငြိမ်ချမ်းရေး တည်ဆောက်၍ မရပါ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)