အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အဖမ်းဆီးခံ မြန်မာလက်နက်ကုန်သည်နှင့် စီးပွားဖက်ဖြစ်ကြောင်း ထိုင်းအမတ်ဝန်ခံ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စက်တင်ဘာ ၁၇ ရက်နေ့က ဖမ်းဆီးခံလိုက်ရသူ လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်နှင့် စီးပွားဖက်ဖြစ်ကြောင်း ထိုင်းလွှတ်တော်အမတ် Upakit Pachriyangkun က ဝန်ခံပြောကြားလိုက်သည်။ 

မူယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှုတို့နှင့် ဆက်စပ်၍ ဒေါက်တာထွန်းမင်းလတ်နှင့် ထိုင်းသုံးဦးကို ဖမ်းဆီးထားကြောင်း၊ ဘတ်သန်း ၂၀၀ ကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုအထောက်အထားများကို ထိန်းသိမ်းထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ယမန့်နေ့က ထုတ်ပြန်ပြီးနောက် ထိုင်းအမတ်က ဟိုတယ်လုပ်ငန်းတွင် စီးပွားရေးမိတ်ဖက်များဖြစ်ကြောင်း ထုတ်ပြောခြင်း ဖြစ်သည်ဟု  ထိုင်းအခြေစိုက် The Nation သတင်းဌာန သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

သို့သော် ဒေါက်တာထွန်းမင်းလတ်သည် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် ပတ်သက်၍ ပါဝင်ခြင်း မရှိဟု ထိုင်းအမတ်က ကာကွယ်ပြောဆိုလိုက်သည့်အပြင် ဖြစ်စဉ်အသေးစိတ်ကို လေ့လာနေကြောင်း၊ စက်တင်ဘာ ၂၃ (မနက်ဖြန်) တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောသည်။ 

ဒေါက်တာထွန်းမင်းလတ်နှင့် ပူးပေါင်းလုပ်ကိုင်သည့် ဟိုတယ်လုပ်ငန်းနှင့် ပတ်သက်၍ ထိုင်းအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို အစီရင်ခံပြီးဖြစ်ကြောင်း၊ ထိုလုပ်ငန်းတွင် ၂၀၁၅ ကတည်းက ပါဝင်ခြင်း မရှိတော့ကြောင်း ၎င်းက ဆိုသည်။ 

ဒေါက်တာထွန်းမင်းလတ်သည် အစ္စရေးလက်နက်ကုမ္ပဏီတစ်ခု၏ ကိုယ်စားလှယ်ဖြစ်ကြောင်း၊ ထိုကုမ္ပဏီ၏ ကိုယ်စားလှယ်အနေဖြင့် မြန်မာစစ်တပ်နှင့် ဆက်ဆံရကြောင်း ၎င်းက ဆက်ပြောသည်။  

လက်နက်လုပ်ငန်းသည် ကိုးကွယ်ယုံကြည့်သည့်ဘာသာနှင့် ဆန့်ကျင်နေသောကြောင့် ၎င်းအနေဖြင့် ပါဝင်ပတ်သက်မှုမရှိဟု ဆိုသည်။ 

Star Sapphire အမည်ရ ကုမ္ပဏီအုပ်စုပိုင်ရှင်ဖြစ်သူ ဒေါက်တာထွန်းမင်းလတ်သည် အစ္စရေးနှင့် တရုတ်နိုင်ငံမှနေ၍ စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းများ ဝယ်ယူတင်သွင်းပေးနေသူဖြစ်ကြောင်း Justice For Myanmar အဖွဲ့က ယခုနှစ် ဧပြီလအတွင်း ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၁၇ ရက်က ဖမ်းဆီးခံရသည့် လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်။ (ဓာတ်ပုံ – Supplied)

လက်နက်ပွဲစား ထွန်းမင်းလတ်သည် လက်ရှိထိုင်းလွှတ်တော်အမတ် Upakit Pachriyangkun နှင့် စီးပွားဖက်များဖြစ်ကြပြီး ထိုင်းအစိုးရထံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူကာ ၎င်းတို့နှစ်ဦး တွဲဖက်လုပ်ကိုင်နေသည့် Myanmar Allure ကုမ္ပဏီမှတစ်ဆင့် နယ်စပ်ရှိ တာချီလိတ်မြို့ပို့လွှတ်ရောင်းချနေကြောင်း Justice For Myanmar (JFM) အဖွဲ့က ဆိုသည်။​

ထို့ပြင် ၎င်းတို့နှစ်ဦးသည် ယခင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က တာချီလိတ်တွင် ကာစီနိုလောင်းကစားရုံ တည်ထောင်ခဲ့ကြောင်း၊ ထိုလုပ်ငန်းကို ထွန်းမင်းလတ်၏ ဖခင်ဖြစ်သူ ဟိုတယ်ခရီးညွှန်ချုပ်က လုပ်ပိုင်ခွင့် ချထားပေးခြင်းဖြစ်ကြောင်း၊​ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ထိုလုပ်ငန်းကို စစ်ထောက်ချုပ်ရုံးထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။​

တနင်္သာရီတိုင်းတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိထားသည့် United Power of Asia (UPA) ကုမ္ပဏီသည်လည်း ထွန်းမင်းလတ်နှင့် ထိုင်းလွှတ်တော်အမတ် တွဲဖက်လုပ်ကိုင်နေခြင်းဖြစ်ကာ ယခုဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသား သုံးဦးအနက် Dean Young Gultula ဆိုသူမှာ Myanmar Allure ကုမ္ပဏီ၏ ဒါရိုက်တာဟောင်းတစ်ဦးဖြစ်သည်။ ထိုသူမှာ ထိုင်းလွှတ်တော်အမတ် Upakit ၏ သားမက်ဖြစ်သည်ဟု ယုံကြည်ရသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button