ယမန်နေ့ (အောက်တိုဘာ ၂၃) တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် မြို့ပြပြောက်ကျားအဖွဲ့ဝင် အမျိုးသမီးတစ်ဦး မိုင်းမတော်တဆပေါက်ကွဲပြီးနောက် ဖမ်းဆီးခံရသည်ဟု ကာကွယ်ရေးအဖွဲ့သတင်းရင်းမြစ်များက ပြောကြသည်။
ဖမ်းဆီးခံရသူမှာ အသက် ၃၁ နှစ်ခန့်အရွယ် မပပထွန်း ဖြစ်ပြီး ယင်းနေ့ နံနက်က ၎င်းနှင့် အဖွဲ့ဝင် အမျိုးသားတစ်ဦးတို့သည် စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်ရန် လာရောက်စဉ် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီးဝန်းကျင်အရောက် သယ်ဆောင်လာသောမိုင်းများ လက်ထဲတွင် မတော်တဆပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု တော်လှန်ရေးသမားတစ်ဦးက ပြောသည်။
“မစ်ရှင်ကို နှစ်ယောက်သွားတာလို့ သိရတယ်။ ပစ်မှတ်က ဘာလဲဆိုတော့ တိတိကျကျ မသိရဘူး။ သယ်သွားနေတုန်းမှာပဲ ပေါက်ကွဲသွားတာ” ဟု ရွှေဘိုမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
အတူပါလာသူ အဖွဲ့ဝင်အမျိုးသားမှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ စစ်ကောင်စီလက်နက်ကိုင်များ အလျင်အမြန် ရောက်ရှိလာကြကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွှေဘိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက တရားဝင် ထုတ်ပြန်ပြောဆိုကြခြင်း မရှိသေးပေ။
စစ်ကောင်စီ၏ အွန်လိုင်းဝါဒဖြန့်စာမျက်နှာများတွင် ရွှေဘိုဆေးရုံသို့ ဗုံးလာခွဲသည့် PDF အဖွဲ့ဝင်ဖြစ်ကြောင်း ရေးသားနေကြသည်၊ ပူးတွဲဖော်ပြထားကြသည့် ဓာတ်ပုံများတွင်မူ ဘယ်ဘက်လက် လက်ကောက်ဝတ်နေရာမှ ပြတ်တောက်သွားသည်ဟု ယူဆရသည့် အမျိုးသမီးတစ်ဦးကို တွေ့ရသည်။ ညာဘက်လက်ချောင်းများလည်း ပြတ်တောက်နေပုံရသည်။
ခန္ဓာကိုယ်တွင်ပါ ဒဏ်ရာရရှိထားပုံပေါ်သည့် အဆိုပါ အမျိုးသမီးအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရသည်။
ရွှေဘိုအနီးဝန်းကျင်တွင် ဒေသကာကွယ်ရေးအဖွဲ့များ အားကောင်းသလို မြို့ပေါ်တွင်လည်း စစ်ကောင်စီက အခိုင်အမာနေရာယူထားသည်။
အောက်တိုဘာ ၂၂ ရက်နေ့ကလည်း ရဲတစ်ဦးကို မြို့ပေါ်တွင် PDF က အနီးကပ်ပစ်သတ်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)