အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အာဆီယံအတွင်း ထူးခြားသည့် ပထမဆုံးခြေလှမ်းအဖြစ် စစ်ကော်မရှင်ကိုတီမောနိုင်ငံက စစ်ရာဇဝတ်မှုဖြင့် တရားစွဲရန်ပြင်ဆင် 

အာဆီယံ၏ နောက်ဆုံး အဖွဲ့ဝင်နိုင်ငံဖြစ်လာမည့် တီမောလက်စ်တေနိုင်ငံ၏ ထိုသို့တရားစွဲဆိုခြင်းသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက အခြားအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ပထမဆုံးတရားစွဲမည့် အမှုဖြစ်လာသည်။

မြန်မာစစ်ကော်မရှင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် တရားစွဲဆိုရန် တီမောလက်စ်တေနိုင်ငံမှ တရားရေးဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းစဉ်များ စတင်လိုက်သည်။

အာဆီယံ၏ နောက်ဆုံး အဖွဲ့ဝင်နိုင်ငံဖြစ်လာမည့် တီမောလက်စ်တေနိုင်ငံ၏ ထိုသို့တရားစွဲဆိုခြင်းသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက အခြားအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ပထမဆုံးတရားစွဲမည့် အမှုဖြစ်လာသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အချက်အလက်များ စုဆောင်းနေသည့် မြန်မာနိုင်ငံအနောက်ပိုင်းမှ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)သည် လွန်ခဲ့သော နှစ်ပတ်ခန့်တွင် တီမောလက်စ်တေ မြို့တော် ဒီလီတွင် မြန်မာစစ်ကော်မရှင်၏ ရာဇဝတ်မှုဆိုင်ရာ မှတ်တမ်းများကို တင်သွင်းခဲ့သည်။ ထို့နောက် ထိုရာဇဝတ်မှုဆိုင်ရာ မှတ်တမ်းများကို ပြန်လည်သုံးသပ်ရန် အကြီးတန်း အစိုးရရှေ့နေတစ်ဦးကို တီမောလက်စ်တေက ခန့်အပ်လိုက်သည်။

 “ဒါဟာ ချင်းလူမျိုးတွေနဲ့ မြန်မာပြည်သူအားလုံးအတွက် တရားမျှတမှုဆီ ဦးတည်တဲ့ သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ခုပါပဲ” ဟု CHRO ၏ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်က ပြောသည်။ လွတ်လပ်ရေးအတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြသည့် တီမောလက်စ်တေနိုင်ငံသားများ၏ နက်ရှိုင်းသည့် စာနာနားလည်မှုကိုလည်း ဆလိုင်းဇအုပ်က ကြိုဆိုခဲ့သည်။

မကြာသေးမီက ပြုလုပ်ခဲ့သော မြန်မာစစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် ‘အတုအယောင်’ သာဖြစ်ကြောင်း အတိုက်အခံများနှင့် ဝေဖန်သူများက ကန့်ကွက်နေကြပြီး နိုင်ငံတကာကလည်း  ပြစ်တင်ရှုတ်ချမှုများ မြင့်တက်နေချိန် တီမောလက်စ်တေက ယခုကဲ့သို့ ဆောင်ရွက်လာခြင်းဖြစ်သည်။

အာဆီယံသည် စစ်ကော်မရှင်၏ ရွေးကောက်ပွဲများသို့ လေ့လာသူများ မစေလွှတ်ခဲ့သလို အသိအမှတ်လည်း မပြုခဲ့ပေ။

ရွေးကောက်ခံ အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ဖြုတ်ချခဲ့သည့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အာဏာသိမ်းမှု ငါးနှစ်ပြည့်ချိန်တွင် တီမောလက်စ်တေ၏ တရားစွဲမည့်အစီအစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်၏ လုပ်ရပ်များကို “အကြမ်းဖက် အုပ်ချုပ်မှု” ဟု ကုလသမဂ္ဂက ဆိုသည်။

မြန်မာစစ်ကော်မရှင်သည် လက်ရှိတွင် နိုင်ငံ၏ ၄၀ ရာခိုင်နှုန်းခန့်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး နယ်စပ်ဒေသ အတော်များများကိုလည်း တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ထားရသည်ဟု ကုလသမဂ္ဂက အကဲဖြတ်ထားသည်။  

 CHRO အဖွဲ့၏ ဥပဒေအကျိုးဆောင်ဖြစ်သည့် တီမောလက်စ်တေ ဥပဒေအဖွဲ့ Da Silva Teixeira & Associados Lda မှ Jose Teixeira က ယခုအမှုသည် တီမောလက်စ်တေ၏ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုအပေါ် ကတိကဝတ်ပြုထားမှုကို ပေါ်လွင်စေကြောင်း ပြောသည်။

 “ဥပဒေကြောင်းအရ လုပ်ငန်းစဉ်တွေဟာ ပြင်ပနှောင့်ယှက်မှုတွေ၊ အထူးသဖြင့် မြန်မာစစ်ကော်မရှင်ရဲ့ နှောင့်ယှက်မှုတွေ မရှိဘဲ ပုံမှန်အတိုင်း ဆောင်ရွက်နိုင်ဖို့က အရေးကြီးပါတယ်” ဟု ၎င်းက ဆိုသည်။

တီမောလက်စ်တေ အစိုးရရှေ့နေများထံ တင်သွင်းထားသော ရာဇဝတ်မှုဆိုင်ရာ ဖိုင်တွဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်မှု၊ အရပ်သားများနှင့် သတင်းထောက်တစ်ဦးကို သတ်ဖြတ်မှု၊ ဘာသာရေးခေါင်းဆောင်များကို တိုက်ခိုက်မှုများပါဝင်သည်။

ဆေးဝန်ထမ်းများနှင့် လူနာများ သေဆုံးခဲ့ရသည့် ဆေးရုံတစ်ရုံကို လေကြောင်းဗုံးကြဲမှု စသည့် ကြီးလေးသော ဥပဒေချိုးဖောက်မှုများအတွက် ခိုင်လုံသော အထောက်အထားများလည်း ပါဝင်ကြောင်း CHRO နှင့် ၎င်း၏ ဥပဒေအဖွဲ့က ဆိုသည်။

ထို့အပြင် နိုင်ငံတကာဥပဒေအရ အကာအကွယ်ပေးထားသည့် ဘုရားကျောင်းများနှင့် အရပ်ဘက် အခြေခံအဆောက်အဦများအပေါ် တိုက်ခိုက်မှုများကိုလည်း အဆိုပါ မှတ်တမ်းတွင် ထည့်သွင်းထားသည်။

တရားစွဲဆိုမှုကို ကူညီပေးနေသည့် လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Myanmar Accountability Project ၏ ဒါရိုက်တာ Chris Gunness ကမူ ယခုလုပ်ငန်းစဉ်သည် “မြန်မာပြည်သူများ၏ တရားမျှတမှုအတွက် ရှည်လျားသော ခရီးကြမ်းတွင် အရေးကြီးသည့် မှတ်တိုင်တစ်ခု” ဖြစ်သည်ဟု ပြောသည်။

“ရှေ့ခရီးမှာ အခက်အခဲ အတားအဆီးတွေ အများကြီးရှိဦးမှာပါ။ ဒါပေမဲ့ ဒီအမှုဟာ အာဏာရှင်စနစ်နဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို တိုက်ဖျက်ရာမှာ တာဝန်ခံမှု၊ တာဝန်ယူမှုရှိခြင်းဟာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်ဆိုတာကို ပြင်းထန်တဲ့ သတိပေးချက်တစ်ခု ပေးလိုက်တာပါပဲ” ဟုလည်း Chris Gunness က ဆိုသည်။

တီမောလက်စ်တေသည် အာဆီယံနှင့် နှစ်ပေါင်းများစွာ ထိတွေ့ဆက်ဆံပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် အာဆီယံခေါင်းဆောင်များက သဘောတူထားခဲ့ကြသည်။

ဥပဒေပညာရှင်များ၏ အဆိုအရ ယခုအမှုသည် အာဆီယံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး ဆိုသည့် ဒေသတွင်းစံနှုန်းများ၏ ကန့်သတ်ချက်ရှိနေသည်။ နိုင်ငံတစ်နိုင်ငံ၏ တရားရုံးများသည် မိမိတို့နိုင်ငံနယ်နိမိတ် ပြင်ပတွင် ကျူးလွန်ထားသော နိုင်ငံတကာ ရာဇဝတ်မှုများကို အရေးယူနိုင်သည့် အတိုင်းအတာကိုလည်း ယခုအမှုက စမ်းသပ်ရာရောက်နိုင်သည်ဟု ဆိုသည်။

သတင်းထုတ်ပြန်ချိန်အထိ မြန်မာစစ်ကော်မရှင် အာဏာပိုင်များနှင့်  အာဆီယံ တာဝန်ရှိသူများက တီမောလက်စ်တေ၏ တရားစွဲဆိုမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍  ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

Related Articles

Back to top button