သတင်း

စစ်တပ်နှင့် ဆက်ဆံရေးကောင်းနေသော တရုတ်လက်နက်ကုမ္ပဏီ ကိုယ်စားလှယ်

ရန်ကုန်မြို့တွင် မကြာမီက တည်ဆောက်ပြီးခဲ့သော အထပ်မြင့်အဆောက်အအုံသစ် M Tower ပိုင်ရှင်မှာ တရုတ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ NORINCO ၏ ကိုယ်စားလှယ်ဖြစ်ပြီး မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကောင်းနေသူဖြစ်သည်ဟု Intelligence Online အဖွဲ့က ရေးသားသည်။

မြန်မာစစ်တပ်နှင့် ပတ်သက်သော လုပ်ငန်းများတွင် ဦးရန်ဟိုးက NORINCO (North Industries Group Corporation) ၏ အလွတ်တန်းကိုယ်စားအလှယ်အဖြစ် ဆောင်ရွက်ပေးနေသူဖြစ်သည်ဟု ကမ္ဘာတစ်ဝန်းရှိ ထောက်လှမ်းရေးနှင့် ဆက်စပ်သော အကြောင်းအရာများကို ဖော်ထုတ်ရေးသားနေသော Intelligence Online အဖွဲ့က ယမန်နေ့ (ဇူလိုင် ၂၇) တွင် ရေးသားသည်။

ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီး ရန်ကုန်-ပြည်လမ်းပေါ်တွင် တည်ဆောက်ထားသည့် ၂၇ ထပ်ရှိ M Tower အဆောက်အအုံသည် ရန်ကုန်မြို့ရှိ ဦးရန်ဟိုးပိုင် Mottama Holdings ကုမ္ပဏီ၏ ဆောက်လုပ်ရေးစီမံကိန်းကြီးများအနက် တစ်ခုအပါအဝင်ဖြစ်သည်။

တရုတ်နွယ်ဖွားလုပ်ငန်းရှင် ဦးရန်ဟိုးက Mottama ကုမ္ပဏီတွင် ထောက်လှမ်းရေးနှင့် စစ်တပ်အရာရှိဟောင်းများကို အလုပ်ခန့်ပေးထားပြီး ထိုအဆက်အသွယ်များမှတစ်ဆင့် သံမဏိနှင့် ဆက်စပ်ပစ္စည်းတင်သွင်းသည့် လုပ်ငန်းလည်ပတ်လျက်ရှိသည်။

စစ်တပ်လက်အောက်ရှိ စစ်လက်နက်ပစ္စည်းထုတ်ရေးစက်ရုံ ၂၆ ခုနှင့် ပတ်သက်၍ ဦးရန်ဟိုးနှင့် မြန်မာစစ်တပ်အကြား ခိုင်မာသော ဆက်ဆံရေးရှိပြီး အထူးသဖြင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု ညွှန်ကြားရေးမှူးရုံးနှင့် ပတ်သက်နေသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍတို့တွင် ဦးရန်ဟိုးသည် အဓိကကျသူတစ်ဦးဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူများနှင့် စုဖွဲ့ထားသည့် မြန်မာ့အရေးအကြံပေးကောင်စီ (SAC-M) ၏ ဇန်နဝါရီလအတွင်းက ထုတ်ပြန်သော အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြသည်။

ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူထားသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု ညွှန်ကြားရေးမှူးရုံးနှင့် မည်သို့မျှ ပတ်သက်မှုမရှိကြောင်း Mottama ကုမ္ပဏီက ထုတ်ဖော်ပြောဆိုထားသည်။

ရန်ကုန်-ပြည်လမ်းပေါ်ရှိ ၂၇ ထပ်မြင့် M Tower အဆောက်အအုံကို ဦးရန်ဟိုးပိုင် Mottama Holdings ကုမ္ပဏီက တည်ဆောက်ထားခြင်းဖြစ်သည်။ (ဓာတ်ပုံ – M Tower Management)

မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်း၏ ဒုဥက္ကဋ္ဌဖြစ်သူ ဦးရန်ဟိုးမှာ သဘာဝဓာတ်ငွေ့ရောင်းရငွေများကို ယွမ်ဖြင့် ပေးချေနိုင်ရေး တရုတ်အစိုးရအတွက် ကြိုးပမ်းပေးခဲ့သူဖြစ်ကြောင်း၊ ဧပြီလအတွင်းက ရန်ကုန်မြို့တွင် Bank of China ဒုဥက္ကဋ္ဌနှင့် တရုတ်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးရာ၌ ဦးရန်ဟိုးလည်း ပါဝင်ခဲ့သည်။

ဦးရန်ဟိုး၏ အကျိုးဆောင်ပေးမှုဖြင့် တရုတ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ NORINCO သည် မြန်မာစစ်တပ်အတွက် စင်ကာပူမှတစ်ဆင့် စစ်လက်နက်ပစ္စည်းထုတ်ရေးကုန်ကြမ်းများ တင်ပို့လျက်ရှိသည်။

ထိပ်သီးသံမဏိလုပ်ငန်းရှင်ဟု လူသိများသည့် Mottama ကုမ္ပဏီအုပ်စုပိုင်ရှင် ဦးရန်ဟိုးမှာ တရုတ်-မြန်မာနယ်စပ်တွင် မွေးဖွားခဲ့သူဖြစ်ကာ ၁၉၉၀ ပြည့်နှစ်များက ထိုင်းနှင့် ထိုင်ဝမ်နိုင်ငံတို့တွင် စီးပွားရေးလုပ်ကိုင်ခဲ့သူဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံ ပြန်ရောက်လာပြီးနောက် Asia Metal ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် ၂၀၁၀ ဝန်းကျင်၌ ကုမ္ပဏီအမည်ကို Mottama ဟု ပြောင်းလဲခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့သူ ဦးကျော်ဝင်းမှာ Mottama ကုမ္ပဏီ၌ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်တွင် Mottama ကုမ္ပဏီပိုင် သံမဏိစက်ရုံကြီးရှိပြီး ရန်ကုန်မြို့ရှိ အထင်ကရဆောက်လုပ်ရေးစီမံကိန်းကြီးကိုလည်း ထိုကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိထားသည်။

၂၀၁၈ ခုနှစ်တွင် စင်ကာပူမှ Oxley Group နှင့် တရုတ်နိုင်ငံမှ Sino Great Wall တို့ ပူးပေါင်းပြီး Mottama ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံတန် ရန်ကုန်ဘူတာကြီးဘက်စုံစီမံကိန်းကို လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

ပြည်လမ်းပေါ်ရှိ ခေတ်မီအထပ်မြင့်အဆောက်အအုံ M Tower စီမံကိန်းတွင် ဦးရန်ဟိုး၏ စီးပွားရေးမိတ်ဖက်တစ်ဦးမှာ Mahaland အိမ်ရာဆောက်လုပ်ရေးကုမ္ပဏီကို ဦးစီးနေသူ ဦးတင်မောင်ထွန်းဆိုသူဖြစ်ပြီး မုတ္တမကုမ္ပဏီက ဦးဆောင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်းအသင်းတွင် ဒုဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်နေသူဖြစ်သည်။

ဦးတင်မောင်ထွန်းသည် ယခင်က Grand Yangon အများပိုင်ကုမ္ပဏီတွင် ဒါရိုက်တာအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ Grand Yangon ကုမ္ပဏီနှင့် ရုံးခန်းလိပ်စာတူညီသည့် သံမဏိလုပ်ငန်းရှင်အသင်း၏ ဥက္ကဋ္ဌမှာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု ညွှန်ကြားရေးမှူးရုံး၏ ထိပ်သီးထောက်ပံ့ရေးကုမ္ပဏီဖြစ်သော Suntac ကုမ္ပဏီပိုင်ရှင် ဦးစစ်တိုင်းအောင်ပင်။

M Tower စီမံခန့်ခွဲရေးကုမ္ပဏီမှာ ဗြိတိသျှကုန်သည်ကြီးများအသင်း အဖွဲ့ဝင်ကုမ္ပဏီတစ်ခုဖြစ်နေသည်။ ခေတ်မီအထပ်မြင့်အဆောက်အအုံ စီမံခန့်ခွဲရေးနှင့် ပတ်သက်၍ အိမ်ခြံမြေဆိုင်ရာ အမေရိကန်အကြံပေးကုမ္ပဏီ Jones Lang LaSalle (JLL) ၏ ဗီယက်နမ်ရှိ ကုမ္ပဏီခွဲကို အပ်နှံထားသည်။

၂၀၂၁ အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသော်လည်း Mottama ကုမ္ပဏီအုပ်စုမှာ ပုံမှန်အတိုင်း စီးပွားရေးလုပ်ငန်းများ လည်ပတ်လျက်ရှိသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button