အတွေးအမြင်

မြန်မာ့အရေး၊ ကမ္ဘောဒီးယားနှင့် အာဆီယံ၏ အခြေခံမူ ပြဿနာများ

အရှေ့တောင်အာရှဒေသသည် စစ်ဗိုလ်ချုပ်ကြီးများ နိုင်ငံရေးအာဏာလုတတ်ကြသော၊ ဒီမိုကရေစီ တန်ဖိုးများထက် အာဏာပိုင်ဝါဒက ပိုမိုသာလွန်ကောင်းမွန်ကြောင်း ဝါဒဖြန့်ကြသော ဒေသအဖြစ် လူသိများသည်မှာ အထူးအဆန်း မဟုတ်လှပါ။ 

ရွေးကောက်ခံ ဒီမိုကရေစီအစိုးရကို စစ်တပ်က အကြိမ်ကြိမ် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ဖူးသော နိုင်ငံ အဖြစ် ထိုင်းနိုင်ငံသည် ထင်ရှားပြီး၊ နောက်ဆုံး အာဏာသိမ်းမှုက ၂၀၁၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။ ထိုင်းနိုင်ငံ၏ ထူးခြားချက်မှာ အာဏာသိမ်းအစိုးရများကို ထိုင်းဘုရင် တရားဝင်အသိအမှတ်ပြု လက်ခံ ခြင်းပင် ဖြစ်သည်။ 

အာဏာသိမ်းမှု အတွေ့အကြုံရင့်ကျက်နေသော ထိုင်းစစ်တပ်သည် အိမ်နီးချင်း မြန်မာနိုင်ငံက စစ် အာဏာသိမ်းမှုများနှင့်မတူ သွေးထွက်သံယိုဖြစ်မှု အနည်းဆုံးဖြင့် တိုင်းပြည်ကို ထိန်းချုပ်နိုင်ပြီး၊ ထိုင်းဘုရင်၏ ထောက်ခံမှုကြောင့် ထိုင်းပြည်သူများကလည်း နိုင်ငံအနှံ့ ဆန့်ကျင်ဆန္ဒပြမှုများ မပြု လုပ်ကြသလို၊ စီးပွားရေး ထိခိုက်ပျက်စီးခြင်းလည်း မရှိပါ။ ဒေသတွင်းတည်ငြိမ်ရေးကိုလည်း မည်သို့မျှ မထိခိုက်ခဲ့ပါ။ 

ထို့ကြောင့် ထိုင်းစစ်တပ်၏ အာဏာသိမ်းမှုကို အရှေ့တောင်အာရှအသင်းကြီး (အာဆီယံ) ၏ ခေါင်း ဆောင်များအကြား မည်သည့်စိုးရိမ်မှုမျိုးမှ မဖြစ်ပေါ်ခဲ့သလို ကြားဝင်ဆောင်ရွက်လည်း မပြုလုပ်ခဲ့ပါ။ 

သို့သော် ၂၀၂၁   မြန်မာနိုင်ငံ  စစ်အာဏာသိမ်းမှုအပေါ် အဘယ်ကြောင့် ကြီးမားသော ပြဿနာ ကြီးအဖြစ် အာဆီယံခေါင်းဆောင်များက အလေးထားခဲ့ပြီး၊ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင် ခဲ့ကြသနည်း။ အာဆီယံအတွက် မြန်မာ့ပြဿနာအပေါ် သဘောကွဲလွဲမှုများ ပိုမိုတွေ့မြင်လာသည်နှင့် အမျှထိုအချက်ကို အလေးထား မေးခွန်းထုတ်ကြည့်ရန် လိုအပ်လာပါသည်။ 

မြန်မာ့ပြဿနာသည် အာဆီယံခေါင်းဆောင်များအကြား ယခင်ကနှင့်မတူသော စိုးရိမ်မှုကို ဖြစ်ပေါ် စေခဲ့ပြီး၊ အာဆီယံသမိုင်းတွင် မရှိခဲ့ဖူးသော အရေးယူဆောင်ရွက်လာသည့်အခါ အာဆီယံ ပြင်ပက နိုင်ငံများပင် အံ့ဩတကြီး အသိအမှတ်ပြုခဲ့ကြသည်။  

အာဆီယံသည် မြန်မာပြည်သူများ၏ဆန္ဒကို အလေးထားအသိအမှတ်ပြုမှု အခြေခံပေါ်မှ စစ်ကောင်စီ ကို အရေးယူခဲ့ခြင်းလား။ သို့မဟုတ် မြန်မာ့ပြဿနာက အာဆီယံပဋိညာဥ် အခြေခံမူများ (ASEAN Principles) နှင့် ဆန့်ကျင်နေခြင်း၊ အာဆီယံနှင့်မိတ်ဖက်နိုင်ငံများအကြား ဆက်ဆံရေးတွင် ချမှတ် ထားသော အာဆီယံဗဟိုပြုမှု (ASEAN Centrality) ကို ထိခိုက်လာနိုင်ခြင်းနှင့် အာဆီယံ၏ အကျိုး စီးပွားများကိုပါ ထိခိုက်လာမည့် အရေးကိုရှုမြင်ပြီး ကာကွယ်နေခြင်းလား။  

အာဆီယံ၏ အစဥ်အလာရပ်တည်မှု အခြေခံမှကြည့်လျှင် ပထမမေးခွန်းကို အလွယ်တကူ ငြင်းပယ် နိုင်ပြီး၊ ဒုတိယမေးခွန်းက လက်ရှိ အာဆီယံ၏ မြန်မာ့အရေး ဆောင်ရွက်ချက်များတွင် ပို၍အလေးသာ နေသည်ဟု အဖြေထုတ်နိုင်ပါသည်။ 

သို့သော် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မြန်မာ့အရေး တုန့်ပြန်ပုံများကွဲပြားမှုကို အနုစိတ်ခွဲခြား ဆန်းစစ်လေ့လာကြည့်လျှင် မေးခွန်းနှစ်ခုလုံးအပေါ် ရောယှက်ဆက်နွယ်တုန့်ပြန်နေသည်ကို လေ့လာ တွေ့ရှိရသည်။ 

အာဆီယံသည် ၅၅ နှစ် သက်တမ်းရှိလာချိန်တွင် မြန်မာ့ပြဿနာက အစဉ်အလာမှ ခွဲထွက်တုန့်ပြန် လိုသောအဖွဲ့ဝင်များနှင့် အစဥ်အလာကိုကိုင်စွဲလိုသော အဖွဲ့ဝင်များအကြား ကွဲပြားမှုများ ပို၍နက်ရှိုင်း စွာ တွေ့မြင်လာနေရပြီ ဖြစ်သည်။

၂၀၂၁ ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို.တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အာဆီယံခေါင်းဆောင်များ အထူးအစည်းဝေးပွဲ။ (ပုံ-ASEAN)

အာဆီယံ၏ ပြောင်းလဲလာသော ပဋိညာဉ်အခြေပြု စံနှုန်းနှင့် ရပ်တည်ချက်များ  

၁၉၆၇ ခုနှစ်တွင် စတင်ထူထောင်ခဲ့ချိန်မှစ၍ အာဆီယံသည် အစိုးရအချင်းချင်း ဆက်ဆံရေး (Inter-governmental Relation) ကို အဓိက ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ အာဆီယံ၏ တရားဝင် ကြေညာချက်တိုင်းသည် “We, the Heads of State/Government” ဟု အစချီလေ့ ရှိသည်။ 

နှစ်ပေါင်း ၄၀ ကြာပြီးနောက် ၂၀၀၇ ခုနှစ်တွင် အာဆီယံသည် သမိုင်း တဆစ်ချိုး ပြောင်းလဲခဲ့ပြီး “အာဆီယံပဋိညာဥ်” ကို ရေးဆွဲပြဋ္ဌာန်း အတည်ပြုခဲ့ခြင်းဖြင့်၊ ကုသလမဂ္ဂအဖွဲ့ကြီးကဲ့သို့ ဒေသတွင်း စည်းမျဥ်း အခြေပြု အဖွဲ့အစည်း (Rule-based Organization) အဖြစ် တိုးတက်ပြောင်းလဲခဲ့သည်။ 

ပဋိညာဉ်၏အဖွင့်နိဒါန်းတွင် “We, the People” ဟု ပထမဆုံး စတင် ပြောင်းလဲသုံးစွဲလိုက်ခြင်းဖြင့် အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများအတွင်း ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်ခံ အစိုးရများ အဖွဲ့အစည်းအဖြစ် ရပ်တည်ရန် ဆောင်ရွက်လာခဲ့ခြင်း ဖြစ်သည်။  

တနည်းအားဖြင့် အာဆီယံ၏ အတိတ်သမိုင်းတွင် ပြည်သူဆန္ဒကို အလေးထားသော အသင်းကြီးထက် အာဏာကို မည်သည့်နည်းဖြင့်ရရ အာဏာရလာသော အစိုးရများနှင့် ဆက်ဆံရေးကိုသာ အလေးထားခဲ့သည်။ အဆိုပါ လမ်းဟောင်းမှ ခွဲထွက်ရန် အာဆီယံ ကြိုးပမ်းအားထုတ်ခဲ့သည်မှာ ထင်ရှားပါသည်။  

ပဋိညာဥ်အရ အဖွဲ့ဝင်နိုင်ငံများသည် မတူညီသော နိုင်ငံရေးစနစ် ကျင့်သုံးစေကာမူ အစိုးရများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲများမှတဆင့် ပြည်သူက ရွေးချယ်တင်မြှောက်ခြင်းခံ ထားရသော ပြည်သူ့ကိုယ်စားပြု အစိုးရများ ဖြစ်ရပေလိမ့်မည်။ သို့မှသာ “We, the People” ဆိုသည့် အဓိပ္ပာယ်နှင့် ညီညွတ်ပေလိမ့်မည်။ 

အာဆီယံပဋိညာဥ်က ပြည်သူဗဟိုပြု (People-centered) မူဝါဒကို ကျင့်သုံးပြဋ္ဌာန်းလာသော်လည်း မူလဖွဲ့စည်းချိန်မှစ၍ အစဥ်အဆက် ကျင့်သုံးခဲ့သော အခြေခံမူများဖြစ်သည့် ဆုံးဖြတ်ချက်ချမှတ်ရာ တွင် ဆွေးနွေးညှိနှိုင်းခြင်းနှင့် အားလုံးသဘောတူညီရခြင်း (Consultation and Consensus)၊ အဖွဲ့ဝင် နိုင်ငံတခု၏ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ခြင်း (Non-interference) စသည့် အခြေခံမူများကိုလည်း ဆက်လက်ပြဋ္ဌာန်းထားသည်။ 

ထို့ကြောင့် အဖွဲ့ဝင်နိုင်ငံတခုဖြစ်သော မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခြင်းကို မည်သည့် အာဆီယံကြေညာချက်ကမှ “အာဏာသိမ်း” သည်ဟု မဖော်ပြရဲပါ။    

ထိုအခြေခံမူ ၂ ရပ်ကြောင့် အာဆီယံသည် ၅၅ နှစ်တိုင်သည်အထိ စုစည်းညီညွတ်စွာ ရပ်တည်နိုင်ခဲ့ သည်ဟု အာဆီယံခေါင်းဆောင်များက ယုံကြည်ခဲ့ကြသော်လည်း၊ အာဆီယံသည် အာဏာရှင် အချင်း ချင်း စည်းလုံးသော၊ ကိုယ်ကျိုးစီးပွားကြည့်သော၊ ဩဇာမရှိသော အဖွဲ့အစည်းအဖြစ် အာဆီယံပြင်ပ က ပြစ်တင်ဝေဖန်မှုများလည်း ရှိခဲ့ ရှိနေဆဲ ဖြစ်သည်။ 

ယခုနောက်ဆုံး အာဆီယံအဖွဲ့ကြီးကို ဝေဖန်စွပ်စွဲမှုက တမူထူးခြားသည်။ လက်ရှိအာဆီယံ အလှည့် ကျဥက္ကဋ္ဌ ဖြစ်သော ကမ္ဘောဒီးယားက မြန်မာပြည်စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး အာဆီယံ၏ ကိုင်တွယ် ဆောင်ရွက်ပုံမှာ ပဋိညာဥ်ကို လိုက်နာခြင်းမရှိဟု   လူသိရှင်ကြား စွပ်စွဲပြောဆိုလာခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာသို့ရောက်သည့်နေ့ ဇန်နဝါရီ ၇ ရက်တွင် ရန်ကုန်မြို့၌ ဆန့်ကျင်ဆန္ဒပြနေသည့် လူငယ်များ။ ဓာတ်ပုံ − နေမျိုး

မြန်မာ့အရေးတွင် အာဆီယံက ပဋိညာဉ်ကို ချိုးဖောက် စွက်ဖက်ခဲ့သလော

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn သည် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အနေဖြင့် ၎င်း၏ မြန်မာ့အရေး ကြားဝင်ဖြေရှင်ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်ပြီး စင်္ကာပူအခြေစိုက် Channel News Asia – CNA ကို ပထမဆုံးအကြိမ် တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့သည်။ 

ဇူလိုင်လ ၂၈ ရက်နေ့တွင် CNA က ထုတ်လွှင့်ခဲ့သည့် ၂၃ မိနစ်ကြာ အင်တာဗျူးတွင် Prak Sokhonn က မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးပွဲများသို့ မဖိတ်ကြားရန်နှင့် နိုင်ငံရေးရာထူး မဟုတ်သော ကိုယ်စားလှယ်တဦး (Non-political Representative) ကို ဖိတ်ကြားရန် အာဆီယံ၏ ဆုံးဖြတ်ချက်သည် အဖွဲ့ဝင်နိုင်ငံများအကြား ဘုံသဘောတူညီချက် မရရှိဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်၍ အာဆီယံပဋိညာဥ် အခြေခံမူများနှင့် ကိုက်ညီမှုမရှိဟု လူသိရှင်ကြား စွပ်စွဲဝေဖန်ခဲ့သည်။ 

ထို့အပြင် ၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံ အာဏာသိမ်းမှုဖြစ်ချိန်တွင် အာဆီယံက မတုန့်ပြန်ဘဲ မြန်မာကို တုန့်ပြန်ဆောင်ရွက်ခြင်းက စံနှုန်းနှစ်မျိုး ကျင့်သုံးနေခြင်း ဖြစ်သည်ဟု အာဆီယံခေါင်းဆောင်များကို ပြောင် ပြောင်တင်းတင်း ပြစ်တင်ဝေဖန်ခဲ့သည်။ 

Prak Sokhonn ၏ စွပ်စွဲချက်သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထိုစဉ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူးနိုင်းနိုင်ငံက ဦးဆောင်ပြီး မြန်မာ့ပြဿနာကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီး များ အရေးပေါ်အစည်းအဝေး အွန်လိုင်းမှ ကျင်းပဆွေးနွေးခဲ့ပြီး၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ကြေညာချက်ကို ရည်ညွန်းခြင်း ဖြစ်သည်။ 

နောက် ၁၀ ရက်ခန့်အကြာ အောက်တိုဘာလ ၂၆ – ၂၈ ရက်နေ့အထိ ကျင်းပခဲ့သော ၃၈ ကြိမ် နှင့် ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ထုတ်ပြန်ကြေညာချက်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။ 

သို့သော် အဆိုပါ ဆုံးဖြတ်ချက်များတွင် အဖွဲ့ဝင် မြန်မာနိုင်ငံ၏ သဘောထား မပါဝင်ခြင်း သို့မဟုတ် မြန်မာမပါဝင်ဘဲ ဆုံးဖြတ်ခဲ့ခြင်းကို အာဆီယံ အခြေခံမူအရ ဘုံသဘောတူညီချက်မဟုတ်၍ Prak Sokhonn က ဝေဖန်နေခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။

ဤနေရာတွင် ၂၀၂၁ ခုနှစ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ထိပ်သီးအစည်းအဝေးကြေညာချက်က မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးမဖိတ်ရန် အရေးယူခဲ့သော ဆုံးဖြတ်ချက်ပါဝင်သဖြင့် Prak Sokhonn ၏ စွပ်စွဲချက်နှင့် အလေးထား နှိုင်းယှဥ်လေ့လာရမည့် ကြေညာချက် ဖြစ်သည်။ 

ထိုကြေညာချက်၏ နောက်ဆုံးစာပိုဒ် ၁၀၂ တွင် အာဆီယံခေါင်းဆောင်များ သုံးနှုန်းဖော်ပြထားချက် မှာ စိတ်ဝင်စားစရာကောင်းလှသည်။ အာဆီယံ၏ မစွက်ဖက်ရေး (Non-interference) အခြေခံမူနှင့် စပ်လျဥ်းပြီး ပဋိညာဥ်၏ အခြေခံမူ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) ကို ထပ်လောင်းအတည်ပြုပြီး၊ မြန်မာနိုင်ငံနှင့် ပတ်သက်လျှင် အာဆီယံအခြေခံမူများကို သင့်လျှော်မျှတစွာ (appropriate balance) ကျင့်သုံးရန် လိုအပ်ကြောင်း အာဆီယံခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။ ထိုဆုံးဖြတ်ချက်ကို ဟွန်ဆန်ပါ သဘောတူခဲ့ခြင်း ဖြစ်သည်။  

ပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) ပြဋ္ဌာန်းချက်အရ “တရားဥပဒေစိုးမိုးမှု (Rule of Law)၊ ကောင်းမွန်သော အုပ်ချုပ် ရေး (Good Governance)၊ ဒီမိုကရေစီစည်းမျဥ်းများ (Principles of Democracy)၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အုပ်ချုပ်သောအစိုးရ (Constitutional Government) စသည့် အခြေခံမူများ ကို အဖွဲ့ဝင်နိုင်ငံများအားလုံး လိုက်နာရမည်ဟု ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

သို့သော် Prak Sokhonn က CNA အင်တာဗျူးတွင် ၎င်း၏ စွပ်စွဲချက်အပေါ် တရားထူထောင်ရာတွင် ပဋိညာဥ်၏ အခြေခံစည်းမျဥ်းများတွင် စည်းမျဥ်းတခုက အခြားစည်းမျဥ်းအပေါ် လွှမ်းမိုးခွင့် မရှိစေရဘဲ စည်းမျဥ်းအားလုံးသည် တန်းတူဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ဇန်န၀ါရီလ ၈ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့ သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ရှင်းလင်းပြောကြားနေစဉ်။ (ဓာတ်ပုံ – EPA/EFE)

အဓိပ္ပာယ်မှာ ပဋိညာဥ်၏ အခြေခံမူ ပုဒ်မ ၂၊ ပုဒ်မခွဲ (င) တွင် ပြဋ္ဌာန်းထားသော အဖွဲ့ဝင်နိုင်ငံတခု၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး အခြေခံမူသည် သီးခြားလွတ်လပ်ပြီး၊ အထက်က ဖော်ပြခဲ့ သော ပုဒ်မခွဲ (ဇ) ဖြင့် လွှမ်းမိုး၍မရဟု ဆိုလိုခြင်းဖြစ်သည်။ သို့သော် Prak Sokhonn ပြောသကဲ့သို့ ပဋိညာဥ်တွင်ဖော်ပြထားခြင်းကို မတွေ့ရှိရပါ။  

၎င်းအစား ပဋိညာဥ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင်လည်းကောင်း၊ ကျင့်သုံးရာတွင်လည်းကောင်း အငြင်း ပွားမှုများ ပေါ်ပေါက်လာပါက ပဋိညာဥ်၏ ပုဒ်မ ၂၅ အရ “အငြင်းပွားမှု ဖြေရှင်းရေး ယန္တရားတရပ် (Establishment of Dispute Settlement Mechanism) ထူထောင်ဆောင်ရွက်ရန်သာ ဖော်ပြထား သည်။

ထို့ကြောင့် အာဆီယံ၏ မင်းအောင်လှိုင်အပေါ် ဆုံးဖြတ်ချက်သည် အာဆီယံပဋိညာဥ်ကို ဖောက်ဖျက် သည်ဟု ကမ္ဘောဒီးယားက ယုံကြည်လျှင် ပုဒ်မ ၂၅ အရ ဆောင်ရွက်ရန်သာ ဖြစ်သည်။ သို့သော် အာဆီယံက ချမှတ်ပြီးသား ဆုံးဖြတ်ချက်ဖြစ်၍ ကမ္ဘောဒီးယားအနေဖြင့် ယနေ့အထိ လိုက်ပါဆောင်ရွက်ခဲ့ ပါသည် ဟု Prak Sokhonn က ဆိုပြန်သည်။ 

Prak Sokhonn ၏ ပြောဆိုချက်များက ဖော်ပြနေသည်မှာ ကမ္ဘောဒီးယားက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံအကြီးအကဲအဖြစ် အသိအမှတ်ပြုထားသည်ဟု စွပ်စွဲ ရပေတော့မည်။  

အထောက်အထားများအရလည်း ကမ္ဘောဒီးယား အလှည့်ကျဥက္ကဋ္ဌရာထူးရယူပြီး ရက်ပိုင်းအတွင်း ဝန်ကြီးချုပ်ဟွန်ဆန်က ဇန်နဝါရီလ ၇ – ၈ ရက်များတွင် နေပြည်တော်သို့ ချက်ချင်းသွားရောက်ပြီး မင်းအောင်လှိုင်ကို အသိအမှတ်ပြုကြောင်း ပြသခဲ့သည်။ 

ဟွန်ဆန်သည် ထိုခရီးစဥ်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်အနေဖြင့် သွားရောက်ခဲ့ခြင်းသာဖြစ်ကြောင်း၊ မင်းအောင်လှိုင်ကို အသိအမှတ်ပြု၍ သွားရောက်ခဲ့ခြင်းမဟုတ်ကြောင်း၊ မြန်မာစစ်ခေါင်းဆောင်ကို အသိအမှတ်မပြုလျှင် မည်သည့်အာဆီယံနိုင်ငံက မြန်မာနှင့် သံတမန်အဆက်ဖြတ်ထားသလဲဟု ပြန်လှန်မေးခွန်းထုတ်ပြီး၊ သံတမန်အဆက်မဖြတ်ထားလျှင် ဆက်ဆံရမှာပဲဟု ၎င်း၏ခရီးစဥ်ကို ခုခံ ချေပ တုန့်ပြန်ခဲ့သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် အာဏာသိမ်းခေါင်းဆောင်တို့ နေပြည်တော်၌ ယနေ့ (ဇန်နဝါရီ ၇) တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ – EPA/EFE)

အာဆီယံပဋိညာဉ်ရေးဆွဲရေးအဖွဲ့ ခေါင်းဆောင်၏ Tommy Koh ၏ တုန့်ပြန်ချက်များ

ဤနေရာတွင် Prak Sokhonn ၏ အာဆီယံအပေါ် စွပ်စွဲချက်က မသေးလှပါ။ ထိုကြောင့် ၂၀၀၇ ခုနှစ် တွင် အာဆီယံ ပဋိညာဥ်ရေးဆွဲရေး အဆင်မြင့်လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ (Chairman of High-level Task Force of Drafting ASEAN Charter) တာဝန်ကို ထမ်းဆောင်ခဲ့သူ Tommy Koh က Should Asean be an organisation based on the rule of law? ခေါင်းစဉ်ဖြင့် စင်္ကာပူအခြေစိုက် The Straits Times သတင်းစာကတဆင့် Prak Sokhonn ၏ စွပ်စွဲချက်ကို လူသိရှင်ကြား တုန့်ပြန်ချေပ ရေးသားခဲ့ သည်။

Tommy Koh သည် အာဆီယံပဋိညာဥ် ပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) ကို ကိုးကား၍ “ပဋိညာဥ်သည် စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်သည်” ဟု ရှင်းလင်းပြတ်သားစွာ တုန့်ပြန်လိုက်သည်။ ၎င်းက “ပဋိညာဥ်သည် ဖွဲ့စည်း ပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော အစိုးရအတွက်သာဖြစ်ပြီး၊ အာဏာသိမ်းခြင်းမှ ဖြစ်ပေါ်လာ သော အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော အစိုးရမဟုတ်” ဟု Prak Sokhonn ၏ စွပ်စွဲချက်ကို ပြတ်သားစွာ ပယ်ချလိုက်သည်။ 

Tommy Koh သည် စင်္ကာပူအစိုးရ၏ ကုသလမဂ္ဂဆိုင်ရာ သံအမတ်ကြီး၊ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံဆိုင်ရာ သံအမတ်ကြီးတာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ကုလသမဂ္ဂတာဝန်များ၊ စင်္ကာပူအမျိုးသားတက္ကသိုလ် ဥပဒေပညာဌာန၏ ဌာနမှူးအဖြစ် တာဝန်ယူခဲ့သူ ဥပဒေပညာရှင်တဦး ဖြစ်သည်။

ထို့အပြင် Tommy Koh က ပဋိညာဥ်၏ ပုဒ်မ ၇၊ ပုဒ်မခွဲ ၂-က အရ “အာဆီယံ ထိပ်သီးအစည်းအဝေး သည် အာဆီယံ၏ အမြင့်ဆုံးဆုံးဖြတ်ပိုင်ခွင့်ရှိသော အဖွဲ့အစည်း” ဖြစ်ပြီး၊ ပုဒ်မခွဲ ၂-ဃ အရ “အာဆီယံ ထိပ်သီးအစည်းအဝေးက အာဆီယံအပေါ် သက်ရောက်မှုရှိသော အရေးပေါ်အခြေအနေတရပ်ကို သင့်လျော်သော အရေးယူတုန့်ပြန်ဆောင်ရွက်မှု ပြုလုပ်ရမည်” ဆိုသည့် ပြဋ္ဌာန်းချက် ၂ ရပ်ကို ကိုးကား၍ မြန်မာ၏ကိုယ်စားပြုမှုကို အဆင့်နှိမ့်ခဲ့ခြင်းသည် “သင့်လျော်သော အရေးယူဆောင်ရွက်မှု” တခုကို ပဋိညာဥ်နှင့်အညီ အာဆီယံခေါင်းဆောင်များ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်ဟု ချေပခဲ့သည်။  

၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံ အာဏာသိမ်းမှုကို အာဆီယံက အဘယ်ကြောင့် အရေးယူဆောင်ရွက်မှု မပြုလုပ်ခဲ့သနည်းဟု Prak Sokhonn ၏ မေးခွန်းထုတ်မှုကို Tommy Koh က အချက် ၂ ချက်ဖြင့် ခြေပခဲ့သည်။ ၎င်းတို့မှာ စစ်တပ်၏ အာဏာသိမ်းမှုကို ထိုင်းဘုရင်က လက်ခံခဲ့ခြင်းနှင့် ထိုင်းစစ်တပ်က ဆန္ဒပြသူများကို တရားဥပဒေမဲ့ သတ်ဖြတ်ကျူးလွန်ခဲ့ခြင်းမရှိဆိုသည့် အချက်များဖြစ်သည်။

မင်းအောင်လှိုင် အာဏာသိမ်းမှုက အာဆီယံပဋိညာဉ်ကို ချိုးဖောက်ခဲ့သလား 

ဤနေရာတွင် မင်းအောင်လှိုင်၏ အာဏာသိမ်းမှုသည် အာဆီယံပဋိညာဥ်ကို ချိုးဖောက်ခဲ့ခြင်း ရှိမရှိ ဆိုသည့်အချက်ကို အာဆီယံခေါင်းဆောင်များအကြား အလေးထား ဆွေးနွေးခဲ့ကြသလား၊ ထိုအချက် ကို အာဆီယံခေါင်းဆောင်များ မည်ကဲ့သို့ ဆုံးဖြတ်ကြသနည်း ဆိုသည့်အချက်က စိတ်ဝင်စားစရာ ကောင်းပြီး ယနေ့အချိန်ထိ တိတိကျကျ မသိရှိရပါ။   

အာဆီယံပဋိညာဥ် ပုဒ်မ ၅၊ ပုဒ်မခွဲ ၃ အရ “ပဋိညာဥ်ကို ဆိုးရွားစွာ ချိုးဖောက်ခဲ့လျှင် သို့မဟုတ် လိုက်နာမှုမရှိခဲ့လျှင်” ထိုကိစ္စကို ပုဒ်မ ၂၀ အရ ဆက်လက်ဆောင်ရွက်ရန် လွှဲအပ်ထားသည် ဟု ပြဋ္ဌာန်းထားသည်။ ယင်းမှာ အာဆီယံ၏ အဆင့်မြင့်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် ထိပ်သီးအစည်းအဝေး ကို လွဲအပ်ခြင်း ဖြစ်သည်။

သို့ဆိုလျှင် ထိပ်သီးအစည်းအဝေးက အာဆီယံပဋိညာဥ်ကို  မင်းအောင်လှိုင် ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်လျှင် ဘယ်လိုအရေးယူဆောင်ရွက်နိုင်သနည်း။ မြန်မာကို အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခြင်း သို့မဟုတ် ထုတ်ပယ်ခြင်း ပြုနိုင်ပါသလား။

ထိုမေးခွန်းကို Tommy Koh က ပဋိညာဥ်တွင် “ဆိုင်းငံ့ခြင်း” (suspension) နှင့် “ထုတ်ပယ်ခြင်း” (expulsion) စကားလုံးများ ထည့်သွင်း ရေးဆွဲရန် သင့်မသင့် ထိုစဥ်က အာဆီယံ နိုင်ငံခြား ရေးဝန်ကြီးများကို မေးမြန်းခဲ့ဖူးပြီး၊ ထိုသို့ မထည့်သွင်းရန် ပြောဆိုခဲ့ကြသည်ဟု ဆိုသည်။

သို့ဆိုလျှင် မင်းအောင်လှိုင်သည် အာဆီယံခေါင်းဆောင်များချမှတ်ထားသော “တူညီဆန္ဒ ၅ ရပ်” ကို မလိုက်နာရုံမျှမက၊ အာဆီယံပဋိညာဥ်ကို ချိုးဖောက်လျှင်ပင် အာဆီယံအဖွဲ့ထဲမှ မြန်မာကို ထုတ်ပယ်နိုင်သည့် ပြဋ္ဌာန်းချက် ပဋိညာဥ်တွင် မပါရှိကြောင်း လေ့လာတွေ့ရှိရသည်။

ထို့ကြောင့် မင်းအောင်လှိုင်၏ အာဏာသိမ်းမှုက အာဆီယံပဋိညာဥ်အတွင်း ပဋိပက္ခအသွင် ရှိနှင့် ပြီးသား အခြေခံမူဆိုင်ရာ အားနည်းချက် အနာအဆာများကို ဆွလိုက်ဘိသကဲ့သို့ ပေါ်ထွက်လာသည်။ ထို့အာနည်းချက်များက ဖော်ပြနေသည်မှာ အာဆီယံ၏ မြန်မာ့အရေး ကိုင်တွဲဖြေရှင်းမှု မည်မျှ ထိရောက်မှုရှိနိုင်သနည်း ဆိုသည်မှာ အာဆီယံထိပ်သီး ခေါင်းဆောင်များ၏ ဆန္ဒသဘောထားပေါ်တွင် လုံးလုံးလျားလျား မူတည်နေသည်။ 

ထို့အတူ အာဆီယံခေါင်းဆောင်များသည် ပဋိညာဉ်ပါ ပဋိပက္ခဖြစ်နေသော အခြေခံမူများဆိုင်ရာ ပြဿနာကို မဖြေရှင်းနိုင်သရွေ့ မြန်မာအရေးကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိနိုင်မည် မဟုတ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button