အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီ လက်နက်ပွဲစား၏ ပိုင်ဆိုင်မှု ဒေါ်လာ ၄၇ သန်းကျော်ကို ထိုင်းသိမ်းဆည်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖမ်းဆီးခံလိုက်ရသည့် စစ်ကောင်စီ၏ လက်နက်ပွဲစား ဦးထွန်းမင်းလတ်၏ ပိုင်ဆိုင်မှု ဒေါ်လာ ၄၇ သန်းကျော် (ထိုင်းဘတ် ၁.၈ ဘီလီယံ) ကို ထိုင်းအစိုးရက သိမ်းဆည်းလိုက်သည်။ 

ထိုင်းရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့တို့က စက်တင်ဘာ ၁၇တွင် ဦးထွန်းမင်းလတ်ကို ဖမ်းဆီးပြီးနောက် တစ်လကျော်အကြာတွင် ထိုင်းနိုင်ငံတွင်ရှိသည့် ၎င်းပိုင် ငွေကြေး၊ ဇိမ်ခံပစ္စည်း၊ ဟိုတယ်နှင့် အပန်းဖြေစခန်းတို့ကို သိမ်းလိုက်ကြောင်း Bangkok Post သတင်းဌာနက ယနေ့ (နိုဝင်ဘာ ၃) တွင် ဖော်ပြသည်။ 

ဦးထွန်းမင်းလတ်ကို   ၂၀၁၉ ကတည်းက စောင့်ကြည့်ခဲ့ရာ ထိုအထဲတွင် ဘဏ်မှ ငွေကြေးလွှဲပြောင်းမှုများလည်း ပါဝင်ကြောင်း ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ Nitithorn Jintakanon ကို ကိုးကား၍ Bangkok Post က ရေးသည်။

ဖမ်းဆီးနိုင်ရန် သတင်းပေးသူနှင့် စုံစမ်းစစ်ဆေးမှုတွင်ပါဝင်သည့် ရဲများကို သိမ်းဆည်းရရှိသည့်ပိုင်ဆိုင်မှုမှ ၅ ရာခိုင်နှုန်းနှင့် ၂၅ ရာခိုင်နှုန်းဆုချီးမြှင့်ရန်စီစဉ်နေသည်ဟု ဆိုသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်မိတ်ဖက်ဖြစ်သည့် အသက် ၅၃ နှစ် အရွယ် ဦးထွန်းမင်းလတ်ကို မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုတို့ဖြင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီး အမှုဖွင့်ထားသည်။

ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၁၇ ရက်က ဖမ်းဆီးခံရသည့် လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်။ (ဓာတ်ပုံ – Supplied)

ဦးထွန်းမင်းလတ်၏ စီးပွားရေးမိတ်ဖက်များဟု ယုံကြည်ရသော ထိုင်းနိုင်ငံသားနှစ်ဦးဖြစ်သည့် Pannarong Khunoitak နှင့် Kallayawee Thiraprapawong တို့နှစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်သည်ဟု ထိုင်းတရားရေးဝန်ကြီး Somsak Thepsutin က ပြောကြောင်း  Bangkok Post သတင်းက ဆိုသည်။ ထိုနှစ်ဦးကို ထိုင်းအစိုးရက ဝရမ်းထုတ်ထားသည်။ 

Star Sapphire ကုမ္ပဏီအုပ်စုပိုင်ရှင် ဒေါက်တာထွန်းမင်းလတ်သည် အစ္စရေးနှင့် တရုတ်နိုင်ငံတို့မှ စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းများ ဝယ်ယူတင်သွင်းပေးနေသူဖြစ်ကြောင်း Justice For Myanmar  (JFM)  အဖွဲ့က ယခုနှစ် ဧပြီလအတွင်း ထုတ်ပြန်ထားသည်။

လက်နက်ပွဲစား ထွန်းမင်းလတ်နှင့် စီးပွားဖက်ဖြစ်သော  လက်ရှိထိုင်းလွှတ်တော်အမတ် Upakit Pachriyangkun က ဟိုတယ်လုပ်ငန်း အတူတွဲလုပ်ခြင်းသာဖြစ်ကြောင်း  ဝန်ခံပြောကြားထားသည်။

၎င်းတို့နှစ်ဦးပူးပေါင်း၍ ထိုင်းအစိုးရထံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူကာ Myanmar Allure ကုမ္ပဏီမှတဆင့် နယ်စပ်ရှိ တာချီလိတ်မြို့သို့ ပို့လွှတ်ရောင်းချနေကြောင်း JFM အဖွဲ့ထံမှ သိရသည်။​

ထို့အပြင် ထိုင်းအမတ် Upakit Pachriyangkunသည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေခတ်တွင် ရှမ်း ပြည်နယ် တာချီလိတ်မြို့၌ ကာစီနိုလောင်းကစားရုံ တူထောင်ဖူးကြောင်း၊ ထိုလုပ်ငန်းကို ဦးထွန်းမင်းလတ် ၏ ဖခင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ညွှန်ကြားရေးမှူးချုပ်က ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း JFM က ဆိုထားသည်။ ထိုလုပ်ငန်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် စစ်ထောက်ချုပ်ရုံးက လွှဲယူခဲ့သည်ဟု သိရသည်။

ထိုင်းလွှတ်တော်အမတ် Upakit Pachriyangkun (ဓာတ်ပုံ – Upakit Pachariyangkun Facebook)

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်က တကျော့ပြန် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်ချက်ဖြင့် နိုင်ငံ အနှံ့ အိုးအိမ်ဆုံးရှုံးပျက်စီးမှုများ၊ လူသေဆုံးမှုများ မြင့်တက်နေချိန်တွင် မြန်မာ စစ်တပ်ထံ စီးဝင်နေသည့် ငွေကြေးနှင့် လက်နက်များကို နိုင်ငံတကာက နည်းလမ်းအမျိုးမျိုးဖြင့် ပိတ်ဆို့အရေးယူနေသည်။

မြန်မာနှင့် အိမ်နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံကမူ စစ်တပ်၏ လုပ်ရပ်ကို ရှုံံချခြင်း၊ ထောက်ခံခြင်း လူသိ ရှင်ကြားပြုလုပ်လေ့မရှိပေ။ ထို့အတူ စစ်ကောင်စီရန်ကြောင့် နယ်စပ်ဖြတ်ကျော်၍ ခိုဝင်လာရသူများကိုလည်း အတိုင်းအတာတစ်ခုအထိ ကူညီပေးနေသည်။

ဦးထွန်းမင်းလတ်ကို ဖမ်းဆီးမှုမှာ မူးယစ်ဆေးဝါးကြောင့်ဟု ထိုင်းအစိုးရက ပြောထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button