ဆောင်းပါး

တော်လှန်ရေးသမားများ အခက်တွေ့နေသည့် အဓိကစစ်မျက်နှာ

ကိုယ်ပိုင်လက်နက်စက်ရုံများရှိပြီး ကမ္ဘာပတ်၍ လက်နက်ဝယ်နေသည့် စစ်ကောင်စီ၏ ထိုးစစ်ကို နိုင်ငံအနှံ့ ခုခံနေရချိန်တွင် လက်နက်ပွဲစားအချို့၏ လှည့်ဖြားမှုကို တော်လှန်ရေးသမားများ၊ အလှူရှင်များ အလူးအလဲခံနေရသည်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာချိန်တွင် ပိုင်ဆိုင်မှုများကို ရောင်း၊ အလှူငွေများကို မူးစု၊ ပဲစု၍ ရပ်တည်နေရသဖြင့် ထိုဒဏ်ကြောင့် အခက်အခဲများစွာတွေ့ရသည်ဟု ၎င်းတို့က ညည်းတွားသည်။

အရည်အသွေးမပြည့်မီသည့် လက်နက်များကို မတန်တဆနှုန်းထားပေး၍ ဝယ်နေရသည်ဟုလည်း ထိုသတင်းရင်းမြစ်တို့က ဆိုသည်။

ဈေးကွက်တွင် ကျပ်သိန်း ၂၀ သာ ပေါက်ဈေးရှိသည့် M 4 ရိုင်ဖယ် အသစ်တစ်လက်ကို သိန်း ၁၅၀ ထိပေး၍ ဝယ်နေရကြောင်း ၎င်းတို့ထံမှ သိရသည်။

တစ်ပတ်ရစ် AK 47 တစ်လက် ကျပ်သိန်း ၈၀ ဝန်းကျင်သာ ပြည်ပဈေးကွက်တွင် ရှိချိန်တွင် မီးကျိုးမောင်းပျက်များကို သိန်း ၅၀ မှ ၆၀ ထိ ပေးဝယ်နေရသည်ဟု ပြည်တွင်းတော်လှန်ရေးအဖွဲ့အချို့က ဆိုသည်။

တိုက်ပွဲများဆက်တိုက်ဖြစ်နေ၍ လက်နက်၊ ခဲယမ်း လိုအပ်ချက်မြင့်မားသည့် ဒေသများကို မသမာသည့် လက်နက်ပွဲစားတို့က ပစ်မှတ်ထား၍ လိမ်လည်နေသည်ဟုလည်း တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူနှင့် အလှူရှင်အချို့ထံမှ သိရသည်။

ပွဲစားတို့မှာ လမ်းခရီးအခက်အခဲကို အကြောင်းပြ၍ တာဝန်မှ ရှောင်လွှဲလေ့ရှိသည်ဟု ထိုင်းဘတ်ငွေ တစ်သိန်းခွဲ (ကျပ်သိန်း ၈၀ ခန့်) လိမ်လည်ခံရဖူးသည့် အလှူရှင် မသိင်္ဂီ*က ပြောပြသည်။

စစ်ရှိန်မြင့်နေသည့် ကယားပြည်နယ် (ကရင်နီ) အတွင်းရှိ တော်လှန်ရေးအဖွဲ့တစ်ခုကို ၂၀၂၁ စက်တင်ဘာလအတွင်း လှူဒါန်းမှုတစ်ခုတွင် ထိုသို့ ကြုံခဲ့ရခြင်းဖြစ်သည်။

AK 47 သေနတ် တစ်လက်နှင့် M 16 ရိုင်ဖယ် ကျည် ၅ ဖာကို ထိုင်းနိုင်ငံဘက်တွင် နေထိုင်သည့် ဗမာအမျိုးသမီးထံ မှာယူစဉ် လမ်းခရီးမကောင်း၍ ကြန့်ကြာနိုင်သည်ဟု အကြောင်းပြကြောင်း၊ မည်သည့်ပစ္စည်းမှ ပို့မလာဘဲ နောင်တွင် ဆက်သွယ်၍ မရတော့ကြောင်း မသိင်္ဂီ*က ပြောသည်။

“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ရဲဘော်နှစ်ဦးအတွက် ကျွန်မရဲ့ကိုယ်ပိုင်အလှူငွေရယ်၊ ကျွန်မ မိတ်ဆွေတွေ စုပေါင်းထားတဲ့အလှူငွေတွေ အလိမ်ခံလိုက်ရတာပါ” ဟု ၎င်းက ဆိုသည်။

“လမ်းကြောင်းကောင်းမကောင်း (ကျည်) ၁ ဖာ အရင်ပို့ကြည့်မယ်ပြောပြီး နောက်တော့ AK ကို ပို့လိုက်ပြီဆိုတယ်။ တစ်လကြာမှ ကရင်နီဘက်ကို မေးကြည့်တော့ ဘာမှမပို့လာတာ” ဟု မသိင်္ဂီ*က ဆက်ပြောသည်။

အမှုဆောင်အရာရှိချုပ် ဒေါက်တာ ကက်သရင်းအောင်၏ Dee Daily Care အမည်ရ ကုမ္ပဏီနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းထံမှ သိရသည်။

ဒေါက်တာ ကက်သရင်းအောင်၏ လိပ်စာကတ်တွင် ပါဝင်သော ဖုန်းနံပါတ်များမှတစ်ဆင့် Myanmar Now က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့ရာ ထိုဖုန်းနံပါတ်များမှာ တပ်ဆင်ထားခြင်းမရှိပေ။

ထို့အတူ လိပ်စာကတ်တွင်ပါဝင်သည့် ကုမ္ပဏီ၏ ဝက်ဆိုက် www.deedailycare.com မှာလည်း ဝင်ရောက် ကြည့်ရှု၍ မရကြောင်း တွေ့ရသည်။

လက်နက်ပွဲစားများ၏ လိမ်လည်မှုနှင့် ကြုံရသူများထဲတွင် တော်လှန်ရေးအတွက် ရှိစု၊ မဲ့စုများ စုပေါင်း၍ လှူဒါန်းနေသည့် သာမန်ပြည်သူများသာမက လက်နက်ကိုင် ခုခံရေးအဖွဲ့များလည်း ကြုံနေရသည်။

ပြည်ပနိုင်ငံများတွင် နေထိုင်သော လက်နက်ကုန်သည်၊ ပြည်တွင်း၌ တစ်ဆင့်ပြန်ရောင်းသည့် လက်နက်ပွဲစား နှစ်မျိုး၊ နှစ်စားဖြင့် ဆက်ဆံ လုပ်ကိုင်ရချိန်တွင် မရိုးဖြောင့်သူအချို့နှင့် တိုးနေရကြောင်း ကရင်နီတော်လှန်ရေးတပ်တစ်ခုမှ အဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။

၎င်းတို့တပ်ရင်းကိုယ်တိုင် လိမ်လည်ခံရဖူးပြီး ထိုင်းဘတ် ၁၅ သိန်း၊ မြန်မာကျပ် သိန်း ၃၄၅၀ ဖိုး ပါသွားကြောင်း ထိုသူက ပြောသည်။

“လိမ်တဲ့သူက ထိုင်းမှာရှိတဲ့ မြန်မာနိုင်ငံသား စီးပွားရေးသမား ပွဲစားပဲ။ သူက နယ်စပ်ကနေ လိုသလောက် ဝယ်ပေးမယ်ဆိုပြီး စခန်းမှာ လာထိုင်တာ။ မှာတော့လည်း ငွေအရင်စရန်ပေးပြီးမှ မှာတာ။ အစပိုင်းတော့ အမှန်အကန်ပဲ” ဟု ၎င်းက ပြောသည်။

ယခုနှစ်ဆန်းပိုင်းက ကယားပြည်နယ် (ကရင်နီ) မြို့တော် လွိုင်ကော်ကိုပင် တော်လှန်ရေးအင်အားစုများ ခြိမ်းခြောက်ပြီးနောက် စစ်ကောင်စီက ကုန်းကြောင်း၊ လေကြောင်းဖြင့် အကြီးအကျယ်ထိုးစစ်ဆင်နေချိန်တွင် ထိုသို့ ကြုံရ၍ စစ်ဆင်ရေး အခက်တွေ့ခဲ့ကြောင်း ထိုသူက ဆက်ပြောသည်။

“အဲဒီအချိန်က လက်နက်က အရမ်းလိုနေတာလေ။ (ကနဦးမှာ ပုံမှန်ဝယ်ယူပေးနေပြီး) နောက်တော့မှ အချီကြီး မပြီးလစ်ပြေးတာ။… ရဲဘော်တွေ အစပိုင်းမှာ လက်လုပ်တွေနဲ့ တိုက်ပွဲဝင်နေတဲ့အချိန် မောင်းပြန်သေနတ် အရေးတကြီးလိုအပ်နေတာပါ။ … အဲဒီလိုအချိန် အလိမ်ခံထိတာဆိုတော့ ဘယ်လောက်နစ်နာလဲဆိုတာ စဉ်းစားကြည့်လို့ရပါတယ်” ဟု ကရင်နီတော်လှန်ရေးတပ်တစ်ခုမှ အဖွဲ့ဝင်က ပြောသည်။

ဘက်ထရီဖြင့် ရှော့တိုက်ပစ်ခတ်ရသည့် ဒုံးတစ်ခုဖြင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ်-၇ (စကခ ၇) ဘက်သို့ ပစ်ခတ်နေသည့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၁ စက်တင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ – PDF Pekhon)

နယ်စပ်နှင့် မနီးသည့် ဒေသများ ပို၍ အလိမ်ခံရ

ထိုသို့ဖြစ်စဉ်များမှာ နယ်စပ်နှင့် မနီး၊ လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးပြီး လက်လုပ်သေနတ်များကိုသာ အားပြုနေရသည့် မြန်မာနိုင်ငံအလယ်ပိုင်းအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့များ ပို၍ ကြုံရသည်ဟု စုံစမ်းသိရှိရသည်။

“စစချင်းတုန်းက သေနတ်တစ်လက် ဈေးသက်သက်သာသာနဲ့ ရမယ်ဆိုလို့ အလှူငွေ ၁၅ သိန်း ရအောင်စုပြီး ဝယ်ခဲ့တုန်းက အလိမ်ခံလိုက်ရတယ်။ အဖွဲ့အနေနဲ့ အလိမ်ခံလိုက်ရတာသိလို့ ဇာစ်မြစ်ကို လိုက်စုံစမ်းတော့မှ အခြားအဖွဲ့တွေကိုပါ လိမ်ထားတာ တွေ့ရတယ်” ဟု မကွေးတိုင်းအခြေစိုက် PRA-Magway စစ်ရေးတာဝန်ခံက ပြောသည်။

“(နယ်စပ်ကတစ်ဆင့်) လက်နက်ရဖို့ နယ်မြေအရမ်းဝေးတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီး လိမ်သွားကြတာပါပဲ။ ကျွန်တော်တို့က သေနတ်တစ်လက်ကို အသက်ပေးပြီး သယ်ရတာပါ” ဟု ၎င်းက ဆိုသည်။

အလှူခံငွေကို ကာလတစ်ခုထိ စုဆောင်းပြီးမှ သေနတ်တစ်လက် ဝယ်နိုင်သည်ဖြစ်၍ လိမ်လည်မှုများကြောင့် ကြုံရသည့် စိန်ခေါ်မှုများမှာ ဆိုဖွယ်ရာမရှိကြောင်း ထိုသူက ဆက်ပြောသည်။

“အလိမ်ခံလိုက်ရတဲ့အချိန် မြေပြင်စစ်ဆင်ရေးအခြေအနေက တင်းမာနေတဲ့အချိန်ပေါ့။ လုပ်မဲ့အစီအစဉ်တွေမှာ အားလျော့သွားတာတွေ ဖြစ်ခဲ့တာပေါ့။ ပစ်အားမသာတော့တာပေါ့ဗျာ။ သေနတ်တစ်လက်ရဲ့ အရေးပါမှုက တိုက်ပွဲမှာ အဆုံးအဖြတ်တောင် ဖြစ်နိုင်တယ်လေ” ဟု PRA-Magway စစ်ရေးတာဝန်ခံက ပြောသည်။

ကိုယ်ပိုင်ပစ္စည်းများ ရောင်းချ၊ အလှူငွေကို အားကိုး၍ လက်နက်ဝယ်ယူနေရသည့် အခြေအနေတွင် ထိုသို့ စိတ်မချရမှုများမှာ စိတ်ပျက်၊ အားလျော့စရာဖြစ်နေကြောင်း ပဲခူးတိုင်းအခြေစိုက် ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့အာဏာတည်ဆောက်ရေးတပ်ဦး ခေါင်းဆောင်က ပြောသည်။

“နယ်စပ်နဲ့လည်း နီးမနေတော့ဗျာ။ လိုအပ်တဲ့ လက်နက်တစ်လက်ကို ကျပ် ၄၅ သိန်းကနေ ၈၃ သိန်းအထိ ပေးဝယ်နေရတယ်။ အလှူရှင်တွေ လှူတာကိုမှ စားစရိတ်တွေကို အများကြီးလျှော့ပြီး လက်နက်ဝယ်ဖို့ လုပ်ရတယ်။ ကိုယ့်မှာရှိတာတွေ ရောင်းချပြီး ကိုယ်တိုင်လွတ်မြောက်ဖို့ကို လုပ်နေရပါတယ်” ဟု ၎င်းက ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှိသည့် ရခိုင်၊ ချင်းပြည်တို့နှင့် နယ်နိမိတ်ဆက်လျက် မကွေးတိုင်းအတွင်း အခြေစိုက်သည့် တော်လှန်ရေးအဖွဲ့အချို့မှာမူ ထိုအခက်အခဲကို ထိုအဖွဲ့များ၏ အကူအညီဖြင့် ကျော်လွှားနေရကြောင်း PRA-Magway စစ်ရေးတာဝန်ခံက ပြောသည်။

“သူတို့ (တိုင်းရင်းသားလက်နက်ကိုင်) ဆီက လက်နက်ခဲယမ်းတွေရဖို့၊ … တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကနေ လက်နက်ခဲယမ်းတွေရရှိဖို့နဲ့ ကိုယ့်ဘာသာထုတ်လုပ်ရတဲ့ လက်လုပ်လက်နက်တွေ ရရှိဖို့ကိုပဲ ပိုပြီး အဓိကထားလာရပါတယ်” ဟု ၎င်းက ပြောသည်။

လက်လုပ်သေနတ်များ ထုတ်လုပ်ရန် တွင်ခုံ၊ မီးစက်နှင့် လိုအပ်သော အခြေခံပစ္စည်းများအတွက် ကျပ်သိန်း ၁၀၀ ခန့် ရင်းနှီးမြှုပ်နှံရကြောင်း အထက်ပါ ကရင်နီကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။

M 16 သေနတ်ပြောင်းအစစ်ကို ကျပ် ၁၀ သိန်းဝန်းကျင်ပေး၍ ဈေးကွက်မှ ဝယ်ယူပြီး မောင်းတုံး၊ ကျည်ကုပ်၊ ကျည် ရိုက်တံ စသည့် အစိတ်အပိုင်းများ ကိုယ်တိုင်ထုတ်လုပ်တပ်ဆင်လျှင် တစ်လက်လျှင် ၁၅ သိန်းဝန်းကျင် ကုန်ကျသည်ဟု ၎င်းက ဆက်ပြောသည်။

သေနတ်ပြောင်းအတွက် သံပိုက်ကို တွင်ခုံသမားက ပြုပြင်တပ်ဆင်လျှင် ကျပ် ၅ သိန်းအထိသာ ကုန်ကျမည်ဖြစ်သော်လည်း စွမ်းဆောင်ရည်နှင့် အရည်အသွေးမှာ ချေမှုန်းရေးရိုင်ဖယ်အဆင့်မမီဟု ထိုသူက ဆိုသည်။

“အော်ရီဂျင်နယ်ပြောင်း၊ အော်တိုလိုထိရောက်မှုရှိအောင် အော်ပြောင်းကို ဝယ်ရတယ်၊ ဒီတိုင်း ပိုက်ပြောင်းကိုလုပ်ရင် တူးမီးလိုပဲ ကိုက် ၅၀၊ ၁၀၀ ပဲ ပစ်လို့ရတယ်”

နိုင်ငံအနှံ့ PDF အဖွဲ့များအနက် လက်နက်အင်အားနည်းပါးသည့် PDF အဖွဲ့ဆိုလျှင် ထိခိုက်၊ သေဆုံးမှုများပြားလေ့ရှိသည်၊ လက်လုပ်သေနတ်သာ အားကိုးနေရသည့် ထိုအဖွဲ့များကို မြန်မာနိုင်ငံအလယ်ပိုင်းတွင် အများဆုံးတွေ့နိုင်သည်။

တနင်္ဿာရီတိုင်း၊ လောင်းလုံးမြို့နယ်အခြေစိုက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ စခန်းတစ်ခု ဇွန် ၃၀ ရက်က စီးနင်းခံခဲ့ရသည်။ ဓာတ်ပုံ- စစ်ကောင်စီ

ပြည်တွင်းသို့ လက်နက်သယ်ယူပို့ဆောင်ရာတွင် စစ်ကောင်စီလက်မှ လွတ်အောင် ရှောင်ရ၊ ရှားရသည့် အန္တရာယ်များလွန်းလှသဖြင့် မရိုးသားသည့် ပွဲစားတို့က ထိုအခြေအနေကို အခွင့်ကောင်းယူနေကြကြောင်း ကရင်နီဒေသရှိ တော်လှန်ရေးအဖွဲ့များအတွက် ထောက်ပို့လုပ်နေသည့် အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။

“လမ်းကြောင်းမှန် လုပ်ပေးနေသူတွေရှိတယ်။ ပစ္စည်းရောက်မှ ငွေချေရတာပေါ့။ အန္တရာယ်အရမ်းများတော့ ဈေးကတက်တယ်။ လမ်းကြောင်းမှာ ကုန်ကျရတာတွေလည်းရှိတော့ နောက်ဆုံး ဒီရောက်တဲ့အခါ ဈေးက အများကြီးဖြစ်သွားတော့တာပဲ” ဟု ၎င်းက ပြောသည်။

“လိမ်တာ အဆိုးဆုံးပဲ။ လက်နက်လိုချင်ရင် အာဖရိကလက်နက်တွေရမယ်ဆိုပြီး လမ်းဘေးမှာ နာရီလိုက်ရောင်းတဲ့ နိုင်ငံခြားသားကလည်း ဒေါ်လာသန်းချီလိမ်သွားတာပဲ။ မြန်မာအချင်းချင်းလည်း လိမ်တာပဲ” ဟု ထိုသူက ဆက်ပြောသည်။

အထက်ပါ ကရင်နီတော်လှန်ရေးတပ်တစ်ခုမှ အဖွဲ့ဝင်တစ်ဦး၏ အဆိုအရ ပွဲစားအချို့ထံမှ ရသည့် အသစ်စက်စက်လက်နက်များသည်ပင်လျှင် အရည်အသွေးကို စိတ်မရဟု သိရသည်။

“အခုလက်ရှိ ကြုံနေကြရတာ M4 (ကာဘိုင်) ပြောင်းရှည်တွေပဲ။ သိန်း ၁၀၀ လောက်ပေးရပြီး ဂျင်းတွေမိနေကြတာ။ အဟောင်းမဟုတ်ဘူး။ အသစ်စက်စက်တွေ၊ ဘယ်နိုင်ငံက ဂျင်းထည့်လဲ မသိရပေမဲ့ အများစု ခန့်မှန်းတာ တရုတ်ပဲ” ဟု ၎င်းက ပြောသည်။

“အသစ်က မောင်းမပြန်တာ။ ကျည် ၁၀၀ လောက်ပစ်ပြီးရင် မကောင်းတော့တာ။ တိုက်ပွဲမှာ ပစ်မရဘဲ ကျည်ညပ်နေတာ M4 ဖြစ်တာ အများဆုံးပဲ။ ခုတောင် အဟောင်းက အသစ်ဈေးဖြစ်နေပြီ။ ဝယ်လိုအားများတဲ့အခါမှာ ရရာအကုန်ဝယ်ကြရတာပဲ” ဟု ထိုသူက ဆက်ပြောသည်။

တော်လှန်ရေးသက်တမ်း ၇၅ နှစ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ (၆) ဌာနချုပ်စစ်ကြောင်းမှ ဗိုလ်စောမာနယ်စိုးက လက်နက်အရောင်းအဝယ်ကိစ္စတွင် ယုံကြည်မှာ အရေးအကြီးဆုံးဖြစ်ကြောင်း ထောက်ပြသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချသည့် စစ်တပ်၏ လုပ်ရပ်ကို ဆန့်ကျင်၍ အာဏာရှင်စနစ်အမြစ်ဖြုတ်မည်ဟု လူသိရှင်ကြားပြောထားပြီးနောက်တွင် KNU အခြေစိုက်ရာ နိုင်ငံတောင်ပိုင်း ဒေသများအတွင်း စစ်ကောင်စီနှင့် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်နေသည်။

ရှိရင်းစွဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် လက်နက်ဝယ်ယူမှု ပြဿနာမကြုံရသော်လည်း မကြာသေးမီကမှ ထူထောင်ပြီး နိုင်ငံအနှံ့ အရေအတွက်များပြားစွာရှိနေသည့် ကာကွယ်ရေးအဖွဲ့များမှာမူ ထိုကိစ္စ ဆိုးရွားစွာကြုံနေရသည်မှာ မှန်ကန်ကြောင်း ဗိုလ်စောမာနယ်စိုးက ပြောသည်။

“လက်နက်တစ်လက်ရရှိဖို့ အဆမတန်ဈေးနှုန်းများနေတာတွေက ခေါင်းပုံဖြတ်တာပါပဲ။ လက်နက်ဆိုတာ တာဝန်ယူမှုရှိရတယ်။ အခု တွေ့နေရတာက ငွေကြေးအပေါ်မှာ အလွဲသုံးစားလုပ်လာကြတာ။ လက်နက်အပေါ်မှာ အလွဲသုံးစားလုပ်လာကြတာ” ဟု ၎င်းက ပြောသည်။

ကယား (ကရင်နီ) ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်သည့် ဒေသခံတော်လှန်ရေးသမားတို့က စစ်ထရပ်ကား ၂ စီးနှင့် သေနတ် ၅ လက်ကို ဇွန်လအတွင်း သိမ်းပိုက်နိုင်ခဲ့သည် (ဓာတ်ပုံ – ပေးပို့)

နိုင်ငံတစ်ဝန်း လက်နက်လိုအပ်ချက်နှင့် NUG

စစ်ကောင်စီနှင့်လည်း ရင်ဆိုင်ရ၊ လက်နက်ပွဲစားတို့၏ လိမ်လည်မှုကို ခံနေရသည့် တော်လှန်ရေးအဖွဲ့များက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဆိုင်ရာ ကူညီပံ့ပိုးမှုကို များစွာ မျှော်လင့်နေကြောင်း ပြောကြသည်။

တစ်နိုင်ငံလုံးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းပေါင်း ၂၅၇၊ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၂၅၀၊ မြို့ပြပြောက်ကျားနှင့် ဒေသအခြေပြုကာကွယ်ရေးအဖွဲ့ ၄၀၀ ကျော်နှင့် ချိတ်ဆက်ပြီးဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD) က မေလတွင် ထုတ်ပြန်သည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်ချိန် မေလအထိ ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၄၄ သန်း သုံးစွဲခဲ့ကာ ၆၃ ရာခိုင်နှုန်းခန့်မှာ လက်နက်၊ ခဲယမ်းနှင့် စစ်ဆင်ရေးအသုံးစရိတ်ဖြစ်သည်ဟု MOD၏ ဇူလိုင်လဆန်း ထုတ်ပြန်ချက်က ဆိုသည်။

လက်ရှိတွင် ကချင်၊ ချင်း၊ ကယား၊ ကရင် ပြည်နယ်များနှင့် စစ်ကိုင်း၊ မကွေးကဲ့သို့သော တိုင်းများတွင် စစ်ကောင်စီက ထိုးစစ် အရှိန်မြင့်နေပြီး ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များ အပြင်းအထန်ခုခံနေရသည်။

ထိုအခြေအနေတွင် NUG က လက်နက်လိုအပ်ချက်ကို အပြည့်အဝ မဖြည့်ဆည်းပေးနိုင်လျှင်ပင် စိတ်ချလက်ချ ဝယ်ယူနိုင်မည့် နည်းလမ်းများ၊ လူပုဂ္ဂိုလ်များကို ဒေသဆိုင်ရာ အဖွဲ့များနှင့် ချိတ်ဆက်ပေးသင့်သည်ဟု PRA-Magway စစ်ရေးတာဝန်ခံက ပြောသည်။

“ဒီလူတွေကတော့ စိတ်ချရတဲ့အဖွဲ့အစည်းက သူတွေဖြစ်ပါတယ်။ လက်နက်ဈေးတွေကတော့ဖြင့် ဘယ်လိုတွေရှိပါတယ်။ ဒီလူတွေ ဒီအဖွဲ့အစည်းတွေကိုတော့ စိတ်ချပြီးဆက်သွယ်လို့ရတယ်ဆိုတာမျိုးကိုတော့ ဦးဆောင်ပြီးလုပ်ပေးသင့်တယ်လို့မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

NUG အတွင်းဝန် ဦးနိုင်ထူးအောင်ကမူ တော်လှန်ရေးကို ဗန်းပြ၍ ကိုယ်ကျိုးရှာမှုများကို ဥပဒေနှင့်အညီ အရေးယူမည်ဟု ပြောသည်။

“လက်နက်ကိစ္စမှာ ပြည်သူတွေရဲ့တော်လှန်ရေးငွေတွေကို ကိုယ်ကျိုးအတွက်သုံးတဲ့ကိစ္စရပ်တွေဟာ လုံးဝကို လက်မခံနိုင်တဲ့ကိစ္စရပ်တွေဖြစ်တယ်။ နိုင်ငံအပေါ်မှာ အကြီးအကျယ်သစ္စာဖောက်ခြင်းဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

လက်နက်လိမ်လည်မှုများကို အရေးယူဆောင်ရွက်သည့် အခြေအနေ၊ တော်လှန်ရေးအဖွဲ့များထံ ထောက်ပံ့မှုအခြေအနေတို့နှင့် ပတ်သက်၍မူ ဦးနိုင်ထူးအောင်က အသေးစိတ်ဖြေဆိုခြင်း မရှိပေ။

သို့သော် မတ်လက ထုတ်ပြန်သည့်  NUG၏ အစီရင်ခံစာတစ်စောင်တွင် စစ်လက်နက်၊ ခဲယမ်းမီးကျောက် လိုအပ်ချက်ကို ပမာဏတစ်ခုအထိ ဖြည့်ဆည်းနိုင်သော်လည်း တော်လှန်ရေးတပ်သားအားလုံးကို လက်နက်တပ်ဆင်ပေးနိုင်ရန် ခက်ခဲနေသေးကြောင်း ပြောထားသည်။

“အတွင်းကနေ ပြည်ပကို မှာပေးသူတွေရှိတယ်။ ရဲဘော်တွေကို အကြွေးပေးတယ်။ တန်ဖိုးကတော့ နှစ်ဆလောက်တင်ထားတယ်။ လိုချင်လို့ ဝယ်ရင်းနဲ့ အကြွေးနစ်နေတဲ့ အဖွဲ့တွေ အများကြီးပဲ” ဟု ကရင်နီဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့ရေး တာဝန်ယူထားသည့် အမျိုးသားက ပြောသည်။

အထွေထွေအရပ်ရပ် အကျပ်အတည်းများကြားမှ အသက်နှင့် ရင်း၍ လက်တွေ့တိုက်ပွဲဝင်နေရ၊ ရပ်ရွာ၊ အိုးအိမ်များ မီးရှို့ခံနေရသည့် တော်လှန်ရေးသမားများ လက်နက်၊ ခဲယမ်းဖြည့်ဆည်းရာတွင် ရင်ဆိုင်နေရသော အခြေအနေကို ၎င်းက အောက်ပါအတိုင်း မှတ်ချက်ပြုသည်။

“အတိုးကြီးကြီးချေးပြီး လယ်စိုက်နေရသလိုပဲ။ သူတို့ (လက်နက်ပွဲစား) ကို လုပ်ကျွေးနေရတယ်”။

(စစ်ရေးစစ်ရာနှင့် သက်ဆိုင်သည့် ထိုဖြစ်စဉ်များ၏ အသေးစိတ်အခြေအနေတို့ကို ထုတ်ဖော်ရေးသားနိုင်ခြင်းမရှိပါ။ * ပြထားသူမှာ နာမည်လွှဲဖြစ်သည်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button