အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လက်နက်ပွဲစားတစ်ဦးကို ရန်ကုန်မြို့လယ်တွင် ပစ်သတ်ခဲ့ဟု တော်လှန်ရေးအဖွဲ့ပြော

အာဏာသိမ်းစစ်တပ်အတွက် စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူပေးနေသည့် စီးပွားရေးသမားတစ်ဦးကို ပစ်သတ်ခဲ့သည်ဟု ရန်ကုန်အခြေစိုက် Urban Owls အမည်ရ မြို့ပြတော်လှန်ရေးအဖွဲ့က ထုတ်ပြန်သည်။

လက်နက်ပွဲစား ဦးဉာဏ်လွင်အောင်ကို ရန်ကုန်မြို့လယ် လသာမြို့နယ် ၁၇ လမ်းအနီး၊ လသာရဲစခန်းနှင့် လမ်းမတော်ရဲစခန်းကြားတွင် ယမန်နေ့ (အောက်တိုဘာ ၂) ည ၁၀ ဝန်းကျင်က သေနတ်ဖြင့်ပစ်ခတ် ရှင်းလင်းခဲ့သည်ဟု Urban Owls ပြောခွင့်ရသူက ဆိုသည်။ လုံခြုံရေးအခြေအနေအရ အသေးစိတ်ကို ၎င်းက ထုတ်မပြောပေ။

“ကျွန်တော်တို့ ကာလကြာရှည် စုံစမ်းထောက်လှမ်းအတည်ပြုပြီးမှ ဒီမစ်ရှင် (စစ်ဆင်ရေး) ကို အကောင်ထည်ဖော်ခဲ့ကြတာပါ။ စစ်တပ်ကို အကျိုးပြုနေတဲ့ စစ်တပ်နဲ့ ပေါင်းပြီး ပြည်သူကို ဖိနင်း စီးပွားရှာမယ့် ခရိုနီလက်သစ်တွေအတွက် ပထမဆုံး သင်ခန်းစာဖြစ်ပါမယ်”။

“ပေးချင်တဲ့သတင်းစကားက ခင်ဗျားတို့ အားကိုးတဲ့စစ်တပ်ကိုတောင် ပြည်သူတွေက မရှိရှိတာ ပုံအောပြီး တိုက်နေကြတာ ခင်ဗျားတို့ ကျွန်တော်တို့လက်က ဘယ်တော့မှ ပြေးမလွတ်စေရဘူး” ဟု Urban Owls ပြောခွင့်ရသူက ဆိုသည်။

ဦးဉာဏ်လွင်အောင်သည် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနအတွက် အဆင်မြင့်နည်းပညာသုံး မျက်နှာပုံရိပ်ဖတ်စနစ်ပါဝင်သည့် CCTVများကို တင်သွင်း၊ တပ်ဆင်ပေးသူဖြစ်သည့်အပြင် ကာကွယ်ရေးဝန်ကြီးဌာနအတွက်လည်း စစ်ရေးဆိုင်ရာပစ္စည်းများကို အမည်ခံ၍ ဝယ်ယူကာ တင်သွင်းပေးနေသည့် ပွဲစားတစ်ဦးဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့က ပြောသည်။

လက်နက်ပွဲစားဟု စွပ်စွဲခံရပြီး အောက်တိုဘာ ၂ရက်က ရန်ကုန်မြို့လယ်တွင် သေနတ်ဖြင့်ပစ်သတ်ခံရသူ ဦးဉာဏ်လွင်အောင်

၎င်းမှာ North Gate Engineering and Technology ကုမ္ပဏီနှင့် WELL & FAIR COMPANY LIMITED အမည်ရ ခရီးသွားကုမ္ပဏီတည်ထောင်ထားကြောင်း၊ စစ်ဗိုလ်ချုပ်များ၏ ရုရှားခရီးစဉ်များတွင်လည်း လိုက်ပါလေ့ရှိသူတစ်ဦးဖြစ်ကြောင်း Urban Owls အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ကုမ္ပဏီနှစ်ခုအနက် North Gate Engineering and Technology ကို မြန်မာနိုင်ငံအပြင် ထိုင်း၊ တရုတ်၊ ရုရှားနှင့် အာရပ်စောဘွားများနိုင်ငံ UAE တို့တွင်လည်း လုပ်ငန်းခွဲများ ဖွင့်လှစ်ထားသည်ဟု ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းများအရ အဆိုပါကုမ္ပဏီနှစ်ခုလုံးမှာ ၂၀၁၈ ခုနှစ်လယ်ပိုင်းတွင် တည်ထောင်ထားခြင်းဖြစ်သည်။ North Gate ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များမှာ ညိုထွန်းအောင်၊ ဉာဏ်လွင်အောင်နှင့် လဲ့လဲ့ခိုင်ဆိုသူတို့ဖြစ်သည်။

Urban Owls ကမူ အဖွဲ့ Facebook တွင် ဦးဉာဏ်လွင်အောင်သည် စစ်ကောင်စီအတွက် လက်နက်ရရာ လမ်းကြောင်းဖြစ်သည့် ရုရှားနိုင်ငံသို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သွားသည့် ၂၀၂၂ စက်တင်ဘာ ခရီးစဉ်တွင် လိုက်ပါသွားပြီး ရှရှားကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတချို့နှင့် တွေ့ခဲ့သည်ဟု ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

ထိုခရီးစဉ်တွင် ယူကရိန်းကို ကျူးကျော်စစ်ပြု၍ ကမ္ဘာ့နိုင်ငံများ၏ ဖယ်ကြဉ်မှုနှင့် ရင်ဆိုင်နေရသည့် ရုရှားသမ္မတ ပူတင်ကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကမ္ဘာ့ခေါင်းဆောင်ကြီးဟု မျက်နှာလိုမျက်နှာရ ပြောခဲ့သည်။

“ဒီကောင် (ဉာဏ်လွင်အောင်) က စစ်တပ်အာဏာသိမ်းတာကို ပေါ်ပေါ်တင်တင်ထောက်ခံတဲ့ လုပ်ငန်းရှင်တွေထဲက တစ်ယောက်ပဲ။ လူမှုကွန်ရက်မှာလဲ တော်လှန်ရေးအဖွဲ့တွေကို စကစ (စစ်ကောင်စီ) အလိုကျ အကြမ်းဖက်လို့ အမြဲသုံးစွဲသလို သူ့ကုမ္ပဏီက ဝန်ထမ်းတွေကို စစ်တပ်မှာ ရွတ်ရတဲ့ သစ္စာအဓိဋ္ဌာန်ကိုပါ နေတိုင်း ရွတ်ခိုင်းတဲ့ကောင်။ အနေအထိုင် သိုသိပ်တာရယ်၊ နာမည်မထွက်အောင် နေတတ်တာရယ်ကြောင့် ဒီကောင်က လွတ်နေတာ” ဟု Urban Owls ပြောခွင့်ရသူက ဆိုသည်။

ဦးဉာဏ်လွင်အောင် အသုံးပြုသည်ဆိုသော “Mikel Van De Jong” Facebook တွင် ရေးသားချက် တစ်ခု။ ဓာတ်ပုံ – Urban Owls

Urban Owls က ပေးပို့သည့် ဦးဉာဏ်လွင်အောင် အသုံးပြုသည်ဆိုသော Mikel Van De Jong အကောင့်မှ မှတ်တမ်းတချို့တွင်မူ ရုရှားထုတ်တိုက်လေယာဉ် မြန်မာစစ်တပ်က ရရှိမှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ရေးသားချက်၊ စစ်သားများရွတ်ဆိုရသည့် နိုင်ငံတော်၊ နိုင်ငံသား၊ တပ်မတော်အတွက် အသက်စွန့်လွှတ်မည်ဆိုသော အဓိဋ္ဌာန်ချက်များ ရေးသားထားသည်ကို တွေ့ရသည်။

အထက်ပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။ ရန်ကုန်မြို့ရှိ Northgate Engineering and Technology ကုမ္ပဏီရုံးချုပ်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ လက်ခံဖြေဆိုသူတစ်ဦးက မသိကြောင်း၊ ဖုန်းမှားနေကြောင်း တုံ့ပြန်နေသည်။ WELL & FAIR COMPANY ကမူ ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။ Myanmar Nowက ဖုန်းဖြင့် ဆက်သွယ်ပြီး မိနစ်ပိုင်းအကြာတွင် ထိုကုမ္ပဏီနှစ်ခု၏ Facebook စာမျက်နှာများ ဖျက်သိမ်းသွားကြောင်း တွေ့ရသည်။

Urban Owls ကမူ အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်နေသော လူငယ်လုပ်ငန်းရှင်များကို စာရင်းစုဆောင်းထားပြီးအခွင့်အခါသင့်သလို အရေးယူသွားမည်ဟု ကြိမ်းဝါးထားသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်၊ ဖမ်းဆီးသွားပြီးနောက် သေဆုံးသွားကာ အလောင်းပင် ပြန်မပေးသည့် ဖြစ်စဉ်များပင် ပေါ်ပေါက်နေသည်။ ထိုအခြေအနေတွင် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ ပေါ်ပေါက်လာသည်။

တော်လှန်ရေးအဖွဲ့များ၏ ပစ်မှတ်များထဲတွင် စစ်ကောင်စီ ဘက်တော်သားများလည်း ပါဝင်နေသည်။ ရန်ကုန်မြို့ပေါ်၌ပင် တပ်ပိုင်ကုမ္ပဏီများ၏ အကြီးအကဲ ဗိုလ်မှူးဟောင်း၊ Mytel ဆက်သွယ်ရေးကုမ္ပဏီ ဘဏ္ဍာရေးမှူးချုပ် ဦးသိန်းအောင်၊ ရန်ကုန်လေဆိပ်အရာရှိ ဗိုလ်မှူးဟောင်း ဦးရဲခိုင်၊ စစ်ဗိုလ်ချုပ်များ၏ ဥပဒေအကြံပေးဟု စွပ်စွဲခံရသူ ဦးမင်းတေဇာညွန့်တင်တို့ ပစ်သတ်ခံရမှုတို့မှာ ထင်ရှားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button