သတင်း

လက်နက်ကုန်သည် ထွန်းမင်းလတ်နှင့် ထိုင်းသုံးဦးကို ဖမ်းထားကြောင်း ထိုင်းရဲထုတ်ပြန် 

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှုတို့နှင့် ဆက်စပ်၍ မြန်မာနိုင်ငံသားတစ်ဦးနှင့် ထိုင်းနိုင်ငံသား သုံးဦးကို ဖမ်းဆီးထားပြီး ဘတ်သန်း ၂၀၀ ကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုအထောက်အထားများလည်း သိမ်းဆည်းထားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့ (စက်တင်ဘာ ၂၁) ထုတ်ပြန်သည်။

ယခုလ ၁၇ ရက်နေ့ နံနက် ၆ နာရီအချိန်က ဖမ်းဆီးရမိသူများမှာ အသက် ၅၃ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးအပြင် ထိုင်းနိုင်ငံသားများဖြစ်ကြသည့် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ၄၄ နှစ်နှင့် ၅၀ အရွယ် အမျိုးသမီးနှစ်ဦးဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ထိုင်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် အမည်နာမ ဖော်ပြထားခြင်း မရှိသော်လည်း Myanmar Now ၏သတင်းရင်းမြစ်အရ ထိုင်းနိုင်ငံတွင် ယခုလ ၁၇ ရက်က အဖမ်းခံရသည့် မြန်မာနိုင်ငံသားမှာ စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းများ ဝယ်ယူတင်သွင်းပေးနေသူ ဒေါက်တာထွန်းမင်းလတ် ဖြစ်သည်။

မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှုဆိုင်ရာ ပြစ်မှုကြီးများ ကျူးလွန်ထားသည့် မြန်မာနိုင်ငံသားနှင့် ထိုင်းသုံးဦးကို ဖမ်းဆီးရာတွင် ဘတ်ငွေ သန်း ၂၀၀ ကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုကိုလည်း အထောက်အထားအနေဖြင့် သိမ်းဆည်းထားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။ 

ဖမ်းဆီးရမိသူများနှင့် ဆက်စပ်၍ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးခြင်းဆိုင်ရာ ကွင်းဆက်တရားခံများကို ဆက်လက် ရှာဖွေဖော်နေပြီး ထိုင်းနိုင်ငံ ယာယီဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး Prawit Wongsuwan က လည်း နယ်စပ်ဖြတ်ကျော်၍ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းများကို တားဆီးရန် မူဝါဒချမှတ်ထားသည်ဟု ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်နက်ပွဲစားတစ်ဦးလည်းဖြစ်သူ ဒေါက်တာထွန်းမင်းလတ်ကို ဖမ်းဆီးပြီးနောက် ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး၊ ငွေကြေးခဝါချမှုများဖြင့် စွဲချက်တင်ထားသည်ဟု သိရသည်။ 

ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြမထားသော်လည်း လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ် အဖမ်းခံရသည့်အမှုတွင် ၎င်းနှင့်စီးပွားဖက်ဖြစ်သော လက်ရှိထိုင်းလွှတ်တော်အမတ် တစ်ဦးလည်း ပါဝင်ပတ်သက်နေပြီး၊ ထိုလွှတ်တော်အမတ်နှင့် ဆက်စပ်သူများပါ အဖမ်းခံထားရကြောင်း သိရသည်။

လက်နက်ပွဲစား ထွန်းမင်းလတ်သည် လက်ရှိထိုင်းလွှတ်တော်အမတ် Upakit Pachriyangkun နှင့် စီးပွားဖက်များဖြစ်ကြပြီး ထိုင်းအစိုးရထံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူကာ ၎င်းတို့နှစ်ဦး တွဲဖက်လုပ်ကိုင်နေသည့် Myanmar Allure ကုမ္ပဏီမှတဆင့် နယ်စပ်ရှိ တာချီလိတ်မြို့ပို့လွှတ်ရောင်းချနေကြောင်း Justice For Myanmar (JFM) အဖွဲ့က ဆိုသည်။​

ထို့ပြင် ၎င်းတို့နှစ်ဦးသည် နဝတအစိုးရလက်ထက်က တာချီလိတ်တွင် ကာစီနိုလောင်းကစားရုံ တည်ထောင်ခဲ့ကြောင်း၊ ထိုလုပ်ငန်းကို ထွန်းမင်းလတ်၏ ဖခင်ဖြစ်သူ ဟိုတယ်ခရီးညွှန်ချုပ်က လုပ်ပိုင်ခွင့် ချထားပေးခြင်းဖြစ်ကြောင်း၊​ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ထိုလုပ်ငန်းကို စစ်ထောက် ချုပ်ရုံးထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။​

တနင်္သာရီတိုင်းတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိထားသည့် United Power of Asia (UPA) ကုမ္ပဏီသည်လည်း ထွန်းမင်းလတ်နှင့် ထိုင်းလွှတ်တော်မတ် တွဲဖက်လုပ်ကိုင်နေခြင်းဖြစ်ကာ ယခုဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသား သုံးဦးအနက် Dean Young Gultula ဆိုသူမှာ Myanmar Allure ကုမ္ပဏီ၏ ဒါရိုက်တာဟောင်းတစ်ဦးဖြစ်ကာ ထိုင်းလွှတ်တော်အမတ် Upakit ၏ သားမက်ဖြစ်သည်ဟု ယုံကြည်ရသည်။​

“ထွန်းမင်းလတ်နဲ့ အပေါင်းအပါတွေကို ဖမ်းဆီးလိုက်တာ ကြိုဆိုပါတယ်။ လက်ရှိ အဖမ်းခံထားရတဲ့ ရာဇဝတ်မှုတွေအပြင် မြန်မာစစ်တပ်နဲ့ပူးပေါင်းပြီး စီးပွားရေးလုပ်နေတဲ့အပေါ်မှာလည်း တာဝန်ယူရမှာဖြစ်ပြီး ပစ်မှတ်ထား ဒဏ်ခတ်အရေးယူရပါမယ်” ဟု JFM အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။ 

“ထိုင်းလွှတ်တော်အမတ် Upakit ပါဝင်ပတ်သက်နေတဲ့အပေါ် ထပ်မံစစ်ဆေးဖို့ ထိုင်းအာဏာပိုင်တွေကို တောင်းဆိုပါတယ်။ သူ့အနေနဲ့ တာဝန်ယူမှု ရှိစေရေး သေချာဖို့ ထိုင်းပါလီမန်အမတ်တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ဖိအားပေးဖို့လည်း တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆက်ပြောသည်။​

ထွန်းမင်းလတ်နှင့် စီးပွားရေးတွဲဖက်လုပ်ကိုင်နေသည့် Myanmar Allure Group ကုမ္ပဏီမှာ မြန်မာနိုင်ငံတွင်လည်း မှတ်ပုံတင်ထားပြီး၊ ကုမ္ပဏီ၏ဒါရိုက်တာစာရင်းတွင် လက်ရှိထိုင်းလွှတ်တော်အမတ် Upakit Pachriyangkun အမည် ပါဝင်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းတွင် တွေ့ရသည်။ 

ဒေါက်တာထွန်းမင်းလတ်သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချရာမှ ရရှိငွေများကို တာချီလိတ်မြို့ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှတစ်ဆင့် ငွေကြေးခဝါချရန် ကြိုးပမ်းနေသည်ဟု ထိုင်းနိုင်ငံရှိ Myanmar Now ၏ သတင်းရင်းမြစ်က ဆိုသည်။

မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားအဖြစ် လုပ်ကိုင်ပေးနေသူများအနက် တစ်ဦးအပါအဝင်ဖြစ်သည့် ဒေါက်တာထွန်းမင်းလတ်သည် Star Sapphire အမည်ရ ကုမ္ပဏီအုပ်စုပိုင်ရှင်ဖြစ်ကာ အစ္စရေးနှင့် တရုတ်နိုင်ငံမှနေ၍ စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းများ ဝယ်ယူတင်သွင်းပေးနေသူဖြစ် ကြောင်း JFM အဖွဲ့က ယခုနှစ် ဧပြီလအတွင်း ထုတ်ပြန်ထားသည်။

ဒေါက်တာထွန်းမင်းလတ်သည် အာဏာသိမ်းခေါင်းဆောင် မိသားစုနှင့် ပတ်သက်ဆက်နွှယ်နေပြီး စစ်တပ်၏ လက်နက်အရောင်းအဝယ်၊ စီးပွားရေးလုပ်ငန်းများတွင် ကြားပွဲစားအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ လွှတ်တော်အမတ်တစ်ဦးနှင့် စီးပွားဖက်များဖြစ်ကြောင်းလည်း သိရသည်။​

၎င်းပိုင် Star Sapphire ကုမ္ပဏီသည် ၂၀၀၁ ခုနှစ်ကတည်းက သတ္တုတူးဖော်ရေးလုပ်ငန်းများကို စစ်တပ်နှင့် အကျိုးတူလုပ်ကိုင်ခဲ့ကြောင်း၊ မင်းအောင်လှိုင်၏ သားသမီးတစ်ဦးဖြစ်သည့် ခင်သီရီသက်မွန် ပါဝင်ပတ်သက်နေကြောင်းလည်း စစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က ဆိုသည်။​

ထို့ပြင် ဒေါက်တာထွန်းမင်းလတ်၏ဖခင်မှာ ဗိုလ်မှူးကြီးခင်မောင်လတ်ဖြစ်ပြီး ၎င်းသည် စစ်တပ်ပိုင် အဓိကစီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်မှ ဒါရိုက်တာဟောင်းတစ်ဦးလည်းဖြစ်သည်ဟု သိရသည်။​

လက်နက်ပွဲစား ထွန်းမင်းလတ်၏ ဇနီးဖြစ်သူမှာ ဒေါက်တာ ဝင်းမင်းမိုးဖြစ်ပြီး ဉာဏ်မင်းလတ်နှင့် ရှိန်းမင်းလတ်ဆိုသည့် သားနှစ်ဦးရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသော်လည်း သီးခြားအတည် မပြုနိုင်သေးပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button